တပ်မတော် ပစ်ခတ်မှုကြောင့် ရွာသား ၃၀၀၀ ကျော် ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

တိုက်ပွဲဖြစ်ပွားမှုမရှိပဲ တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ယိုးတရုပ်ရွာသား ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညက တပ်မတော်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများကြောင့် ယိုးတရုပ် ရွာသား တစ်ဝက်ကျော်မှာ နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင် နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောသည်။

“လူတွေကတော့ ကြောက်လန့်ပြီးတော့ ထွက်ပြေးသွားကြတာပေါ့လေ။ အိမ်ခြေ ၁၀၀၀ ကျော် အိမ်ထောင် စုပေါင်း ၁၂၀၀ကျော် ရှိတယ်။ အဲဒီ အခုကတော့လူ ရွာသားတဝက်မရှိတော့ဘူး။ စုစုပေါင်းလူဦးရေကတော့ ၆၆၀၀ ရှိတယ်။”

အဆိုပါ ဒေသအတွင်းသို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တပ်မတော်စစ်ကြောင်းက ဝင်ရောက် လာ ပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တစ်ဖက်သတ် ပစ်ခတ် ခဲ့ခြင်းသာဖြစ်သည် ဟု ဒေသခံများ၏ ပြောဆိုချက်များကို ကိုးကား၍ ဦးခင်မောင်လတ်က ယခုကဲ့သို့ ပြောသည်။

“၁၀ နာရီမှာ RPG ၂ လုံး ပစ်တယ်လို့ပြောတယ် ရွာသားတွေက နောက် ၁၁ နာရီမှာ ၁ လုံး လက်နက်ကြီးတော့ ၃ လုံး လက်နက်ငယ် အသံကတော့ အချက်ပေါင်းများစွာကြားရတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ တိုက်ပွဲတော့မရှိဘူး၊ အဲဒီရွာသားတွေ အကုန်သိတာကို သိတယ် မြင်တယ်၊ တပ်ကပစ်တာပဲ မြင်ရတယ်သူတို့ က ပြောတယ်။”

ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံများအတွက် အကူအညီများ လိုအပ်နေသည်ဟု ဦးခင်မောင်လတ်က ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “စခန်းရှိတဲ့ဘက်ကပဲ သေနတ်သံတွေက ကြားနေရတာ။ ပြောရမယ် ဆိုရင် အဲ့ဒီဘက်မှာ တပ်မတော်က တပ်စွဲထားတာ။ ဒီရဲစခန်းနားမှာ တပ်စွဲထားတာလေ။ ကြားနေရတာ ကတော့ ရှေ့ရက်ကတည်းကပဲ။ မနေ့ညကတော့ လက်နက်ကြီးတွေပါ ဆက်တိုက်ပစ်တာ။ အခုက တော် တော်များများပြေးကုန်ပြီလေ။ ရွာသားတွေမရှိတော့တဲ့ အိမ်တွေထဲကိုလည်း တပ်က ဝင်နေတာတွေရှိနေ တယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် ဒေသခံများမှာ မကြာခဏ စစ်ဘေးရှောင်နေရပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပါက ကျေးရွာ သို့ ပြန်လည်နေထိုင်ကြသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် က ပြောသည်။

“အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ ငြိမ်ချမ်းရေးဖြစ်စေချင်တာပေါ့ ဒါပေမယ့် လက်တွေ့မှာက သေနတ် ကိုင် ထားတဲ့သူကို ဘာပြောလို့ရမှာလည်း၊ ပြည်သူလူထုတွေ့ဒုက္ခရောက်တာပေါ့၊ အထိတ်တလန့်ဖြစ် စေတယ်။ ပြေးရတယ်ဆို ဒါတော့မကောင်းဘူးပေါ့၊ ဒေသတည်တည်ငြိမ်ငြိမ်ဖြစ်အောင် အစိုးရက ဝင်ပြီးလုပ် ရမှာလေ ထွက်ပြေးသွားတဲ့ သူကို အကူအညီပေးရမယ်။ အစိုးရကိုယ်တိုင်က ဒါတွေကို ကွင်းဆင်း စစ်ဆေး ရမယ်။ အစိုးရကရှိတယ်လို့တောင် မထင်ရဘူး။”

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာသည် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိနေပြီး အဆိုပါဒေ သတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် တော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားလာသည်မှာ ကာလကြာလာသည်နှင့် အမျှ နေရပ်ဒေသကို စွန့်ခွာကာ စစ်ဘေးရှောင်နေရသူများလည်း ပိုမိုများပြားလာသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးရေး လုပ်ဆောင်နေသည့် အဖွဲ့များက ပြောသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့ နယ်အပါအဝင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်တို့သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး အစိုးရက အင်တာနက်ဆက်သွယ်မှုများကို ဖြတ်တောက်ခဲ့ရာ ယနေ့အချိန်ထိ ဖြတ်တောက်ခံထားရဆဲ ဖြစ်သည့်အတွက် သတင်းအချက်အလက်ရယူရန်လည်း ခက်ခဲနေသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောသည်။