ကချင်ပါတီ KSPP ၏ ပထမဆုံး ညီလာခံ နောက်လတွင် ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။

ကချင်နိုင်ငံရေးပါတီ ၄ ခုဖြင့် ပေါင်းစည်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ၏ ပထမဦးဆုံးအကြိမ် ညီလာခံကို ဖေဖော်ဝါရီလအတွင်းတွင် ကျင်းပပြု လုပ်သွားမည်ဟု KSPP ပါတီ က ပြောသည်။

KSPP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက “ဖေဖော်ဝါရီလလယ် နောက်ပိုင်းမှာတော့ လုပ်ဖို့တော့ လိုအပ်တာပေါ့ လမကုန်ခင် ကျနော်တို့ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့်မို့ အခုကြိုတင်ပြင် ဆင်မှုအနေနဲ့ ကျနော်တို့ အကြိမ်ကြိမ် အစည်းအဝေး လုပ်နေတယ်။” ဟု ပြောသည်။

ဇန္နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ အပြီး ပြောဆို ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလတွင် ကျင်းပမည့် အဆိုပါ ညီလာခံတွင် KSPP ပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ကို ရွေးချယ် ခြင်းအပြင် ပါတီ၏ မူဝါဒများကို အတည်ပြုခြင်းများပါ ဆောင်ရွက်သွားမည်ဟု သိရသည်။

ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် KSPP ၏ ညီလာခံသည် ပါတီအတွက် အလွန်အရေးကြီးသည့်အပြင် ညီလာခံသို့ ပါတီဝင်များလည်း တက်ရောက်နိုင်မည်ဖြစ်ပြီး အသေးစိတ် အစီအစဉ်များအတွက် ပြန်လည် ဆွေးနွေးသွားရန် ရှိသည်ဟု ဆိုသည်။

“ညီလာခံတစ်ခု လုပ်တယ်ဆိုတာကလည်း ခေါင်းဆောင်မှု ရွေးချယ်မှု မရှိလည်း ပါတီကိုယ်စားလှယ်တွေ နောက်ပြီးတော့ မူဝါချမှတ်တာတွေအထိ ပြုလုပ်လိုတယ် အကုန်လုံးပေါ့ အရေးကြီးပါတယ်။ ဒီဟာကတော့ ကျနော်တို့ ကြိုတင်ပြင်ဆင်မှု ကျနော်တို့ ဘယ်လိုလုပ်သွားမလဲ ဆိုတာကို ပြန်ပြီးမှ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့လည်း ဒီဟာ ငွေရေးကြေးရေးကအစ ကိုယ်စားလှယ်ဘယ်လိုမျိုး လုပ်မလဲဆိုတာဟာ အစွမ်းကုန် ကျနော်တို့ ပြင်ဆင်နေတဲ့ အချိန်ဖြစ်ပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ဆက်ပြောသည်။

ထို့အပြင် KSPP ပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ကျင်းပပြုလုပ်မည့် ပါတီညီလာခံနောက်ပိုင်းတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွားမည်ဟု KSPP ပါတီက ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP သည် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီ၊ ပြည်ထောင်စု တိုင်းရင်း သားများ ဖက်ဒရယ် ဒီမိုကရေစီပါတီ UNFDP ပါတီ အစရှိသည့် ပါတီ ၄ ခုကို ပေါင်းစည်းထားသည့် ပါတီကြီး ဖြစ်သည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ရပ်တည်လာနိုင်သည့် အတွက် ကချင်ပြည်နယ်ရှိ ပြည်သူများ၏ အကျိုးကို ပိုမိုလုပ်ဆောင်နိုင်မည်သာမက ပြည်နယ်သူ ပြည်နယ် သားများ၏ ယုံကြည်မှုကိုလည်း ပိုမိုရရှိလာနိုင်သည်ဟု KSPP ပါတီ ကပြောသည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းခြင်းကို လွန်ခဲ့သည့် ၂၀၁၃ -၂၀၁၄ ခုနှစ်မှ စတင်ကာ ပါတီ ခေါင်းဆောင် များမှ ကြိုးစားလုပ်ဆောင်လာခဲ့ကြသည်။

ထို့သို့လုပ်ဆောင်လာရာမှ ၂၀၁၈ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီများကို ပေါင်းစည်းကာ ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်းဆောင်များက ပါတီသစ်အဖြင့် ပေါင်းစည်းထူထောင်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်လည်း ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP) က ပေါင်းစည်းပါတီအဖြစ် ပါဝင်လာခဲ့သည်။ ထို့ကြောင့် ကချင်နိုင်ငံရေးပါတီ ၄ ခုမှ ပါတီကြီး တစ်ခုအဖြစ် ပေါင်းစည်းလိုက်နိုင်သည့်အတွက် ပြည်သူများ၏ အကျိုးကို ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု KSPP ပါတီက ဆိုသည်။