ပြည်သူ့ဘဝနှင့် သဘာ၀ ပျက်စီးစေသော စီမံကိန်းများ မလုပ်ရန် ကချင်ဒေသခံများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၅ ရက်။

ပြည်သူများ၏ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးစေသည့် ဖွံံ့ဖြိုးရေး စီမံကိန်းများ မလုပ်ရန် ကချင်ပြည်နယ်ရှိ ဒေသခံများက တောင်းဆိုလိုက်သည်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ကချင်ပြည်နယ် ပြည် သူ့ပါတီမှ ဒု-ဥက္ကဋ္ဌ ဒေါ်ဒွဲဘူက“လက်ရှိ အစိုးရကိုပေါ့နော် အနာဂတ် တက်လာမယ့် အစိုးရ အဆက် ဆက်ပေါ့ နော် ကျမတို့ရဲ့ ဒီဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်တဲ့နေရာမှာ စီမံကိန်းတွေ လုပ်ဖို့တော့ အမှန်တ ကယ်လို အပ်ပါတယ်။ ဒါပေမယ့် အဲဒီစီမံကိန်းတွေဟာ ဆိုလို့ရှိရင် ကျမတို့ကို ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးမှ နောက်ကျစေတဲ့ ကျမတို့ စိတ်ပိုင်း ရုပ်ပိုင်းကို ထိခိုက်စေတဲ့ စီမံကိန်းတွေ မဖြစ်စေဖို့အတွက် အထူးသတိထား ပြီးတော့ ဆောင်ရွက် ပေးစေချင်ပါတယ်” ဟု ပြောသည်။

မတ်လ ၁၄ ရက်နေ့ က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ လုံဂါဇွပ်ကျေးရွာရှိ ကချင်ချောင်းသာ တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားတွင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

Htoi Gender and Development Foundation မှ အကျိုးဆောင် ရှေ့နေ ဒေါ်ဆာလီထွေးက “ကျမတို့ အစိုးရ အနေနဲ့ကတော့ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာကတော့ လိုတယ် ဒါပေမယ့် လူမှုပတ်ဝန်းကျင်တွေရဲ့ ထိခိုက်မှု ဘယ်လောက်များလဲ ဒါကို ကြည့်ရမှာဖြစ်တယ်။ လူမှုပတ်ဝန်းကျင်မှာ သက်ရောက်နေတဲ့ ဒီထိခိုက်နစ်နာမှုတွေ ကို မစဉ်းစားပဲနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဇွတ်လုပ်နေရင် ဒါကတော့ ပြည်သူအတွက် အကျိုးမရှိဘူးပေါ့နော်။ အစိုးရဆို တာက ပြည်သူတွေ အကျိုးအတွက် လုပ်ရမယ့် အစိုးရ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ စကားသံကို နားထောင် ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားတွင် မြစ်ချောင်းများ ထိန်းသိမ်းရန်၊ ရေအရင်းအမြစ် ဆုံးရှုံးနိုင်သည့် စီမံကိန်းများကို ဆန့်ကျင်ရန်၊ သန့်ရှင်းသည့် ရေကို လုံလောက် စွာ ရရှိရန်နှင့် ဒေသခံများက မိမိတို့၏ ရေအရင်းအမြစ်ကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်ရန် စသည့် ရည်ရွယ် ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည် ဟု ပွဲကျင်းပသူများက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအပါအဝင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် တည်ဆောက်မည့် ရေကာတာ စီမံ ကိန်းများနှင့် ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်က အခြားစီမံကိန်းများသည် ဒေသခံများ၏ လူမှုဘဝများကို ထိခိုက်စေသည့် စီမံကိန်းမျိုး မဖြစ်ရလေအောင် အစိုးရ အနေဖြင့် ဆောင်ရွက်ပေး စေချင်သည် ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားသို့ တက်ရောက်လာသည့်အူပျစ်ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ဆုံရေကာ စီမံကိန်းကို ဖျက်သိမ်းပြီး ဒေသခံများအတွက် သာယာလှပသည့် ဘဝကို ဖန်တီးပေးရန် အစိုးရအား တောင်းဆိုသည်။

“ကျမတို့ကတော့ ဒီဟာကိုဆက်မလုပ်ပေးပါရန် တောင်းဆိုချင်တယ်။ နောက်တစ်ခုက ကျမတို့ကို ဝင်ခံစား ပေးပါပေါ့နော်။ ကိုယ်က စီးပွားရေးတစ်ခုတည်း မဟုတ်ပဲနဲ့ ကိုယ့်ရဲ့ ပြည်သူပြည်သားတွေ ဘယ်လိုမျိုး ဒုက္ခ ရောက်နေသလဲ ဘယ်လိုမျိုး ဒုက္ခရောက်သွားနိုင်သလဲ ဆိုးကျိုးကို ဝင်ခံစားပြီးမှ သူတို့ကိုယ်တိုင် ကိုယ်ရဲ့ စီးပွားရေး တစ်ခုတည်း အတွက် မကြည့်ပဲနဲ့ပေ့ါနော်၊ ပြည်သူပြည်သားတွေ သာယာပျော်ရွှင်တဲ့ နေရာဒေ သဖြစ်ဖို့အတွက် ဝိုင်းဝန်းကူညီပေးပါ။ ဒီမြစ်ဆုံရေကာတာ ဆောက်ခြင်းကို ရပ်ပေးပါလို့ ကျမတို့ တောင်းဆို ချင်ပါတယ်။”

ထို့အပြင် ဒေသခံများ အနေဖြင့် ခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိ ဧရာဝတီမြစ်ကို သောက်သုံးရေ အတွက် သာမက ဘဝရှင်သန်ရပ်တည်နိုင်ရန် အမှီပြုလာခဲ့ရသောကြောင့် ဧရာဝတီမြစ်အား မူလအတိုင်း လွတ်လပ်စွာ စီးဆင်း စေချင်သည်ဟု အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားသို့ တက်ရောက်လာသည် အူပျစ်ရွာမှ ဒေသခံ ဦးအားဆာ က ပြောသည်။

“ဒီဧရာဝတီမြစ်ကိုတော့ ကျနော်တို့ မပျက်ဆီးစေချင်ဘူးပေါ့နော်။ ဒီအတိုင်း နဂိုအတိုင်း သာသာ ယာယာ လေး ပေါ့နော် ရှိစေချင်တယ်။ အခု ဒီစီမံကိန်းနဲ့ ဆိုတော့ စီမံကိန်းက ဒီဧရာဝတီမြစ် ဖျက်ဆီးတဲ့ ပုံစံဖြစ် သွားတာပေါ့နော်။ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကတော့ မပြောနိုင်ဘူးလေ။ ကျနော်တို့က တော့ သူတို့ အစိုးရလို ပညာ မတတ်ဘူး ဆိုတော့ ဆိုးကျိုးတွေ ဘယ်လောက်ဖြစ်လာမလဲ ကောင်းကျိုးတွေ ဘယ်လောက် ဖြစ်လာမလဲဆိုတာ ကျနော်တို့ မခန့်မှန်းနိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ လက်ရှိဘဝမှာ သာယာလှပတဲ့ ဒီမြစ်ချောင်းကို ဆက်လက် ထိန်းသိမ်းစေချင်တယ်” ဟု ပြောသည်။

မြစ်ဆုံ ရေကာတာ စီမံကိန်းအပါအဝင် ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ရှိ စီမံကိန်းတော်တော်များများသည် ယခင် စစ်အစိုးရလက်ထက်က အစိုးရနှင့် တရုတ် ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုထားခဲ့ပြီး ပြည်သူများအပေါ် တစ်စုံတစ်ရာ ပွင့်လင်းမြင်သာမှု မရှိခဲ့ဟု လေ့လာသူများက ဆိုသည်။

သို့ရာတွင် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြည်သူများ၏ တောင်းဆိုမှုကြောင့် ယခင် ဦးသိန်းအစိုးရ လက် ထက်ကတည်းက ရပ်နားထားသည်မှာ ယနေ့အ ချိန်အထိဖြစ်သည်။

ယမန်နေ့က ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားကို Htoi Gender and Development Foundation နှင့် မြစ်ဆုံဒေသခံများက ကမကထ ပြုလုပ်ကာ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။