KSPP ညီလာခံကို မတ်လ ပထမပတ်တွင် ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ၏ ပထမဦးဆုံးအကြိမ် ညီလာခံကို မတ်လ ပထမအပတ်တွင် ကျင်းပပြု လုပ်သွားမည်ဟု KSPP ပါတီ က ပြောသည်။

KSPP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက “၃ရက်နေ့ရယ်၊ ၄ ရက်နေ့ရယ်ပေါ့ မတ်လထဲမှာလုပ်မယ်။ ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။ အဓိကတော့ ကျနော်တို့ ရွေးချယ်ထားတဲ့ ကော်မတီတွေကို အဲ့ဒီမှာ ပါတီထဲမှာ အကုန်လုံးပြန်ပြီးမှ ချပြမယ်၊ ဒီဟာကို အတည်ပြုသွားဖို့ရှိပါတယ်။ မူဝါဒတွေလည်း ရေးဆွဲတယ်၊ ဒါတွေလည်း ချပြပြီးမှ အတည်ပြုသွားမယ်။ ပြီးတော့ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေတင်သွင်းတဲ့ သူတို့ရဲ့ သဘော ထား အမြင်တွေလည်း ရှိပါလိမ့်မယ်” ဟု ပြောသည်။

မတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့ အထိ နှစ်ရက်တာ ကျင်းပမည့် အဆိုပါ ညီလာခံတွင် KSPP ပါတီ၏ ဗဟို အလုပ်မှုဆောင်အဖွဲ့ ကို ရွေးချယ်ခြင်းအပြင် ပါတီ၏ မူဝါဒများကို အတည်ပြုခြင်းများပါ ဆောင်ရွက်သွားမည် ဟု သိရသည်။

“ကျနော်တို့က လွန်ခဲ့တဲ့အချိန်မှာတော့ ယာယီပေါ့၊ ယာယီပုံစံမျိုးနဲ့ပဲသွားတော့ ဒီညီလာခံကနေ အတည်ပြုပြီး တော့ သူ့ရဲ့ သက်တမ်းအတောအတွင်းမှာ လုပ်သွားဖို့ပေါ့။ ဒါပြီးမှ အကြံပေးအဖွဲ့တွေလည်းရှိတယ်။ ဒါပြီးမှ ဦး ဆောင် အမြဲတမ်းကော်မတီလည်း ရှိတယ်။ ဗဟိုအလုပ်အမှုဆောင်ရှိမယ်။ ဗဟိုကော်မတီဝင်ရှိမယ်။ ဒါတွေကို အတည်ပြုဖို့ရှိတယ်။ ဒါကြောင့် အရေးကြီးတဲ့ အပိုင်းဖြစ်ပါလိမ့်မယ်။”

ပါတီ၏ ညီလာခံကို ကနဦးက ဖေဖော်ဝါရီလ အတွင်းကျင်းပနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း ပြင်ဆင်ချိန်ကြန့် ကြာမှုကြောင့် ယခုကဲ့သို့ မတ်လ ပထမအပတ်တွင်း ပြောင်းရွှေ့ခဲရခြင်းဖြစ်သည်ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

“ပြင်ဆင်တာ ကြာသွားတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအကြိမ်ထက် နောက်တစ်ကြိမ်ဆို ပိုပြီးမှ လွတ်လပ်တဲ့ ပုံစံမျိုးနဲ့ ပိုပိုပြီးမှလုပ်သွားမှာပါ။ ကျနော်တို့လည်း အခုမှစပြီးမှ လုပ်ဆောင်တယ် ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတွေ လည်း ဖြစ်တယ်ဆိုတော့ အတိမ်းအစောင်းမခံတဲ့ အခြေအနေမျိုးတော့ ဖြစ်ပါတယ်။ အဲ့ဒီကြားထဲမှာ မရ ရ အောင် ညီလာခံကို လုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရမယ့် အပိုင်းတွေလည်း ရှိသလို အကုန်လုံး ပါဝင် ပြီးမှ လုပ်သွားမယ်ဆိုတဲ့ဟာကိုလည်း ပြောလိုပါတယ်။”

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP သည် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီ၊ ပြည်ထောင်စု တိုင်းရင်း သားများ ဖက်ဒရယ် ဒီမိုကရေစီပါတီ UNFDP ပါတီ အစရှိသည့် ပါတီ ၄ ခုကို ပေါင်းစည်းထားသည့် ပါတီကြီး ဖြစ်ပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့က အစုအဖွဲ့ အချို့လည်း ပါဝင်သည်ဟု သိရသည်။

“၆ ပါတီက ဗဟိုကော်မတီတွေကတော့ အမြဲတမ်း ဒီမှာ သူ့ဟာနဲ့သူပါပြီးတော့ ကျန်တဲ့ဟာတွေကတော့ အပြင် ကနေ ရွေးချယ်ပြီးမှ နော်မနေရှင်းတွေက ပြန်ပြီးတင်သွင်းပြီး အဲ့ဒီမှာ အတည်ပြုသွားမှာဖြစ်ပါတယ်။ ပူးပေါင်းတဲ့ ပါတီဖျက်သိမ်းတာ လေးပါတီပေါ့၊ KNC ပါတီက ပါဝင်လာတဲ့ အစုအဖွဲ့တွေလည်း ပါတယ်။ နောက် ၂၀၂၀ မတိုင်မီမှာ မှတ်ပုံတင်ပြီးမှ မရတဲ့အဖွဲ့အစည်းပေါ့ KSPP ပေါ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီက လူတွေ လည်းပါတော့ အကုန်လုံး ၆ ဖွဲ့ ဖြစ်သွားတာပေါ့။ အဲ့ဒီက ကိုယ်စားလှယ်တွေ အကုန်လုံးပေါ့၊ သတ်မှတ်ထားတဲ့ မြို့နယ်အသီးသီးက ပါတီကိုယ်စားလှယ်တွေ တက်လို့ရတယ်။”

ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည့် KSPP ၏ ညီလာခံသည် ပါတီအတွက် အလွန်အရေးကြီးသည့်အပြင် ညီလာခံသို့ ပါတီဝင်များလည်း တက်ရောက်နိုင်မည်ဖြစ်ပြီး အသေးစိတ် အစီအစဉ်များအတွက် ပြန်လည် ဆွေး နွေးသွားရန် ရှိသည်ဟု ဆိုသည်။

ထို့အပြင် KSPP ပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ကျင်းပပြုလုပ်မည့် ပါတီညီလာခံနောက်ပိုင်းတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေး ချယ်သွားမည်ဟု KSPP ပါတီက ပြောသည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ရပ်တည်လာနိုင်သည့် အတွက် ကချင်ပြည်နယ်ရှိ ပြည်သူများ၏ အကျိုးကို ပိုမိုလုပ်ဆောင်နိုင်မည်သာမက ပြည်နယ်သူ ပြည်နယ် သားများ၏ ယုံကြည်မှုကိုလည်း ပိုမိုရရှိလာနိုင်သည်ဟု KSPP ပါတီ ကပြောသည်။

ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းခြင်းကို လွန်ခဲ့သည့် ၂၀၁၃ -၂၀၁၄ ခုနှစ်မှ စတင်ကာ ပါတီ ခေါင်းဆောင် များမှ ကြိုးစားလုပ်ဆောင်လာခဲ့ကြသည်။

ထို့သို့လုပ်ဆောင်လာရာမှ ၂၀၁၈ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီများကို ပေါင်းစည်းကာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်းဆောင်များက ပါတီသစ်အဖြင့် ပေါင်းစည်းထူထောင်ခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP) က ပေါင်းစည်းပါတီ၊ ကချင် ပြည်နယ် တိုးတက်ရေးပါတီ (KSPP)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့က အစုအဖွဲ့ အချို့လည်း ပါဝင်သည်ဟု သိရသည်။

ကချင်နိုင်ငံရေးပါတီ ၆ ခုမှ ပါတီကြီး တစ်ခုအဖြစ် ပေါင်းစည်းလိုက်နိုင်သည့်အတွက် ပြည်သူများ၏ အကျိုးကို ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု KSPP ပါတီက ဆိုသည်။