သီပေါမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းတွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် တပ်မတာ်တို့အကြား ဇွန်လ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

RCSS/SSSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးအုမ်ခေး က တပ်မတော်က RCSS တပ်စခန်း ရှိရာကို တောလမ်းမှ ဖြတ်လာသောကြောင့် တိုက်ပွဲ ဖြစ်ရခြင်းဖြစ်ကြောင်း ပြောသည်။

“ကားလမ်းအတိုင်း မသွားပဲနဲ့ တောထဲလျှောက်သွား လျှောက်ဝင်သွား ပြီးတော့ ကျနော်တို့ ရှိတဲ့ RCSS ရှိတဲ့ နေရာမှာ တိုးမိပြီးတော့ ခဏ တိုက်ပွဲဖြစ်သွားတာပေါ့နော်။ ညနေ ၅ နာရီ လောက်ပေါ့နော်။ သိပ်မကြာဘူး နော် ၅ နာရီ လောက်ကနေပြီးတော့ ၆ နာရီကျော်ကျော် လောက်ပဲ ပြီး သွားတယ်နော်။”

တောလမ်းအတိုင်း မလာရန် တပ်မတော်ကို RCSS က အကြောင်းကြားသော်လည်း တပ်မတော်က တောလမ်းအတိုင်း လာခဲ့ခြင်းဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

“အဲဒါက သီပေါမြို့နယ် ပန်ခုတ် ပန်ခါးကျေးရွာမှာပေါ့နော် အဲဒီဂွင်မှာ အဲမှာ တပ်မတော် စစ်စခန်း တစ်ခု ရှိတာ ပေါ့နော်။ အဲဒီစခန်းကနေပြီးတော့ သူတို့ ပန်ခုတ် ပန်ခါးဖက်ကို သွားဖို့ အစီအစဉ်ရှိတယ် ဆိုပြီးတော့ RCSS အဖွဲ့က သိရတာပေါ့နော်။ သိရပြီးခါကျတော့ RCSS တပ်ဖွဲ့ကနေပြီးတော့ ကားလမ်းအတိုင်း သွားပါ လာပါ ရပါတယ် ဆိုပြီးတော့ ဒါပေမယ့် တောထဲကို လျှောက်ဝင်ပြီးတော့ မသွားပါနဲ့ ကျနော်တို့ လူတွေ အများကြီး ရှိနေလို့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်မှာ စိုးလို့ ဆိုပြီးတော့ လှမ်းအကြောင်းကြားတာပေါ့နော်” ဟုပြောသည်။

တန့်ယန့်အခြေစိုက် ခမရ ၃၂၆ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု RCSS/SSA က ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရသေးဟု ဒု-ဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ဖက်မှ သဘောထားကို သိရှိနိုင်ရန် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ်၍ မရသေးသကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာသည့်အတွက် ရှမ်းမြောက် ဒေသခံများအနေဖြင့် လုပ်ကိုင် စားသောက် ရေး အတွက် ခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။

သီပေါမြို့နယ် နမ့်လန်ကျေးရွာမှ ဒေသခံတစ်ဦးက “အခုက စိုက်ပျိုးရာသီလေနော်။ ဆိုတော့ အခုလို တိုက်ပွဲပြန်ဖြစ်တော့ စိုက်ပျိုးဖို့ သွားတာ လာတာတွေ ခက်ခဲလာမှာကို စိုးရိမ်တယ်လေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် နာ းကောင်း မူး ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ဒု-ဗိုလ် မှူးကြီး အုမ်ခေးက ပြော သည်။

“အဲဒါလည်း ဒီလိုပုံစံပဲ တပ်မတော်ဖက်ကနေ ပြီးတော့ ကျနော်တို့ RCSS ရှိတဲ့နေရာကို လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ နောက်ပြီးတော့ နည်းနည်းကြာသွားတော့ RCSS ဖက်ကနေပြီးတော့ ဆက်လက်ပြီး တိုက်ပွဲကြာ ရှည်အောင်မဖြစ်အောင် ဆိုပြီးရှောင်ပေးလိုက်တာ ပေါ့နော်။”

ဖြစ်ပွားလာသည့် တိုက်ပွဲများကို RCSS/SSA ဆက်ဆံရေးများမှ တစ်ဆင့် တပ်မတော်ဖက်မှ သက်ဆိုင်ရာ တိုင်းရုံး တာဝန်ရှိသူများ၊ ဗျူဟာမှူးများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ရှိသလို အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကနေတစ်ဆင့် ပုံမှန်တေ့ွဆုံ ဆွေးနွေးမှုများ ရှိသည်ဟု ဆိုသည်။

တပ်မတော်နှင့် RCSS/SS တို့ တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU သည် တပ်မတာ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲတွင် တိုက်ပွဲ ဖြစ်ပွားနေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားကြသည့် အဖွဲ့များမှာ ကရင် အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ် မြောက် ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ် မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။