တပ်မတော် စစ်ကြောင်းများ ဝင်ရောက်မှုကြောင့် ရွာသားများ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၆ ရက်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ် နှင့် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေး ရွာအချို့တွင် တပ်မတော် စစ်ကြောင်းမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ စိုးရိမ်ကြောက်ရွံ့ကာ ထွက်ပြေးနေကြသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောပြသည်။

မင်းပြားမြို့နယ်အတွင်းက ငစရိုင်းချောင်း၊ မင်းရွာ၊ ထောင့်ချေ ကျေးရွာများအတွင်း ဝင်ရောက် စစ်ဆေးမှု များ ပြုလုပ်နေသည်ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ ်ဦးလှသိန်းအောင် က ပြော သည်။

“အဲ့ဒီ မင်းပြားမြို့နယ် အဝကျေးရွာ အုပ်စုထဲက ရွာသုံး ရွာပေါ့ မြန်မာ့တပ်မတော်စစ်ကြောင်းက တစ်ရွာတစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးနေတယ်ပြောတယ်။ တချို့ဆိုရင် ရွာမှာ မနေရဲလို့ ထွက်ပြေးနေကြတာတွေလည်း ရှိတယ်။ တချို့ကတော့ လမ်းပေါ် ထွက်ထိုင် နေကြရတယ်လို့ ရွာသားတွေ ဖုန်းဆက်လာတယ်။ ရာမောင်တံတားနဲ့လည်း တစ်မိုင်လောက်ပဲ ကွာတယ်။ အဲ့နာက ဖားပြင်ကျေးရွာလည်း ပါတယ် အဝကျေးရွာအုပ်စုထဲမှာလေ။ အခု ဝင်ရောက်ရှာဖွေမွှေနှောက် နေတဲ့ နေရာက အဲ့ဒီအုပ်စုမှာပါတယ်။ နဂိုကလည်း အဲ့ဒီရွာတွေက လူတော်တော်များများက စစ်ဘေး ရှောင်စခန်းတွေမှာ ရောက်နေကြပြီ။ အခုကျန်ခဲ့တဲ့လူတွေပေါ့။”

ယခုရက်ပိုင်းအတွင်း မင်းပြားမြို့နယ်ထဲတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တပ်မတော် စစ်ကြောင်းများက ကျေးရွာများအတွင်း စစ်ရောက်စစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ မေလ ၅ ရက်နေ့က အထိ စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဦးလှသိန်းအောင် က ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းက အခြေအနေနှင့် ပတ်သက်၍လည်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “ကျောက်တော်ကားကြီးဝင်းထဲမှာလည်း သူတို့ဝင်ဖောက်နေတယ်။ ကားကြီးဝင်းက ပိတ်ထားတာလေ။ အဲ့ဒါကို အဲ့ထဲက ဆိုင်ခန်းတွေကို ဝင်ပြီးဖောက်တယ်။ ပစ္စည်းတွေယူတယ်။ စားတယ်သောက်တယ်။ ဟိုးတလောကလည်း ဖြစ်တယ်။ အခုတလောလည်း ထပ်ဖြစ်တာလေ။ သူတို့အခုလည်း ရှိနေသေးတယ် ကားကြီးဝင်းထဲမှာ။ အယောက် ၇၀/၈၀ လောက်ရှိတယ်” ဟု ပြောသည်။

ထို့ကြောင့် “COVID-19 နဲ့ ပတ်သက်ပြီး မြို့ဝင်မြို့ထွက်မှာ လူတွေကို အသိပညာပေးတာ၊ Mask တပ်ဖို့၊ တခြားအပူချိန်တိုင်းတဲ့လူတွေလည်း အခုဆို ဘာမှ မလုပ်ရဲကြဘူး။ နှစ်ရက် သုံးရက်ရှိပြီ။ စစ်တပ်က ကား ကြီးဝင်းထဲရောက်နေတော့ မလုပ်ရဲကြဘူး။ ရပ်ထားရတယ်။ ဒီရက်ပိုင်း ကျောက်တော်မှာ ပစ်ခတ်မှုတွေ တော့မဖြစ်ဘူး။” ဟု အဆိုပါ ကျောက်တော်ဒေသခံက ယမန်နေ့က ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လက်နက်ကိုင် ပဋ္ဋိပက္ခကြားတွင် ဒေသခံများသည် အမျိုးမျိုးသောဒုက္ခများနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောသည်။

ရသေ့တောင်မြို့နယ် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာတော့ တပ်မတော်က ရွာထဲကို ဝင်စစ်ဆေးနေတာတွေရှိတယ်။ နောက်တစ်ခါ ရှပ်ပြင် နားမှာ အဲ့လိုမျိုး စစ်ဆေးနေတာတွေရှိတယ်။ ဆိုတော့ ကျေးရွာငယ်ငယ်လေးတွေကတော့ အဲ့လိုမျိုး တပ် မတော်စစ်ကြောင်းတွေလာပြီဆိုရင် ကြောက်ကြတာကိုးနော်။ အဲ့တော့ ရွာလုံးကျွတ်ထွက်ပြေးတာတွေ ရှိ တယ်။ မနေ့က အထိ ဝင်စစ်တွေရှိတယ်။ ရှပ်ပြင်ကဆိုရင် တစ်ရွာလုံး ရွာလုံးကျွတ်ထွက်ပြေးကြတယ်” ဟု ပြောသည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာနှင့် ရှပ်ပြင်ကျေးရွာများအတွင်း တပ်မတော်စစ်ရောက်မှ ဝင်ရောက် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေသည့်အတွက် ရွာသားများကြောက်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေးနေ ကြရကြောင်း ဒေါ်ခင်စောဝေ က ပြောသည်။

ယနေ့ နံနက်ပိုင်းအချိန်ထိ ကျေးရွာထဲသို့ မပြန်ရဲကြပဲ ရှောင်ပုန်းနေကြရဆဲဖြစ်သည်ဟု ပြောသည်။

ထို့အပြင် မေလ ၄ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်အတွင်းက ငတောက်တူချေ ရွာဟောင်းနှင့် ရွာသစ် နှစ်ရွာလုံးအား မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုက မီးရှို့ လိုက်သည်ဟုလည်း ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာနှစ်ရွာလုံးမှ ရွာသူ/သားများ အားလုံးသည် ကြောက်လန့်ကာ အနီးအနားရှိ လွတ်ကင်းရာ နေရာများတွင် နေထိုင်နေကြရသည်ဟု သိရသည်။ ကျေးရွာနှစ်ရွာပေါင်းတွင် လူဦးရေ ၇၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။