အကျဉ်းဦးစီး ကျောက်မိုင်းများကြောင့် အရပ်သားများ ထိခိုက်မည်ကို စိုးရိမ်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်အကျဉ်းဦးစီးဌာန ကျောက်ထုတ်စခန်းမှ ကျောက်မိုင်းခွဲရာတွင် ကျောက်စမှန်ပြီး ဒေသခံလူထုအပေါ် ထိခိုက်ဒဏ်ရာရရှိစေသည့်အတွက် အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်ရသည့် အနေအထားမျိုး ရှိနေသည်ဟု ပေါင်မြို့နယ်မှ တာဝန်ရှိသူများက ပြောသည်။

အကျဉ်းကျောက်ထုတ်စခန်းမှ ကျောက်မိုင်းများ မိုင်းခွဲရာတွင် ကျောက်ထုံးများ လွင့်စင်ပြီး လူနေအိမ်ပေါ် ကျရောက်နေသည့်အပြင် ကျောက်စမှန်ပြီး အနီးရှိလူ ထိခိုက်ဒဏ်ရာရရှိနေသည့်အပေါ် မည်ကဲ့သို့ အရေး ယူ ဆောင်ရွက်သွားမည်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးဇော်ဇော်ထူးက မေးခွန်းမေးမြန်းခဲ့သည်။

“ဒေသခံတွေက သူတို့ပတ်ဝန်းကျင်မှာ ကျောက်တွေအမြဲကျနေတယ်။ သူတို့အတွက် အသက်အိုးအိမ်မလုံခြုံဘူး လို့ ခံစားနေရတယ်ဆိုပြီး ကျနော့်ကို တင်ပြလာတယ်၊ တစ်လထဲမှာ ၂ ကြိမ်လောက် လူထိသွားတဲ့ အဖြစ်မျိုးတွေ လည်းရှိတယ်။ ဒါက လူ့အသက်အန္တရာယ်လည်း ထိခိုက်နိုင်တယ်။ ဒါကြောင့်မို့ ဒီမေးခွန်းကို မေးဖြစ်တယ်” ဟု ဦးဇော်ဇော်ထူးက ပြောသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းမှာဆိုလျှင် ကျောက်မိုင်းခွဲရာမှ ကျောက်စမှန်ပြီး လူသေးဆုံးသည်အထိ ရှိခဲ့သည်ဟု လည်း ၎င်းက ဆက်ပြောသည်။

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ထားသည့် မှတ်တမ်း မှတ်ရာများ မတွေ့ရဘူးဟု လည်း ဦးဇော်ဇော်ထူးက ပြောသည်။

ဇင်းကျိုက်အကျဉ်းဦးစီးဌာန ကျောက်ထုတ်စခန်းတွင် ကျောက်မိုင်းကို အန္တရာယ်ကင်းသည့်အချိန်တွင်သာ မိုင်းခွဲနေကြောင်း၊ မိုင်းခွဲရာတွင်လည်း အန္တရာယ်ဇုံအဖြစ် သတ်မှတ်ပြီး မည်သူမျှ ဖြတ်သန်းသွားလာခြင်း မပြုနိုင်ရန်အတွက် အန္တရာယ်ပြ အလံနီကို မြင်သာစွာ စိုက်ထူခြင်း၊ ကျောက်စများ လွင့်စင်နိုင်သည့် လူနေရပ် ကွက်များ နေအိမ်များကို မိုင်းခွဲသည့်အကြောင်း အသိပေးခြင်း၊ ကျောက်စများ လွင့်စင်မကျရောက်စေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ကျောက်မိုင်းခွဲရာမှ နေအိမ်ပေါ် ကျောက်စများ လွင့်စင်ကျရောက်မှုရှိနေသည့်အတွက် မိုင်းခွဲခြင်းကို စနစ်ပြောင်းပြီး လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဗိုလ်မှူးကြီးနေထွဋ်ဦး က ပြောသည်။

“နောက်ပိုင်း ဒီလိုမျိုး မဖြစ်အောင် ကြပ်မတ်ဆောင်ရွက်သွားပြီးတော့မှ အနီးဆုံးရှိတဲ့ ပြည်သူလူထုနဲ့ ညှိနှိုင်း တိုင်ပင်ပြီးတော့မှ အတက်နိုင်ဆုံး အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးသွားပါ့မယ်။ ဒီလိုဆောင်ရွက်ပြီး နောက်ပိုင်း ဖြစ်လာတဲ့ပြဿနာရှိခဲ့ရင် ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ပေး သွားမယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ကျောက်မိုင်းခွဲရာမှ ကျောက်တုံးကျောက်ခဲများ လွှင့်စင်မှုကြောင့် လူ၊ နေအိမ် ထိခိုက်မှုရှိခြင်း ကျောက်မိုင်းခွဲ သံများကြောင့် ဒေသခံလူထုများ အထိတ်အလန့်ဖြစ်စေမှုများရှိနေသည့်အပြင် ကျောက်မိုင်းလုပ်ငန်းများ ကြောင့် ဒေသအတွင်း ရေအရင်းအမြစ်၊ သစ်တော၊ လယ်ယာမြေပျက်စီးဆုံးရှုံးခြင်း အစရှိသည့် သဘာဝပတ် ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိသည်ဟု လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက် (ပေါင်မြို့)- NSDP က ပြောထားသည်။

ပေါင်မြို့နယ်တွင် ကုလားမတောင်တန်း (ဇင်းကျိုက်တောင်) တစ်လျှောက်တွင် လမ်းခင်းကျောက် ထုတ်လုပ် နေသည့် လုပ်ငန်း ၂၀ ကျော်ရှိနေပြီး မွန်ပြည်နယ်တစ်ခုလုံးတွင် ပေါင်မြို့နယ်သည် လမ်းခင်းကျောက် အများဆုံး ထုတ်လုပ်နေသည့်နေရာ ဖြစ်သည်။