ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်ဖြစ်ပွား၊ ရွာသားများ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်။
ကျောက်တော်မြို့နယ် အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့် အတွက် ဒေသခံရွာသား တစ်ရာကျော်ခန့် စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်မြို့မှ ၁၅ မိုင်အကွာ တင်းမကျေးရွာ အနီးအနားတွင် နှစ်ပတ်နီးပါးခန့်အကြာ ဖြစ်ပွားနေသည့် ပစ်ခတ်မှုများ၊ ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် ဘေး လွတ်ရာသို့ ထွက်ပြေးနေကြရခြင်းဖြစ်သည်ဟု တင်းမရွာသားများက ပြောသည်။
အမည်မဖော်လိုသူ တင်းမရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက “အခုက ထွက်ပြေးတဲ့လူတွေလည်း ပြေးနေ ကြပါတယ်။ ကျမတို့မိသားစုလည်း အခု ကျောက်တော်က အမျိုးတွေဆီကို ရောက်နေပြီ။ တောလမ်းက နေပဲ ထွက်ပြေးလာတာ။ စစ်တပ်ကလေ ညပဲဖြစ်ဖြစ်၊ မနက်ပဲ ဖြစ်ဖြစ် ပစ်ချိန်တဲ့အချိန်ဆို ပစ်နေတာပါပဲ။ လုံခြုံမှုက မရှိဘူး။ ရွာကလူတွေကလည်း ကြောက်လို့ ထွက်ပြေးကြတာပါ” ဟု ပြောသည်။
“အခုရွာသားတွေက တင်းမရွာကနေ နီးစပ်ရာ ဆွေမျိုးတွေဆီ သွားတဲ့လူသွားတယ်။ ကျောက်တော်မြို့ကို သွားတဲ့လူတွေလည်း သွားကြတယ်။ လှေလမ်းတွေလည်း ပိတ်ထားတယ်။ လိုင်းပေါ့ ဒီရေလမ်း လိုင်းဆွဲနေတဲ့ စက်လှေတွေလေ အဲ့ဒါတွေလည်း မရှိတော့ဘူး။ တိုက်ပွဲဖြစ်တာနဲ့ ကြောက်ပြီး လိုင်းလည်း မဆွဲတော့ဘူးလေ။ အခုရွာသားတွေက တောလမ်းတွေကနေ သွားနေကြရတာ။ အခု ခြံတွေ၊ အိမ်တွေ၊ စိုက်ခင်းတွေလည်း ပစ်ခဲ့ပြီး ထွက်ပြေးလာကြတာ။”
ကျောက်တော်မြို့နယ် အတွင်းရှိ ကျင်းကြီးကျေးရွာတွင် တင်းမရွာမှ ရွာသား တစ်ရာကျော်ခန့် စစ်ဘေးတိန်းရှောင် ရောက်ရှိ နေ သည်ဟုလည်း ကျင်းကြီးရွာသားတစ်ဦးက ပြောသည်။
ကျောက်တော်မြို့ခံ တစ်ဦးကလည်း “ကျောက်တော်မှာလည်း မိသားစု ဆွေမျိုးရှိတဲ့လူတွေဆီကိုလည်း ထွက်ပြေးတာတွေလည်း ရှိတယ်လို့ ပြောတယ်။ ပြီးတော့ ကျောက်တော်မြို့နယ် ကျင်းကြီးရွာမှာ လူတစ်ရာ လောက် ရောက်နေတယ်။ စစ်ရှောင်တွေပေါ့နော်။ အဲ့အနားမှာ တိုက်ပွဲဖြစ်တယ်လို့ပြောတယ်။ အဲ့နားမှာ ခဘော်ရွာနဲ့ တင်းမရွာကြား တောင်ရှည်တောင်ပေါ့၊ ကုလားတန်မြစ်။ အရှေ့ဘက်ကဆိုရင်တော့ ကျောက် တော်-ပလက်ဝလမ်း၊ အနောက်ဘက်ကဆိုရင်တော့ ကုလားတန်မြစ်ပေါ့၊ အဲ့ဒီနားမှာ ဖြစ်တော့၊ အဲ့က ပစ် လိုက်တဲ့ လက်နက်ကြီးတွေက အနားက ရွာတွေမှာ ကျတာပေါ့” ဟု ပြောသည်။
လက်နက်ကြီးများက ရွာများအတွင်း ကျရောက်မှု ရှိသည်ဟု ကျောက်တော်မြို့ခံကပဲ ဆက်ပြောသည်။
“ပြီးတော့ ဝက်မကျရွာမှာလည်းကျတယ်။ အဲ့မှာ နွားတစ်ကောင်သေတယ်။ ပြီးတော့ တင်းမရွာ ဘုန်ကြီး ကျောင်းဝင်းမှာလည်း ကျတယ်။ အဲ့ဒါ ဓမ္မာရုံတို့ ဘုရားတို့ ကျောင်းဆောင်တို့၊ အိမ်တချို့တို့ ပျက်ဆီးတာ တွေရှိတယ်။ ပြီးတော့ အမျိုးသမီးတစ်ဦးကလည်း ညဘက်ခြေကျင်းဝတ်မှာ ထိခိုက်ဒဏ်ရာရတာတွေရှိ တယ်။ အခုလည်း တင်းမရွာက လူတစ်ယောက်ထပ်ထိတယ်။”
ဖေဖော်ဝါရီလ (၂၄) ရက်န့ကလည်း တင်းမကျေးရွာမှ အသက်(၅၀) အရွယ် ဒေါ်မြဝင်းရီ ဆိုသည့် အမျိုး သမီးတစ်ဦးသည် ရေခပ်သွားစဉ် သေနတ်ကျည်ဆံထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ၊ အဆိုပါ အမျိုးသမီး အား ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဖြူစင်မေတ္တာ ပရဟိတအသင်း ဥက္ကဋ္ဌ ကိုညီပု က ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ နှစ်ဖက်ကြား ဖြစ်ပွားနေ သည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။
သို့သော်လည်း ရက္ခိုင့်တပ်တော် ULA/AA ၏ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွင် “ဖေဖော်ဝါရီလ (၂၃/ ၂၄) ရက်နေ့တွင်လည်း ယခင်နေ့များကတည်းက ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ကူပေးနေသော အမြောက်စခန်း(ဗျူဟာ ကုန်း) ပတ်ဝန်းကျင်နှင့် ကျောက်တော်မြို့နယ်၊ (ဝက်မကျရွာနှင့် တင်းမရွာ) အကြား တင်းမရွာသစ် ပတ် ဝန်းကျင်တွင် ကြိုကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်” ဟု ထုတ်ပြန်ထားသည်။
တင်းမကျေးရွာအထက်ဘက်တွင် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ပျက် ဆီးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်မြို့ တင်းမာရွာ အထက်ဘက်တွင် ယခုလ ဒုတိယအပတ်မှ စတင်ပြီး ယနေ့အချိန်ထိ ပစ်ခတ် သံများ ဆက်တိုက် ကြားနေရပြီး အနီးအနားရှိ ကျေးရွာများမှ အရပ်သားပြည်သူများလည်း စိုးရိမ် ထိတ် လန့်နေကြသည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့ လောင်းရှည်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေနတ် ကျည်ထိမှန်ခဲ့ပြီး၊ ၁၈ ရက်နေ့ကလည်း တင်းမရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။