KNU နှင့် တပ်မတော် တရက်တည်း ၂ ကြိမ် ပစ်ခတ်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၈ ရက်။

ကရင့်အမျိုးသား အစည်းအရုံး KNU ၏ COVID-19 ရောဂါ ကာကွယ်ရေး ဂိတ်နှစ်ခုကို တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် KNU တပ်မဟာ ၅ လက် အောက်ခံတပ်များနှင့် တပ်မတော်တို့ ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်)တွင် မြန်မာတပ်မတော်မှ စကခ (၈)၊ ခမရ (၄၀၅) တပ်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု KNU ၏ ထုတ်ပြန် ချက်အရ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ KNU ၏ အင်တာနက် စာမျက်နှာတွင် “ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ မြန်မာစစ်တပ်မှ ကိုဗစ် ကူးစက်ရောဂါ စောင့်ကြည့်သည့် နေရာ များအား ဖျက်သိမ်းစေကာ၊ ထိုနေရာများမှ ထွက်ခွာသွားရန် လာရောက်ဖိအားပေးခြင်း၊ ကူးစက်ရောဂါ စောင့်ကြည့်သည့်နေရာအား အတင်းအဓ္ဓမမီးရှို့ ဖျက်စီးခြင်းတို့ကြောင့် တင်းမာမှု ဖြစ်ပေါ်လာကာ ပစ်ခတ် မှုဖြစ်ပွားရခြင်းဖြစ်သည်” ဟု KNU က ရေးသား ထုတ်ပြန်ထား သည်။

အဆိုပါပစ်ခတ်မှုအတွင်း KNU ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိရသေးသကဲ့သို့ တပ်မတော်ဖက်မှ ထိခိုက်မှု အခြေအနေကိုလည်း အသေးစိတ် မသိရသေးဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာများမှာ “ပထမ အကြိမ်တွင် နေ့လည် (၁၂း၁၂) အချိန်၌ ဒွဲလုံမြို့နယ်၊ လေးဖိုး ထာကျေးရွာအုပ်စု၊ ဝါသိုးခို လမ်းမပေါ်ရှိ ကိုဗစ် ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးသည့် နေရာတွင် ပစ်ခတ် မှု ဖြစ်ပေါ်ခဲ့သည်။ ဒုတိယ အကြိမ် တွင် မွန်းလွဲ (၃း၄၁) အချိန်၌ ဒွဲလုံမြို့နယ်၊ ကတိုင်တိကျေးရွာ အုပ်စု၊ ဖား လုံးလမ်းသွယ်တွင် ရှိသော ကိုဗစ် ကူးစက်ရောဂါစောင့် ကြည့်စစ်ဆေးသည့်နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်” ဟု KNU ကပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဝါးသိုးခိုကျေးရွာမှ ဒေသခံများမှာ ကြောက်လန့်ကာ ရွာထဲတွင် မနေရဲတော့ သည့် အတွက် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

မေလ ၆ ရက်နေ့က KNU တပ်မဟာ ၅ နယ်မြေတွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မေလအစောပိုင်းကလည်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၁ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် ပေါင်မြို့နယ် မော်စကိုကျေးရွာအုပ်စု ဈေးမ သွယ် ကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ် ၂ ခုကို တပ်မတော်မှ ဖျတ်သိမ်းရန် လာရောက်ပြောဆို မှုများ ရှိသည့်အတွက် ဖျတ်သိမ်းလိုက်ရသည်ဟု KNU တပ်မဟာ ၁ သထုံခရိုင်မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောစိုးမြင့်က သတင်းနှင့် မီဒီယာကွန်ရက်သို့ မေလ ၂ ရက်နေ့က ပြောဆိုထားသည်။

တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC မှ တွဲဖက်အတွင်းရေးမှူး စောနေထူးက “KNU ဖက်က တော့ ပြောရမယ်ဆိုရင်တော့ ထုတ်ပြန်ထားတဲ့ဟာတွေရှိတယ်။ ဒေသအသီးသီးပေါ့ ဗဟိုအဆင့်ကနေ ပြီးတော့ ကော်မတီဖွဲ့စည်းတာတွေရှိတယ်။ နောက်ပြီးတော့ ခရိုင်အဆင့် မြို့နယ်အဆင့် COVID- 19 နဲ့ ပတ်သက်တဲ့အရေးပေါ် တုန့်ပြန်မှု ကော်မတီသော်လည်းကောင်း အဖွဲ့သော်လည်းကောင်း အဲလိုဖွဲ့စည်း ထားတာရှိတယ်။ သို့သော် ဒေသတစ်ချို့မှာတော့ ဒီအစိုးရ တပ်မတော်ကနေပြီးတော့ KNU က လုပ်ထားတဲ့ ဒီ Screening Point စခန်းတွေကို ဖျတ်သိမ်းပေးဖို့ လုပ်လာတဲ့ဟာတွေရှိတယ်” ဟု ပြောသည်။

တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များ၏ COVID- 19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်း ဆောင်ရွက်နေ ခြင်းများ အပေါ် ခြိမ်းခြောက် တားမြစ်ခြင်းများကို တပ်မတော်အနေဖြင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါ က ရောဂါကာကွယ်တားဆီး ရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဟု စောနေထူးက ဆက် ပြောသည်။

“အဲဒါတွေက တစ်ကယ်တမ်းကျတော့ policy အရ no one left policy ပြောပေမယ့်လည်း ဒါတကယ် လက်တွေ့ကျကျ ကျတော အဲလိုမျိုး pressure လုပ်တဲ့ကိစ္စတွေ နောက် ခြိမ်းခြောက်တားမြစ်တဲ့ကိစ္စတွေက ရှိနေတာကို ကျနော်တို့ သိရတယ်။ အဲဒါကို ဒီအချိန်မှာ လုံးဝမဖြစ်သင့်ဘူးလို့ ကျနော်တို့တော့ ပြောချင်တယ်။”

တပ်မတော်အနေဖြင့် KNU မှ လုပ်ဆောင်နေသည့် COVID- 19 ရာဂါ ကာကွယ်တား ဆီးရေး လုပ်ငန်း များကို နှောင့်ယှက်ဟန့်တားသည်သာမက ဒေသခံများ စိုရိမ်ထိတ်လန့်မှုကိုဖြစ်စေသည့် ပစ်ခတ်မှုအထိ ဖြစ်ပေါ်ခဲ့သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို ချိုးဖောက်သည်ဟု KNU ကစွပ်စွဲထားသည်။

သို့သော် နောက်ထပ်ပြဿနာများ ထပ်မံဖြစ်ပွားမှု မရှိစေရန် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုမှ ဖွဲ့စည်းပေးထားသည့် COVID- 19 ရောဂါ ကာကွယ်တားဆီးရေး ကော်မတီ(ဗဟို)မှ တာဝန်ရှိ သူများက လက်ရှိဖြစ်ပွားနေသည့် ပြဿနာကို ပြေလည်မှု ရရှိအောင် ကိုင်တွယ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။