ယခုနှစ်အတွင်း တပ်မတော်နှင့် TNLA တိုက်ပွဲ ၁၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်း TNLA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုလာလ ၅ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မ တော် PSLF/TNLA တို့ကြား ယခုနှစ် ပြီးခဲ့သည့် ၉ လ အတွင်း တိုက်ပွဲ အကြိမ်ရေ ၁၃၀ ကျော် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ဒီဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကတော့ တိုက်ပွဲကြိမ်ရေ ၁၃၀ ကျော် ရှိတယ်” ဟုပြောသည်။

၉ လအတွင်း တိုက်ပွဲ အကြိမ်ရေ ၁၃၀ ကျော်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း အများဆုံး မြို့နယ်မှာ ကွတ်ခိုင် မြို့နယ် ဖြစ်သည်ဟု PSLF/TNLA က ပြောသည်။

“တိုက်ပွဲအဖြစ်ဆုံး မြို့နယ် ပြောမယ်ဆိုရင် တော့ ဒီကွတ်ခိုင်မြို့နယ် အများဆုံးဖြစ်တယ်၊ ဒါပေမယ့် ကျောက်မဲ ၊ နမ့်ဆန် ၊ မန်တုံ ၊ နမ္မတူ ဒီဘက် လားရှိုး ၊နမ့်ခမ်း မူဆယ်နားမှာတွေလည်း ဖြစ်တာပေါ့နော၊ ဒီအများဆုံးဖြစ် တာကျတော့ ကွတ်ခိုင်မြို့နယ်ထဲမှာဖြစ်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/ TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA တို့က ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ် Bilateral Ceasefire Agreement ကို သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး လုပ်ငန်းများကို လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချနိုင်ရန် အလို့ဌာ တစ်ဖက်သတ် အပစ်ရပ် ဆိုင်းခြင်းအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အပစ်ရပ်စဲထားသည်။

အဆိုပါကြေငြာချက် ထုတ်ပြန်သည့် နောက်ပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှု ရှိသော်လည်း လက်ရှိတွင် တိုက်ပွဲများ ရပ်တန့်နေသည်ဟု PSLF/TNLA က ပြောသည်။

“အဓိကကျတော့ လျော့နည်းတယ်ဆိုတာက ကျနော် ကြေငြာတယ် ကြေငြာပြီးတဲ့နောက်ပိုင်းမှာတော့ တိုက်ပွဲ တွေ လေးငါးခြောက်ကြိမ် ပြန်ဖြစ်တာ ဖြစ်တဲ့ဟာလည်း ကျနော်တို့ ရှိတဲ့နေရာကို တပ်ကလာတိုက်တော့ ဖြစ်ပွား တာပေါ့နော၊ အခုက သူတို့က ကျနော်တို့ ရှိတဲ့နေရာ လာမတိုက်လို့ တိုက်ပွဲကပြန်ငြိမ်နေတာပေါ့” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

တပ်မတော်ဘက်ကလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စ၍ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့တိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံတိုင်းတို့တွင် တစ်ဘက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့အထိ နှစ်လတစ်ကြိမ် သက်တမ်းတိုးခဲ့သည်။ တိုက်ပွဲများမှာ တဘက်သတ် အပစ်အခတ် ရပ်စဲမှု ကြေညာစဉ်အတွင်း အများစု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း တပ်မတော်ဖက်မှ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအန်း(ပလောင်) အမျိုးသား တပ်မတော် လှုပ်ရှားသည့် ဒေသများတွင် တပ်အင်အား တိုးချဲ့မှုများရှိနေသည်ဟု PSLF/TNLA က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

သို့သော် စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ် သည်ဟု ကြေငြာချက်ထုတ်ပြန်သည့် နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု လျှော့ ကျလာခဲ့သည်။

သို့ရာတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ရပ်တန့်သွားခြင်းမရှိပဲ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

Unicode…













