စစ်တိုက်မှုများ လျော့ချရန်နှင့် ဆွေးနွေးညှိုနှိုင်းရန် တအာင်းပါတီ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။

စစ်ဘောင်ကိုချုံ့၍ နိုင်ငံရေးဆွေးနွေးမှု ဘောင်ကျယ်ပြန့်လာအောင် ဖော်ဆောင်ပေးရန် အပါအဝင် အချက် (၇) ချက်ကို တအာင်း(ပလောင်) အမျိုးသားပါတီက တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၂၆ ရက် မှ ၂၉ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့ ဧည့်ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် တအာင်း(ပလောင်) အမျိုးသားပါတီ ညီလာခံမှ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုချက်များနှင့် ပတ်သက်၍ တအာင်း(ပလောင်း)အမျိုးသားပါတီ TNP မှ အထွေထွေ အတွင်းရေးမှူး တာမိုင်းအုဏ်းခိုင်က “ငြိမ်းချမ်းရေးနဲ့ ပတ်ပြီးအာလုံးပါဝင်နိုင်ရန် တောင်ဆိုထားတယ်လေ ငြိမ်ချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး အားလုံးပါဝင်ရေးကို ကျနော်က တောင်းဆိုထားတာပါ။ စစ်ဘောင်ကိုမချုံ့ နိုင်ပဲနဲ့တော့ နိုင်ငံရေးဆွေးနွေးပွဲ စကာဝိုင်းကတော့ ရောက်လာဖို့ အင်မတန် ခဲယဉ်းပါတယ် ဒါကြောင့် စစ်ဘောင်ကို ချုံပြီးတော့မှ နိုင်ငံရေးစကားဝိုင်းကို လာရောက်ဆွေးနွေးပေးဖို့ တောင်းဆို ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများမှာ တစ်နေ့ထက်တစ်‌နေ့ ပိုမိုပြင်း ထန်စွာ ဖြစ်ပွားလာနေသည့်အတွက် အဆိုပါ တိုက်ပွဲများကို လျှော့ချပြီး နိုင်ငံရေးဆွေးနွေး ပွဲများကို ပိုမိုဖော်ဆောင် ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု TNP ပါတီက ဆိုသည်။

ထို့သို့ လုပ်ဆောင်နိုင်မှသာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်း ကျင်းပနိုင်မည်ဟု တာမိုင်းအုဏ်းခိုင်က ပြောသည်။

“ကျနော်တို့ဒေသမှာတော့ တည်ငြိမ်အေးချမ်းမှု မရှိတဲ့အခါကျတော့ ဒီကျနော်တို့ ရည်မှန်းထားတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ် ပြိုင်နိုင်ဖို့အတွက် ကျနော်တို့က ငြိမ်းချမ်းရေးကို ကျနော်တို့က တောင်းဆိုထားတာရှိပါတယ်။”

ဒီဇင်ဘာလ ၂၉ ရက်နေ့က တအာင်း(ပလောင်) အမျိုးသားပါတီ၏ ဒုတိယအကြိမ် ညီလာခံအပြီး ထုတ်ပြန် တောင်းဆိုထားသည့် အချက်(၇) ချက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု အမြန်ဆုံးရပ်စဲပြီးနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး၊ စစ်မှန်၍ တရားမျှတသော ထာဝရငြိမ်ချမ်းရေး ပေါ်ထွန်းရေး၊ မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် နိုင်င်ငံယဉ်းကျေးမှု သစ်တစ်ရပ်ဖြစ်သည့် သာတူညီမျှရှိပြီး အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေ ရှာမှုကို အစဉ်တစိုက် အကောင်အထည်ဖော်ရေး ဆိုသည့် အချက်များပါဝင်သည်။

ထို့အပြင် စစ်ဘောင်ကိုချုံ့ ၍ နိုင်ငံရေးဆွေးနွေးမှုဘောင် ကျယ်ပြန့်လာ အောင် ဖော် ဆောင်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အောင်မြင်စွာ ပြင်ဆင်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ ကျား/မ တန်တူရေး ရှိစေရန်အတွက် ပါတီ၏မှုဝါဒ တွင် အမျိုးသမီးအနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်လာစေရေး တို့ဖြစ်သည်။

ဒုတိယအကြိမ် တအာင်း(ပလောင်) အမျိုးသားပါတီ ညီလာခံမှ ပါတီဗဟို ကော်မတီဝင် ၆၁ ဦး၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၅၁ ဦးတို့ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက် တာဝန်ပေးအပ်နိုင်ခဲ့ပြီး ပါတီလုပ် ငန်းများကို လုပ်ဆောင်ရန်အတွက် အတည်ပြုချက် ၉ ရပ်နှင့် မှတ်တမ်းတင်ခြင်း ၃ ရပ်တို့ကို ချမှတ် ဆောင်ရွက် နိုင်ခဲ့ သည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီက ဆိုသည်။

ဒုတိယအကြိမ် ကျင်းပြုလုပ်သည့် တအာင်း(ပလောင်) အမျိုးသား ညီလာခံသို့ မြို့နယ် ၁၂ မြို့နယ်ရှိ တအာင်း (ပလောင်) အမျိုးသားပါတီမှ ကိုယ်စားလှယ် စုစုပေါင်း ၁၉၃ ဦးတက်ရောက်ခဲ့ကြသည်ဟု သိရသည်။