လွတ်လပ်စွာ ထုတ်ဖော်မှုကို ချိုးဖောက်သည့် တရားစွဲဆိုမှုများတွင် တပ်မတော်က စွဲဆိုမှု အများဆုံးဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

တပ်မတော်အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သည့် တရားစွဲဆိုမှု အမှုပေါင်း ၄၇ မှု ရှိသည်ဟု အသံ “Athan” အဖွဲ့ ထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ သက်တမ်း ၄၅ လအတွင်း တပ်မတော်မှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သည့် တရားစွဲဆိုမှုပေါင်း ၄၇ မှုရှိပြီး၊ ၉၆ ဦး တရားစွဲဆိုခံထားရသည်ဟု ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အသံ “Athan” အဖွဲ့ သုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင် က “အဓိက က ကျနော်တို့ တွေ့ရှိရတာက တက်ကြွလှုပ်ရှားသူတွေအများစု တရားစွဲဆိုခံရတယ်။ တက်ကြွလှုပ်ရှားသူတွေက တပ်မတော်ကို စစ်တပ် ကို ဝေဖန်ပြောဆိုလို့ဆိုပြီးတော့ တန်ပြန်တရားစွဲဆိုခံရတာကို တွေ့ရတယ်။ ဒုတိယအများဆုံးကတော့ အရပ်သားပြည်သူပေါ့၊ တပ်မတော်ကို ဝေဖန်ပြောဆိုလို့ဆိုပြီး တရားစွဲဆိုခံရတာကိုတွေ့ရပါတယ်။”

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ရာတွင် အသုံးပြုသည့် ဥပဒေပုဒ်များမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ မှာ အများဆုံးဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၅၀၀၊ နိုင်လွတ်လုံဥပဒေ၊ မတရားအသင်းဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေ နှင့် ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၂၀၀ တို့ဖြစ်သည်ဟု အသံအဖွဲ့ က ပြောသည်။

“ခြုံပြောရရင်တော့ ၂၀၁၆ ဧပြီကနေ ၂၀၁၉ ဒီဇင်ဘာလကုန်အထိက ၄၅ လရှိတာပေါ့နော်။ အဲ့ဒီ ၄၅ လ အတွင်းမှာ တပ်မတော်ကို ဝေဖန်လို့ဆိုပြီးတော့ တရားစွဲဆိုမှုတွေ အများဆုံးလုပ်တာကို တွေ့ရပါတယ်။ အသရေဖျက်မှု ပုဒ်မ ၆၆(ဃ) တို့၊ ပုဒ်မ ၅၀၀ တို့ကို သုံးပြီးတရားစွဲတာကိုတွေ့ရတယ်။ ၅၀၅(က)၊ ၅၀၅(ခ) တို့နဲ့ တရားစွဲဆိုတာကို တွေ့ရတယ်ဗျ” ဟု ပြောသည်။

တက်ကြွလှုပ်ရှားသူ ၅၁ ဦး၊ သတင်းမီဒီယာသမား ၁၄ ဦး၊ အရပ်သား ၁၉ ဦး၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၅ ဦး၊ အနုပညာသမား ၄ ဦး နှင့် နိုင်ငံရေးပါတီဝင် ၃ ဦး စုစုပေါင်း ၉၆ ဦး တို့အား တပ်မတော်က အဆိုပါ ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ဟု ပြောသည်။

“ရန်ကုန်က အရပ်သားပြည်သူတွေလည်းပါတယ်။ ကရင်နီက အရပ်သားတွေ၊ အခြားပြည်နယ်နဲ့ တိုင်းမှာ ရှိတဲ့ ပြည်သူတွေလည်းပါတယ်။ သတင်းမီဒီယာမှာတော့ ဧရာဝတီ၊ DVB၊ RFA၊ ကန္ဒာရဝတီတိုမ်း စတဲ့ သတင်းဌာနတွေ၊ သတင်းဌာနတွေ တော်တော်များများ တရားစွဲဆိုခံရတာတွေ့ရပါတယ်။ တခါခါ တပ်မတော်က တရားစွဲတဲ့အခါမှာ သတင်းသမားကြီးပဲ သီးသန့်မဟုတ်ပဲနဲ့ ဥပမာ အယ်ဒီတာလိုမျိုး၊ သတင်းစာတိုက်ရဲ့ တိုက်ပိုင်ရှင်လိုမျိုးတွေကိုပါ စွဲတာတွေ့ရတယ်။ ဆောင်းပါးရှင်တွေကအစပေါ့” ဟု ကိုရဲဝေဖြိုးအောင်က ဆက်ပြောသည်။

ကယားပြည်နယ်(ကရင်နီပြည်နယ်)အတွင်း တပ်မတော်က တောင်သူ ၄၁ ဦးကို တရားစွဲဆိုထားပြီး ၁၁ ဦး မှာ ထောင်ထဲမှ တရားရင်ဆိုင်နေရသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ က ပြောသည်။

ထို့အပြင် ဒီဇင်ဘာလအတွင်း တပ်မတော်က တောင်သူ ၁၀ ဦးကို ပိုင်နက်ကျူးကျော်မှုနှင့် ထပ်မံ တရားစွဲဆိုထားသည်ဟု ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးတူရယ် က ပြောသည်။

“ဒေါမူကလားက ၆ ဦး၊ မြေနီကုန်းကျေးရွာက ၁ ဦး၊ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်း ၃ ဦး။ ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုနဲ့ပဲ တရားစွဲထားတာပေါ့။ ဒီစစ်တပ်ပိုင်တယ်ဆိုတဲ့ မြေကို ကျူးကျော်လို့ဆိုတဲ့ဟာကို အခြေခံပြီး တရားစွဲထားတာပေါ့။”

အသံ “Athan” အဖွဲ့ ၏ ထုတ်ပြန်ချက်ထဲတွင် တပ်မတော်၏ တရားစွဲဆိုမှုမှာ ၂၀၁၆ ခုနှစ်တွင် ၉ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်းရှိသည်ဟု ရေးသားထားသည်။

“တပ်မတော်ရဲ့ နိုင်ငံရေးအကြပ်အတည်းပေါ့၊ နိုင်ငံရေးအကြပ်အတည်းရင်ဆိုင်ရလေလေ တက်ကြွလှုပ်ရှား သူတွေ၊ ပြည်သူတွေကို တရားစွဲလေလေဆိုတာမျိုးတွေ့ရတယ်။ ၂၀၁၉ ဟာ တပ်မတော်က နိုင်ငံရေး ဖိအားတွေ အရင်ဆိုင်ရဆုံးပေါ့နော်။ နှစ်ခုရှိတယ်လို့ ကျနော်မြင်တယ်။ တစ်ခုက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နောက်တစ်ခုက ICJ ကိစ္စပေါ့၊ အဲ့လိုကိစ္စတွေမှာက အကြီးအကျယ်ပေါ့နော် ဖိအားပေးခံရတယ်။ ဒါကြောင့်မို့လည်း ၂၀၁၉ မှာ အမှုတွေက အများကြီးမြှင့်တက်လာတယ်လို့ မြင်တယ်။”

အသံ “Athan” အဖွဲ့၏ ထုတ်ပြန်ချက်အရ အမှုပေါင်း ၄၇ မှုအနက် တရားရုံးက ပလပ်ခဲ့သည့်အမှု ၃ မှု၊ မရှင်းလင်းသော/ရပ်တန့်နေသောအမှု ၆ မှု၊ တရားလိုက ရုတ်သိမ်း/ကျေအေးပေးခဲ့သောအမှု ၇ မှု၊ တရား ရင်ဆိုင်နေရဆဲအမှု ၁၃ မှု နှင့် တရားရုံးက အမိန့်ချပြီးသော အမှု ၁၈ မှု ရှိသည်ဟု သိရသည်။

အသံ “Athan” အဖွဲ့ အနေဖြင့် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းများ၊ ဖြစ်စဉ်များကို စုဆောင်း ခဲ့ခြင်း၊ တရားစွဲဆိုခံရသူများနှင့် တိုက်ရိုက်ဆက်သွယ် မှတ်တမ်းယူခြင်းများ ပြုလုပ်ခဲ့ရာ ပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနေသည့်၊ သတင်းအချက်အလက်ရယူရန်ခက်ခဲသည့် ရခိုင်ပြည်နယ်အပါအဝင် အခြားသော တိုင်းရင်းသားပြည်များက ဖြစ်စဉ်များကို အသေးစိတ်ရယူနိုင်ခြင်း မရှိဘူးဟုလည်း ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်သည့် တရားစွဲဆိုမှုပေါင်း ၄၅ လ အတွင်း အနည်းဆုံး ၂၂ မှု ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။