ရေကြီးခဲ့မှုကြောင့် မွန်ပြည်နယ်တွင် ဆားကြမ်း ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် ဆားကြမ်းများ ပျက်စီးခဲ့ပြီး လက်ကျန်ဆားကြမ်း နည်းသွားသည့်အတွက် ဆားကြမ်းဈေး တစ်ပိဿာ ကျပ် ၂၅၀ ထိ မြင့်တက်သွားသည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှုကြောင့် သိုလှောင် ဆားကြမ်း ပျက်စီးဆုံးရှုံးမှု ရှိခဲ့ခြင်း ကြောင့် လက်ကျန်ဆားကြမ်းနည်းပါးသွားသည့်အတွက် ဆားကြမ်းဈေး မြင့်တက်သွားခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းထိန်က ပြောသည်။

“အခု ဆားကြမ်းဈေးက တစ်ပိဿာ၂၅၀ ကျပ် ရှိတယ်၊ ဈေးတက်သွားတယ် ပုံမှန်ဆိုရင်တော့ ၂၀၀ ကျော်စရာ အကြောင်းမရှိဘူး အခုကတော့ အကြီးစား ဆားပျက်သွားတော့ ဆားတောင်သူတွေရဲ့ လက်ထဲမှာလည်း ဆားသိပ် မရှိဘူး” ဟု ဦးဝင်းထိန်က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်တစ်ခုလုံး၌ လက်ကျန်ဆားကြမ်း ခန့်မှန်း တန်ချိန် ၄၅၀၀ (ပိဿာချိန် ရှိသည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဌက ပြောသည်။

လက်ကျန် ဆားကြမ်းပမာဏသည် မွန်ပြည်နယ်အတွက် စားသုံးရန် လုံလောက်မှုရှိသော်လည်း လုပ်ငန်းသုံး အတွက် လိုအပ်နေကြောင်း လုပ်ငန်းအတွက် လိုအပ်သည့် ဆားများကို လုပ်ငန်းဦးရေ အရေအတွက်ပေါ်မူ တည်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်မှ တင်သွင်းရန်ရှိသည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ကျန်ဆား နည်းပါးနေသည့်အနေအထားအရ ဆားဈေးဆက်တက်ရန်ရှိကြောင်း၊ ဆားကြမ်းအသစ်မ ထွက်ခင် (ဇန်နဝါရီလ) ထိ ဆားဈေးဆက်တက်ဖွယ်ရှိဦးမည်ဟု ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းနေကြသည်။

သို့သော်လည်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့်အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေး လုပ် ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက မွန်ပြည်နယ်မှ ဆားပျက်စီးမှုရှိသော်လည်း အခြားတိုင်းနှင့် ပြည်နယ်တို့မှ လက်ကျန်ဆားများရှိနေသေးသည့်အတွက် ဆားဈေး အလွန်အကျွံ မတက်နိုင်ဘူးဟု ပြောသည်။

မွန်ပြည်နယ် ဆားဈေးကွက်တွင် ပုံမှန်အားဖြင့် ဆားကြမ်း တစ်ပိဿာဈေး ၂၀၀ ကျပ်အောက်သာ ရှိပြီး ရေကြီးနစ်မြုပ်မှုကြောင့် ဆားကြမ်းပျက်စီးဆုံးရှုံးမှုရှိသည့်အတွက် ယမန်နှစ်က ဆားကြမ်း တစ်ပိဿာ ၂၃၀ ကျပ်ထိ အမြင့်ဆုံး ဈေးတက်ခဲ့ဖူးပြီး ယခုနှစ်မှာတော့ တစ်ပိဿာ ကျပ် ၂၅၀ ထိ မြင့်တက်သွားသည်။

သြဂုတ်လ ပထမအပတ်အတွင်း သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ်အတွင်း ဆားကြမ်းအများဆုံး ထုတ်လုပ်သည့် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ၊ ကရုပ္ပိကျေးရွာနှင့် မော်လမြိုင်မြို့တို့မှ ဆားကြမ်း သိုလှောင်ဂို ထောင် ၆၀ လုံးတို့မှ ဆားကြမ်း ပိဿာချိန် ၄၇ သိန်းကျော်နှင့် ဆားချောပိဿာချိန် တစ်သောင်းခန့် ပျက်စီးဆုံး ရှုံးပြီး ယမန်နှစ်ကထက် ပျက်စီးဆုံးရှုံးမှု နှစ်ဆခန့်ရှိသည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာ တုဗေဒပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာဒေသဖြစ်သည်