တရုတ်သို့ ရည်းစားများ ရောင်းစားသည့် အမျိုးသမီး နှစ်ဦးကို ကယ်တင်နိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ မေလ ၂၀ ရက်။

တရုတ်နိုင်ငံသို့ ရည်းစားများက ရောင်းစားခဲ့သည့် အမျိုးသမီး (၂) ဦး အား ပြန်လည်ခေါ်ယူနိုင်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်သူများက ပြောသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ နှင့် မူဆယ်ဒေသရှိ အရပ်ဘက် လူမှုအဖဲ့ွ အစည်းများက တရုတ်နိုင်ငံသို့ရောင်းစားခံခဲ့ရသည့် အမျိုးသမီး (၂) ဦး ကို မေလ ၁၇ ရက်နေ့က ပြန်လည် ခေါ်ယူနိုင်ခဲ့သည်ဟု သိရသည်။

မူဆယ်မြို့ ရှိ ခရစ်ယာန်လူငယ်များအသင်း (YMCA) အတွင်းရေးမှူး ဦးလဖိုင်ဇော်အောင် က “ရောင်းစားခံ လိုက်ရတာ သိလိုက်ရတော့ အစ်ကိုတွေကို ဆက်သွယ်၊ အစ်ကိုတွေကနေ တဆင့် မိဘတွေကို ဆက်သွယ်။ အဲ့ကနေ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေကိုလည်း တိုင်။ အဲ့မှာလည်း သက်သေကမခိုင်လုံ၊ ဒီလိုနဲ့ လုပ်ရင်း လုပ်ရင်းနဲ့ သူတို့ကိုရောင်းစားခဲ့တဲ့ ရည်းစားတွေကိုမိတယ်ပေါ့။ အဲ့မှာ ရောင်းစားခံရတဲ့ နှစ်ယောက်လည်း တရုတ်ရဲဆီမှာ သွားအဖမ်းခံလိုက်တယ်။ အဲ့ကနေ မြန်မာပြည်အခြမ်းကို လွှဲပေးခဲ့တာပေါ့။ နောက်ပြီး အခုက တရုတ်ပြည်ကမှာ လာကြိုတဲ့ နှစ်ယောက်ကိုလည်း ဖမ်းမိထားတယ်” ဟု ပြောသည်။

“သူတို့က ကွတ်ခိုင်၊ ဘန်မူးရွာဘက်က ဟုတ်တယ်။ အခုသူတို့ကို မြန်မာနိုင်ငံလူကုန်ကူူးတားဆီးရေး အဖွဲ့ တွေက ကယ်တင်ထားနိုင်ပြီ။ တရားခံတွေကလည်း စုံစမ်းသိရှိထားပြီ။ တရားခံတွေလည်းမိပြီ ဆိုတော့ အခု ကွတ်ခိုင်တရားရုံးမှာ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရတယ်။”

အဆိုပါအမျိုးသမီးနှစ်ဦးက ၎င်းတို့၏ ရည်းစားဆိုသူ အမျိုးသားနှစ်ဦးက တရုတ်-မြန်မာနယ်စပ် မူဆယ်မှ တရုတ်နိုင်ငံ စန်တုန်မြို့သို့ အဆင့်ဆင့် ရောင်းစားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့နှစ်ယောက်က အွန်လှိုင်းကနေ တရုတ်ပြည်မှာရှိတဲ့လူတွေနဲ့ခင်ပြီး သူတို့က အလုပ်ရှာပေးမယ်ဆိုပြီး တရုတ်ပြည် ကိုခေါ်တယ်။ အဲ့လိုနဲ့တရုတ်ပြည် ကူမင်း(ခွေးမင်)ကိုရောက်တယ်၊ အဲ့ဒီကနေ စန်တုန် ရောက်တဲ့ အချိန်မှာတော့ အလုပ်မဟုတ်ပဲနဲ့ ယောက်ကျား ပေးစားလိုက်တယ်ပေါ့။ တရုတ်ငွေ ယွမ် တစ်သိန်းနှစ်သောင်း ဆီနဲ့ ရောင်းစားလိုက်တယ် ဆိုတဲ့ သတင်းရတယ်ပေါ့နော်” ဟု ဦးလဖိုင်ဇော်အောင်က ဆက်ပြောသည်။

အရောင်းစားခံခဲ့ရသူနှစ်ဦးမှာ တစ်ဦးက အသက် (၁၈) နှစ် နှင့် အသက် (၂၀) နှစ် အရွယ်ရှိသော ရှမ်းပြည် နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဘန်မူးကျေးရွာမှ ကချင်တိုင်းရင်းသူများ ဖြစ်သည်ဟု ဦးလဖိုင်ဇော်အောင် က ပြောသည်။

“အခုသူတို့ကို ပြန်ကယ်လိုက်ပြီး အခုကတော့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့တွေဆီကနေ အစိုးရရဲ့ လူမှုဝန်ထမ်းဂေဟာမှာ စောင့်ရှောက်ထားတယ်။ ရောင်းစားတဲ့လူတွေကိုလည်းအမှုဖွင့်ထားတယ်။ တရားခံတွေကိုလည်း မိထားပြီဆိုတော့လေ။ ရောင်းစားခံရတဲ့ထဲက တစ်ယောက်ဆိုရင် အခုက ကိုယ်ဝန် တောင် ရှိတယ်။ သူတို့နှစ်ယောက်ရဲ့ ဖြစ်စဉ်ကို ကျနော်ဒီလောက်ပဲ သိတယ်။”

ယခုနှစ်အတွင်း ဇန်နဝါရီလမှ မေလအထိ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လူကုန်ကူးခံရသူ (၈) ဦးအား ပြန်လည်ကယ်တင်ပေး နိုင်ခဲ့သည်ဟု သိရသည်။

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် မြန်မာအမျိုးသမီးငယ်များ လူကုန်ကူးခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းများတွင် ပါဝင်နေသူ မူဆယ်မြို့က နော်ဖောအယ် က “ဒီလူကုန်ကူးမှုက ကျမ တို့ အရင်ကတည်းကနေ ကြားနေတွေ့နေရတာပေါ့နော်၊ ခုချိန်ထိပေါ့၊ ကိုယ့်ကြောင့်ကိုယ့်ရဲ့ဘဝကို အားလုံး ကငွေကြေးနဲ့ လဲလယ်နေကြတာပဲလေ၊ အဲဒါကြောင့် ဒီလူကုန်ကူးခံရတယ်ဆိုတာလည်း ယောက်ကျား၊ မိန်းမ ပညာတတ်တတ် ပညာမတတ်တတ် လူကြီး လူငယ်ပေါ့နော်၊ ဒီလိုလူတွေအားလုံး လူကုန် ကူးခံရနိုင်တယ်ပေါ့ နော်။ အဲဒါကြောင့်မို့လို့ ဒီလို လူကုန်ကူးမှုဖြစ်နေတဲ့လူတွေအပေါ်မှာလည်း ကျမတို့ တတ်နိုင်သမျှတွေ့တယ်၊ ကြားတယ်ဆိုရင် သက်ဆိုင်ရာကိုအကြောင်းကြားပေးဖို့ နယ်မြေခံတစ်ယောက်အနေနဲ့ ဆန္ဒပြုချင်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံအပါအဝင် အခြားသော အိမ်နီးချင်းနိုင်ငံများသို့ မြန်မာအမျိုးသမီးများအနေဖြင့် အတင်းအဓမ္မ ထိန်းမြားခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ဇနီးမယားအဖြစ်၊ လိင်ပိုင်းဆိုင်ရာ ကျွန်များအဖြစ် အရောင်းခံရခြင်း၊ လုပ်ငန်းခွင်များသို့ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း၊ အဆင့်ဆင့်ရောင်းစားခံရခြင်းများ စသည့်လူကုန်ကူးခံရမှု အမျိုးမျိုးဖြင့် ကြုံတွေ့နေရသည်ဟု အမျိုးသမီးအရေး လုပ်ရှားဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် ဒေသတွင်း ဆင်းရဲမွဲတေမှု မြှင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ပဋိပက္ခနယ်မြေများအတွင်း စား ဝတ်နေရေး အဆင်မပြေခြင်းတို့ကြောင့် အမျိုးသမီးအများစုမှာ လူကုန်ကူးခံနေရသည်ဟုလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် လုပ်ဆောင်နေသူများက ပြောသည်။