ဘိလပ်မြေစက်ရုံများမှ သင်္ဘောများကြောင့် မြေအက်ကွဲနိမ့်ကျမှုဖြစ်ဟု ဒေသခံများ ယူဆ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ် အတ္ထရံမြစ်ကမ်းတစ်လျှောက် မြေအက်ကွဲနိမ့်ကျဖြစ်ပေါ်နေမှုများသည် ဘိလပ်မြေ သင်္ဘောကြီးများကြောင့် ဖြစ်ပေါ် သည်ဟု ယူဆပြီး ကွင်းဆင်းလေ့လာစိစစ်ပေးရန် ဒေသခံများက မွန်ပြည်နယ်လွှတ်တော်ထံ စာတင်တောင်းဆိုလိုက်သည်။

လက်ရှိတွင် အတ္ထရံမြစ်ကမ်းတစ်လျှောက်ရှိ မယ်ကရို၊ ကော့ဒွန်၊ ကော့ပနော၊ ကွမ်းငန်းကျေးရွာတို့တွင် မြေအက်ကွဲနိမ့်ကျမှုကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ ရှေးနှစ်ပေါင်းများစွာက စေတီတော်တစ်ဆူ၊ စေတီ တော်ဝင်းအတွင်းရှိ သာသနိကအဆောက်အဦးများနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိနေပြီး အဆိုပါ အခြေအနေမှ အချိန်မီကာကွယ်နိုင်ရန် ဒေသခံများက ဇန်နဝါရီ ၂၇ ရက်နေ့က လွှတ်တော်သို့ စာတင် တောင်းဆိုထားကြခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းလောက်ကနေစပြီးတော့ မြေအက်ကွဲတာ မြေနိမ့်ကျတာတွေက သိသိသာသာ တွေ့ လာတယ်။ တစ်ရက်ထက်တစ်ရက် ပိုဖြစ်လာတယ်။ ဒါကို အချိန်မီကာကွယ်ထိန်းသိန်းနိုင်ဖို့ သက်ဆိုင်ရာကို စာတင်တာဖြစ်တယ်၊ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကိုလည်း သိနိုင်ဖို့ပါ” ဟု ကျိုက်မရောမြို့ နယ် မယ်ခရို ဒေသခံ နိုင်ထွန်းကြည် က ပြောသည်။

ထိုကဲ့သို့ မြစ်ကမ်းတစ်လျှောက် မြေအက်ကွဲ နိမ့်ကျလာရခြင်းသည် ပျားတောင်ဒေသတွင် ရင်းနှီးမြုပ်နှံ လျက်ရှိသော ဘိလပ်မြေစက်ရုံတို့၏ ဧရာမသင်္ဘောကြီးများ ခုတ်မောင်းသွားလာနေခြင်းကြောင့်ဖြစ် သည်ဟု ဒေသခံများက ယူဆနေကြသည်။

ဒေသခံတို့၏ တင်ပြတောင်းဆိုထားသည့်အပေါ် အသေးစိတ်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာအစိုးရအဖွဲ့ကို တိုက်တွန်းသွားမည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦး က ပြောသည်။

“သင်္ဘောကြီးတွေ သွားလာလို့ လှိုင်းရိုက်ခတ်လာရင် ကမ်းပြိုမှုတွေ မြေအက်ကွဲလာပြီးတော့ မြေနိမ့်ကျမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကျနော်တို့ အရင်ကတည်းက စိုးရိမ်ခဲ့တယ်၊ သင်္ဘောကြီးတွေကြောင့် ငါးဖမ်းလှေတွေ ငါးဖမ်းပိုက်တွေမှာလည်း ထိခိုက်မှုရှိတယ်။ ဒါကို သက်ဆိုင်ရာက စနစ်တကျ ထိန်းချုပ် ပေးထားဖို့ လိုအပ် မယ်။”

ကျိုက်မရောမြို့ နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ဘိလပ်မြေစက်ရုံစီမံကိန်း (၃) ခုရှိပြီး ၎င်းတို့သည် Mawlamyine Cement Limited, June Cement Industry Limited, Myanmar-Korea Cement Group Company Limited တို့ ဖြစ်သည်။

လက်ရှိတွင် တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်နေသည့် Mawlamyine Cement Ltd. (MCL) စက်ရုံ လည်ပတ်နေပြီး တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်ရန် စီစဉ်ထားသည့် June Cement Industry Limited ကတော့ စက်ရုံ လည်ပတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ကျိုက်မရောမြို့ နယ် ပျားတောင်ဒေသရှိ ဘိလပ်မြေစက်ရုံများသည် စက်ရုံတည်ဆောက်ရန် ကုန်ပစ္စည်း သယ် ယူ ပို့ဆောင်ရာတွင်လည်းကောင်း စက်ရုံလည်ပတ်ပြီးနောက်ပိုင်း စက်ရုံမှ ထုတ်ကုန်များကို သယ်ယူပို့ဆောင် ရာတွင်လည်းကောင်း အတ္ထရံမြစ်ကြောင်းမှတဆင့် ရေလမ်းကြောင်းကိုသာ အဓိက အသုံးပြုကြသည်။