ပထမဆုံးအကြိမ် မဲပေးမည့် မွန်လူငယ်များ တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်။

မွန်ပြည်နယ်အတွင်းရှိ ပထမအကြိမ် မဲပေးမည့် လူငယ်များ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မော်လမြိုင်မြို့ တွင် တွေ့ဆုံခဲ့ကြသည်။

အသက် (၁၈) နှစ်ပြည့်ပြီးသည့် လူငယ်များ မဲစာရင်းစစ်တတ်ရန်နှင့် မဲပေးတတ်ရန် အဓိက ရည်ရွယ်၍ တွေ့ဆုံပွဲကို ကျင်းပခြင်းဖြစ်သည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြော သည်။

“ပထမအချက်က မဲပေးခွင့်ရဖို့အတွက် မဲစာရင်းမှာ အမည် ပါဖို့ လိုအပ်ပါမယ်၊ အဲ့ဒါပြီးရင် မဲပေးတဲ့ နေ့ မှာ မဲပေးတတ်ဖို့” ဟု ဦးဟိဏ်းလင်းထက် က ပြောသည်။

မွန်ပြည်နယ်အတွင်း ထပ်တိုးလာသည့် မဲစာရင်းများအရ မဲပေးခွင့်ရှိသည့် လူငယ် နှစ်သိန်းခန့် တိုးလာသည် ဟု လည်း ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။

သို့သော်လည်း မွန်လူငယ်အများစုမှာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါးသည်ဟု မွန်လူငယ် များဆုံရပ်မှ တာဝန်ရှိသူက ပြောသည်။

“အဓိက ရွေးကောက်ပွဲကို လူငယ်တွေစိတ်ဝင်စားလာဖို့အရေးကြီးတယ်။ အရင်တုန်းက လူငယ်တွေက ရွေး ကောက်ပွဲဆိုတာဘာမှန်းလည်းမသိဘူး။ ဘယ်အစိုးရဘဲတက်တက် ထမင်းတစ်နပ်ထက် ပိုမစားရဘူးဆိုတဲ့ အယူအဆတွေက နှစ်အတော်ကြာခေါင်းထဲမှာ စွဲနေကြတယ်” ဟု မွန်လူငယ်များဆုံရပ် အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦး က ပြောသည်။

မွန်ပြည်နယ်အတွင်းက လူငယ်အများစုမှာ စားဝတ်နေရေးအတွက် ပြင်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေ ကြရကြောင်း ထိုပြည်ပရောက် လူငယ်များအတွက် မဲပေးခွင့်ရရှိအောင် နည်းလမ်းရှာဖွေ ပေးကြရန်လည်း လိုအပ်သည်ဟု မင်းဇာနည်ဦး က ပြောသည်။

နောက်ပိုင်းတွင်လည်း မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် ညှိပြီး လူငယ်များ မဲပေးရေးနှင့် ပတ်သက် သည့် တွေ့ဆုံပွဲများ ဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ က ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ အထိ နောက်ဆုံးပြုစုထားသည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၅ သောင်းကျော်ရှိသည်။