တိုင်းရင်းသား မဟာမိတ်ပါတီများ ပူးပေါင်းဆောင်ရွက်နိုင်ရန်ကြိုးပမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၇) ရက်။

တိုင်းရင်းသားပါတီများအတွက် မဟာမိတ်တပ်ပေါင်းစုတစ်ခု တည်း ဖြစ်ရေးကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် ကြိုးပမ်းသွားမည်ဟု ပြည်နယ် ၅ ခုက ပေါင်းစည်း တိုင်းရင်းသားနိုင်ငံရေး ပါတီ ခေါင်းဆောင် များက ပြောသည်။

တိုင်းရင်းသားပါတီများအကြား မဟာမိတ်တပ်ပေါင်းစု ၂ ခု ဖြစ်နေသည့်အချက်သည် တိုင်းရင်းသားပါတီ များအတွက် အဓိက အားနည်းချက်ဖြစ်သည်ဆိုပြီး ကချင်၊ ချင်း၊ ကယား၊ ကရင်နှင့် မွန် စသည့် ပြည်နယ် ၅ ခုတို့မှ ပေါင်းစည်းနိုင်ငံရေးပါတီ ၅ ခုတို့က စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA နှင့် ညီနောင်တိုင်းရင်းသး ပါတီများ ဖက်ဒရေးရှင်း NBF မဟာမိတ်တပ်ပေါင်းစု ၂ ခု ပေါင်းစည်းရန် ကြိုး ပမ်းနေကြခြင်းဖြစ်သည်။

“လာမယ့် လွှတ်တော်တွေမှာ ကျနော်တို့က အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရှိနေမှသာ အခြားအခြားသောပါတီတွေက ကျနော်တို့ကို အသိအမှတ်ပြုလာမယ် စကားပြောလာမယ် ညှိနှိုင်းလာမယ် ဆိုတော့ အဲလို တိုင်းရင်းသားကိုယ်စားလှယ်တွေ ၂၀ ရာခိုင်နှုန်းပြည့်လာဖို့ဆိုတာ ကျနော်တို့ တိုင်းရင်းသား ထဲမှာ တစ်ခုတည်းသော တပ်ပေါင်းစုရှိဖို့ လိုအပ်တယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမ က ပြောသည်။

ကချင်၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားပါတီ ၅ ပါတီတို့သည် ကြားအင်အား တစ်ခု အနေနှင့် ချိတ်ဆက်ကြပြီး တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစုတစ်ခုတည်း ဖြစ်တည်ရေး အတွက် ဆွေးနွေးအဖြေရှာလျက်ရှိသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းက “တပ်ပေါင်းစုတော့ မဟုတ်ဘူး။ ပူးပေါင်း ဆောင်ရွက်ရေးအတွက်ပါ။ အတူ တကွအလုပ်လုပ်နိုင်ဖို့၊ ပူးပေါင်းနိုင်ဖို့၊ တွေ့ဆုံနိုင်ဖို့လုပ်နေတာပါ။ အဓိက ကတော့ ၅ ပြည်နယ် ပေါင်းစည်းရေး ပါတီပေါ့ အားလုံးက ပေါင်းစည်းပြီ။ ကျန်တဲ့ UNA နဲ့ NBF က ထိတွေ့ ဆက်ဆံပြီးမှ လုပ်ဖို့လိုတယ်။ ဘာလို့ လည်းဆိုတော့ နှစ်ဖွဲ့စလုံးမှာ သူ့ဟာနဲ့သူ တိုင်းရင်းသားပါတီတွေရှိတယ်။ တစ်စုတစ်စည်းတည်းဖြစ်ဖို့လို တယ်ဆိုတဲ့ အချက်ပေါ်မှာ မူတည်ဆိုပြီးတော့မှ ကျနော်တို့က စုပြီးတော့ မှ ပေါင်းစည်းဖို့ ဆိုတာမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။

“ဘာလို့လဲဆိုတော့ ကျနော်တို့က အတူတကွ မလုပ်နိုင်ဘူးဆိုရင် အနာဂတ် တိုင်းရင်းသားတွေရဲ့ အခြေအနေ အခက်အခဲတွေနဲ့ တွေ့နိုင်တယ်။ ဒါကြောင့် စုစည်းပြီးလုပ်မယ်ဆိုရင် ပိုမိုကောင်းမွန်မယ်ဆိုတဲ့ အချက်ပေါ်မူ တည်ပြီးတော့ တပ်ပေါင်းစုနှစ်ခုကိုလည်း တွေ့ဆုံပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။”

လက်ရှိတွင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီ ပါဝင်သည့် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၂ ပါဝင်သည့် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBF ဆိုပြီး တိုင်းရင်းသားပါတီများ မဟာမိတ်တပ်ပေါင်းစု ၂ ခုဖြစ်နေသည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅ ပါတီတို့အနေနှင့် ရှိပြီးသား UNA နှင့် NBF မဟာမိတ်တပ်ပေါင်းစု ၂ ခု ပေါင်းစည်းရန်အတွက်သာ ကြိုးပမ်းနေကြခြင်းဖြစ်ပြီး မဟာမိတ်တပ်ပေါင်းစု ၃ ခုဖြစ်လာအောင် ကြိုးပမ်းမည်မဟုတ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ပူးဇိုဇမ်က ပြောသည်။

တိုင်းရင်းသားပါတီများအတွက် မဟာမိတ်တပ်ပေါင်းစုတစ်ခုတည်းဖြစ်ရေးကို ကြိုးပမ်းနေကြသည့် ပါတီ ၅ ခုမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ်တိုးတက်ရေးပါတီ KSDP၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ CNLD နှင့် မွန်ညီညွတ်ရေးပါတီ MUP တို့ ဖြစ်သည်။