ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ပြန်လွတ်လာသည့် ကချင် တရားဟော ဆရာနှစ်ဦးပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။

မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နှင့် ပတ်သက်သည့် ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန် လုပ် ဆောင်ခဲ့ခြင်း မရှိဟု ဖမ်းဆီးထိမ်းသိမ်းခံထားရာမှ ပြန်လည်လွတ်မြောက်လာသည့် ကချင် ဓမ္မအမှုတော် ဆောင် ဆရာ ၂ ဦး က ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ယမန်နေ့က ပြန်လည် လွတ်မြောက်လာသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဓမ္မအမှု တော်ဆောင် ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ သိက္ခာတော်ရ ဆရာ ဦးဘီမာဒေါင်လွမ်းက “ကျနော်အနေနဲ့ ကျတော့ အဲဒီ ၁၇/၁ က လုံး၀ မမြောက်ဘူးလို့ ထင်တာပဲ ကျနော်တို့ တရားရုံးရောက် လည်း ပြန်လွတ်မယ်လို့ အဲလိုထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ၁၇/၁ နဲ့ ပတ်သက်တဲ့ အလုပ် ဘာမှ မလုပ်ဘူးလေ” ဟုပြောသည်။

KBC မှ လူငယ်တာဝန်ခံ ဓမ္မအမှုတော်ဆောင် ဆရာတူးထန်နှင့် ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ သိက္ခာ တော်ရ ဆရာ ဦးဘီမာဒေါင်လွမ်း တို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် နှစ် ၆၀ ပြည့် ကချင် တော်လှန်ရေးနေ့ အခမ်းအနားနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပုဒ်မ ၁၇/၁ ဖြင့် တပ်မတော်မှ ဖမ်းဆီး ထိမ်းသိမ်းကာ တရားစွဲဆိုခဲ့သည်။

“ကျနော်တို့ နားလည်တာကျတော့ KIO ကို ရိက္ခာပို့တာတို့ လက်နက်ဝယ်ပေးတာတို့ အဲလိုမျိုး တစ်ခုခုပေါ့နော် ကူညီပေးတဲ့လူကို အဲလိုပဲထင်တယ်။ ကျနော်က အဲလိုပဲ ထင်တယ် လုံးဝဆက်စပ်မှု မရှိဘူး။ ရုံးရောက်ရင် လည်း ကျနော်တို့က ပြန်လွတ်မှာပဲလို့ပဲ ထင်တာပေါ့။”

တရားစွဲဆိုမှုကို တပ်မတော်က ရုတ်သိမ်းလိုက်ပြီးနောက် ဖမ်းဆီးခံထားရသည့် တရားဟော ဆရာနှစ်ဦး ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်သည့် ကချင်တော်လှန်ရေးနေ့က ပြဇာတ်တင်ဆက်မှု အစီအစဉ်တွင် ဦးဆောင်သူများမဟုတ်သကဲ့သို့ ပါဝင်ခဲ့ခြင်းလည်း မရှိပေ။ အဆိုပါ အစီအစဉ်ကို ဦးဆောင် သည့်အဖွဲ့မှာ ကချင်အတိုင်ပင်ခံအဖွဲ့က ဖြစ်သည် ဟု ဆိုသည်။

“ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂ ယောက်က ကျူးလွန်မှု ဘာမှမရှိပါဘူး။ ကျနော်က ဂျော်ဘွမ် ဆုတောင်းတောင် တာဝန်ခံ အဲဒီည ၄ နာရီနဲ့ ၆ နာရီကြားမှာ ကျနော်တို့ စတိတ်ရှိုး ရန်ပုံငွေရှာဖို့ ပြင်ဆင်ထား ပါတယ်။ ကျနော်သူငယ်ချင်း ဆရာတူးထန်ဆိုရင် အဲဒီစတိတ်ရှိုးမှာ လူငယ်တွေကို ဦးဆောင်ပြီးမှ စတိတ်ရှိုး ဖြစ်မြောက်ရေးကို ဦးဆောင်တာပါ” ဟု သိက္ခာတော်ရ ဆရာ ဦးဘီမာဒေါင်လွမ်းက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘီမာဒေါင်လွမ်း က “ကချင်အတိုင်ပင်ခံ အဖွဲ့ WMR က ဆုတောင်းပွဲလုပ်မယ်ဆိုလို့ ကျနော်တို့က ခွင့်ပြုလိုက်ရတာ အဲဒါသူတို့ အဲဒီ ဆုတောင်းပွဲမှာ သူတို့ ဘာအစီအစဉ်ရှိမှန်းလည်း ကျနော်တို့ မသိဘူး သူတို့ အစီအစဉ်လည်း ကျနော်တို့ တွေ့ တယ်။ ဒါပေမယ့် အစီအစဉ်ထဲမှာ ပြဇာတ်လည်းမပါပါဘူး။ အဲဒီတော့ စစ်တပ်က ဒီအကြောင်းကို ကြားပြီးမှ လုပ်တဲ့ ဂျော်ဘွမ် နေရာကို သူတို့နယ်မြေရှင်းလင်းမှုလာတယ် အဲဒီအချိန်မှာ လုပ်တဲ့အဖွဲ့ကို မမြင်တော့ ရှိတဲ့ အဖွဲ့ကို ခေါ်သွားတာပေါ့” ဟု ဆက်ပြောသည်။

လူငယ်တာဝန်ခံ ဆရာတူးထန်ကလည်း တပ်မတော်ဖက်မှ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးထိမ်းသိမ်းကာ တရားစွဲဆို ခဲ့သည့် အနေအထားနှင့် ပတ်သက်၍ သူ့အမြင်ကို ယခုလိုပြောသည်။

“ပြဇာတ်တစ်ခုရယ် အဲဒီအထဲမှာ ထောင်ထားတဲ့ ဗီနိုင်းလေနော် ဗီနိုင်းထဲမှာ ဆိုရင် ဒီစစ်သား အမှတ် တံ ဆိပ်လေးတွေ ပါတာပေ့ါ။ အဲဒီအတွက်နဲ့ ဗီနိုင်းနဲ့ ပြဇာတ်ကို အဓိကထားပြီး ၁၇/၁ မြောက်တဲ့ အမှုအဖြစ်နဲ့ပေါ့ အဲလိုစွဲ လိုက်ခြင်းဖြစ်တယ်။ ကျနော်အနေနဲ့ အမြင်ကိုပြောတာ။”

၎င်းတို့ ၂ ဦး လွတ်မြောက်ရန်အတွက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ၊ ကချင်အတိုင်ပင်ခံ အဖွဲ့ နှင့် တပ်မတော်တို့ ညှိနှိုင်းမှုကြောင့် တပ်မတော်ဖက်မှ အမှုကို ပြန်လည်ရုတ်သိမ်း ပေးလိုက်ခြင်းဖြစ်သည်ဟု ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။

ယခုကဲ့သို့ အမှုကို တပ်မတော်ဖက်မှ ရုတ်သိမ်းကြေအေးပေးလိုက်သည့်အတွက် ပြည်သူနှင့် တပ်မတော် အကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးကို တည်ဆောက်လာနိုင်သည့်အတွက် ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။