NCA ထိုးအဖွဲ့များနှင့် အစိုးရ ကိုယ်စားလှယ်တို့ ရန်ကုန်တွင် တွေ့ဆုံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

ရပ်တံ့နေသည့် တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် စတင်နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် အဖွဲ့များနှင့် အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ စက်တင်ဘာလ ဒုတိယအပတ်တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးကြမည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသော ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “နိုင်ငံရေး ဆွေးနွေးတဲ့ လုပ်ငန်းအဖွဲ့က သူတို့ ၉၊ ၁၀၊ ၁၁ လောက်မှာ တွေ့မယ်ထင်တယ်။ KNU က ၇ ရက်နေ့ တွေ့ မယ်ဆိုတော့ ကျနော်တို့ရဲ့ အလုပ်အဖွဲ့က နည်းနည် နောက်ကျတယ်။ တရားဝင်ဆွေးနွေးပွဲ ဖြစ်ချင်တဲ့ အ တွက် ဒီအလွတ်သဘော အရင်တွေ့တာပဲ ဒါပြီးရင် တရားဝင်တွေ့မှာ” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် ပြုလုပ်မည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့မှ ကိုယ်စားလှယ်များက သွားရောက်တွေ့ဆုံမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းအဖွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းက ဦးဆောင်မည်ဟု PPST ပြောရေးဆိုခွင့်ရှိသူများက သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးအပြီး တွင် သတင်းထောက်များအား ပြောဆိုထားသည်။

တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ “နိုင်ငံရေးဆွေးနွေးဖို့အတွက် အစိုးရ အဆိုပြုထားတဲ့ way forward (ရှေ့ဆက်ရန်နည်းလမ်း) ၄ ချက်ရယ်၊ ကျနော်တို့က ပြန်သဘော ားရယ် လမ်းပွင့်သွားနိုင်ဖို့ပေါ့ ပိတ်ဆို့နေတာတွေ ကျော်ပြီးတော့ လမ်းပွင့်သွားနိုင်ဖို့အတွက် ဆွေးနွေးတာ အလားအလာလည်း ကောင်းပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

အစိုးရဖက်မှ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကို တော်လှန်ရေး အဖွဲ့အစည်းများထံ အဆိုပြုတင် ပြဆွေးနွေးလာသည့် အချက် ၄ ချက်မှာ NCA အကောင်အထည်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူရေးဆွဲရေး ကိစ္စရပ်များနှင့် NCA ထိုးပြီးနောက်ပိုင်း ကြားကာလဆိုင်ရာ ကိစ္စရပ်တို့ ဖြစ်သည်။

ထိုအချက် ၄ ချက်ကို အပစ်ရပ်အဖွဲ့များ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် ရည်ရွယ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြိုတွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့တို့ တွေ့ဆုံခဲ့ကြရာ ၎င်းအချက် ၄ ချက်ကို ထည့်သွင်းဆွေေးနွးခဲ့ကြသည်။

အစိုးရက အဆိုပြုလာသည့် အချက် ၄ ချက်ကို သြဂုတ်လတွင် ပြုလုပ်သည့် PPST အစည်းအဝေးတွင် အပစ်ရပ်အဖွဲ့များက ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ၎င်းတို့ဖက်မှလည်း အစိုးရအား ပြန်လည်အဆိုပြု ဆွေးနွေးမည့် အချက်များလည်း ရှိသည်ဟုဆိုသည်။

“ကျနော်တို့ အဲဒီအဆိုပြုချက်တွေနဲ့ ပတ်သက်လု့ိ ကျနော်တို့ဖက်ကလည်း ပရိုပိုဇယ် (အဆိုပြုချက်) တွေရှိတယ်လေ ဆိုတော့ ကျနော်တို့ ပရိုပိုဇယ်ကတော့ ၂၀၂၀ မတိုင်ခင်ဘာရသင့်သလဲ ၂၀၂၀ အလွန်မှာ ကျနော်တို့ ဘယ်လိုဆက်သွားသင့်သလဲ ဘယ်လိုဒီအခြေခံတွေပေါ်မှာ သဘောတူညီမှုကို ဘယ်လိုရယူကြမလဲဆိုတဲ့ဆိုတဲ့ အပိုင်းတွေကတော့ ကျနော်တို့ရဲ့ အဆိုပြုလွှာထဲမှာ ပါမှာပေါ့နော။ အဲဒါကိုကျနော်တို့ သွားဆွေးနွေးကြမှာပေါ့။” ဟု သြဂုတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် PPST အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူး က သတင်းထောက်များအား ပြောဆိုထားသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။