မွန်ညီညွတ်ရေးပါတီ ပြည်နယ်နှင့်တိုင်း ၃ ခုတွင် ရွေးကောက်ပွဲဝင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ အနည်းဆုံး မြို့နယ် ၁၂ မြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်သွားမည်ဟု ပါတီ ခေါင်း ဆောင်များက ပြောသည်။

မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ် ရှိသည့်အနက် မြို့တော် မော်လမြိုင် အပါအဝင် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ဝင်ရန်ရှိပြီး ကျန်သည့် မြို့နယ် သုံးမြို့န ယ်တွင် ဝင်ပြိုင်ဖြစ် မဖြစ် မသေချာသေးဟု ပါတီတာဝန်ရှိသူများက ပြောသည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က “၇ မြို့နယ်ကိုတော့ ဝင်မယ် မွန်ပြည်နယ်မှာပေါ့။ ဘီးလင်း၊ ကျိုက်ထို၊ သထုံကိုတော့ စဉ်းစားနေတယ် ဝင်တဲ့ လူရှိရင် ရွေးဖို့ရှိတာပေါ့။ ဒါကတော့ စဉ်းစားချက် ပေါ့လေ မဆုံးဖြတ်ရသေးဘူး။ ဝင် မဝင်ဆိုတာက ရွေး ကောက်ပွဲဝင်တဲ့လူလဲလိုတယ်။ ပါတီကလည်း ဘာမှ မဆုံးဖြတ်ရသေးဘူး။” ဟု ပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် အနည်းဆုံး မြို့နယ် ၂ မြို့ နယ်နှင့် ကရင်ပြည်နယ်တို့တွင် အနည်းဆုံး ၃ မြို့ နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရှိသည်ဟု နိုင်စံတင် က ဆက်ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်သည့်နေရာ မထပ်အောင်နှင့် အချင်းချင်း ယှဉ်ပြိုင်မှု မရှိ စေရန် မွန်ပြည်နယ်နှင့် ဆက်စပ်နေသည့် ကရင်ပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီတို့ကို တွေ့ဆုံ ဆွေး နွေးပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ပါတီ တွဲဖက်အတွင်းရေးမှူး (၂) က ပြောသည်။

မွန်ပြည်သူတစ်ရပ်လုံးက လိုလားနေသည့် မွန်တစ်ပါတီတည်းဖြစ်ရေး ဖြစ်တည်လာပြီ ဖြစ်သည့်အတွက် လာ မည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်သူအများစုရှိသည့် မဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီကသာ အနိုင် ရရှိလိမ့်မည်ဟု မွန်ပါတီခေါင်းဆောင်အချို့ နှင့် မွန်ပြည်သူများက မျှော်မှန်းထားကြသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကိုလည်း မွန်ညီညွတ်ရေးပါတီက မဟာဗျူဟာရေးဆွဲ ဆောင်ရွက်လျက် ရှိ သည်ဟုလည်း ပါတီထိပ်ပိုင်းခေါင်းဆောင်များ က ပြောသည်။

မွန်နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးမင်းမင်း က “၂၀၁၅ တုန်းက မွန်နှစ်ပါတီ ဖြစ်နေလို့ မဲပေးဖို့ အခက်အခဲ ရှိခဲ့တယ်၊ အခု မွန်တစ်ပါတီပဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂၀ ရွေးကောက်ပွဲ တကယ်ဖြစ်လာမယ် ဆိုရင် လွှတ်တော် နေရာအတော်များများမှာ မွန်ပါတီက ရဖို့ အလားလာရှိနိုင် မယ်လို့ မြင်ပါတယ်” ဟု ပြော သည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုပါတီ တို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည့် ပါတီဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေး ပါတီ အဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ ဖြစ်သည်။