တပ်မတော်အခန်းကဏ္ဍ လျော့ချရေး အဆိုများ ရှုံးနိမ့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တပ်မတော်၏ အခန်းကဏ္ဍများလျော့ချရန် ပြင်ဆင်ချက် ပုဒ်မများနှင့် ပတ်သက်၍ မတ်လ ၁၀ ရက်နေ့ (ယနေ့) မဲခွဲရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ပြည့်မှီမှု မရှိသည့်အတွက် ရှုံးနိမ့်ခဲ့သည်။

ပုဒ်မ ၄၀(ခ) အရေးပေါ်ကာလတွင် တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဦးဆောင်မှုကို ပယ်ဖျက်ပြီး သမ္မတက ဦးဆောင်ရန် ဆိုသည့် ပြင်ဆင်ချက်ပုဒ်မကို မဲခွဲကြရာတွင် ထောက်ခံမဲမှာ ၄၀၂ မဲ၊ ပုဒ် ၄၀ (ဂ) ကို မဲခွဲရာတွင်လည်း ထောက်ခံမဲ ၃၄၃ မဲသာ ရရှိခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ယနေ့လွှတ်တော်တွင် တက်ရောက်သူ ကိုယ်စားလှယ် ၆၃၃ ဦးရှိခြင်းကြောင့် ၇၅ ရာခိုင်နှုန်းကျော်ရန် ထောက်ခံမဲ့ ၄၇၅ မဲရရန် လိုအပ်သည်။

ထို့အပြင် ပုဒ်မ ၂၀(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီး အကဲဖြစ်သည်ဆိုသည့် ပုဒ်မကို ပယ်ဖျက်ရန် မဲခွဲကြရာတွင်လည်း ထောက်ခံမဲ ၄၀၃ မဲသာ ရရှိခဲ့သည်။ အဆိုပါ ပုဒ်မ ၂၀(ဂ) ပြဌာန်းချက်ကို ပယ်ဖျက်ရန် NLD ဦးဆောင်သည့် ၄၅ ဦးကော်မတီက ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၁၇(ခ) ပြဌာန်းချက်ဖြစ်သည့် ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး၊ နယ်စပ်ရေးရာ ဝန်ကြီးများ၊ တာဝန်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ် ပိုင်ခွင့်ရှိသည်ဆိုသည့် အချက်ကိုလည်း ပယ်ဖျက်ရန် မဲခွဲရာ ထောက်ခံမဲ ၄၀၁ မဲ သာ ရရှိခြင်း ဖြစ်သည်။

အလားတူ နောင်လွှတ်တော်သက်တမ်းများအလိုက် လွှတ်တော်အတွင်း တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထားသည့် အချက်ကို အဆင့်ဆင့်လျှော့ချသွားရန် ပုဒ်မ ၁၄ ကို ပြင်ဆင်ရာမှာလည်း ထောက်ခံမဲမှာ ၄၀၄ မဲသာ ရရှိခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် နောက်ထပ်ပုဒ်တစ်ခုဖြစ်သည့် ပုဒ် ၆(စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက်ဦးတည်သည်” ဆိုသည့် ပြဌာန်းချက်ကို “ပြည်သူ့ဆန္ဒနှင့် အညီသာပါဝင်ရန်” ပြင်ဆင်ချက်သည် လည်း ထောက်ခံမဲ ၄၁၀ မဲ သာရရှိခဲ့သည်။

ပုဒ်မ ၅၊ ပုဒ်မ ၆(ဃ)၊ ပုဒ်မ ၆ (စ)၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇(ခ)၊ ပုဒ်မ ၂၀(ဂ)၊ ပုဒ်မ ၂၆(က)၊ ပုဒ်မ ၃၂ (က)၊ ပုဒ်မ ၃၂ (ခ)၊ ပုဒ်မ ၃၉ ၊ ပုဒ်မ ၄၀(ခ)နှင့် ပုဒ်မ ၄၀(ဂ) စသည့် ပုဒ်မ၊ ပုဒ်ခွဲ ၁၄ ခု အား ပြင်ဆင်ရန် (သို့မဟုတ်) ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ပုဒ်မ၊ ပုဒ်ခွဲ ၁၄ ခု အား မဲခွဲဆုံးဖြတ်ရာတွင် ၂ ခုသာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိခဲ့ပြီး ကျန်သည့် ပုဒ်မများမှာ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြင်ဆင်ရန် မဲခွဲသည့် ပုဒ်မ၊ ပုဒ်မ ခွဲ ၁၄ ခုအနက် “အိုမင်းမစွမ်း”စာသားနေရာတွင် “သက်ကြီးရွယ် အို” အစားထိုးခြင်း၊ “မသန်မစွမ်း”စာသားနေရာတွင် “မသန်စွမ်း” အစားထိုးခြင်းစသည့် ပုဒ်မ ၃၂(က) နှင့် ပုဒ်မ ၃၂(ခ) တို့သည်သာ ထောက်ခံမှု ၇၅ ရာခိုင်နှုန်းကျော်ခဲ့သည့်အတွက် အနိုင်ရခဲ့ပြီး ကျန်ပုဒ်မများမှာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ရွေးကောက်ခံအမတ် ၂၁ ဦး ခွင့်ပျက်ကွက်မှုရှိ သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များမှာ ၁၆၆ ဦးစလုံး ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်လာခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက တစ်ဦးနှင့် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွ့ဲချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားပါတီတို့မှ ကိုယ်စားလှယ်များ ပျက် ကွက်ခဲ့ကြသည်။

မတ်လ ၁၁ ရက်နေ့ (မနက်ဖြန်)တွင်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သည့် ပုဒ် ၅၉ (စ) ပယ်ဖျက်ရန်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေး ကောင်စီကို အရပ်သားအများစုဖြင့် ပြင်ဆင်ဖွဲ့စည်းရန် မဲခွဲဆုံးဖြတ်ရန်ရှိသည်ဟု သိရသည်။