ရွေး/ကော်အား တင်ပြဆွေးနွေးရန် အချက်များ တိုင်းရင်းသားပါတီများ ပြင်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည့် အစည်းအဝေးတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြဆွေးနွေးသွားကြမည်ဟု ပြောသည်။

နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်တို့ ဇွန် ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် တွေ့ဆုံရာတွင် သက်ဆိုင်ရာ ကြားနေအဖွဲ့အစည်းများအား လွတ်လပ်စွာ သတင်းရယူ၊ ထုတ်ပြန်ခွင့်များကို ဖွင့်ပေးရန်တောင်းဆိုသွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူးချုပ် စိုင်းလိတ် က ပြောသည်။

“ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် ကြားနေအဖွဲ့အစည်းတွေ လွပ်လပ်မျှတစွာ သတင်းယူနိုင်ခွင့် သတင်း ထုတ်ပြန်နိုင်ခွင့် ဒါတွေရှိဖို့အတွက်ကို သူတို့ဘယ်လို စီမံဆောင်ရွက်မှုမျိုးတွေရှိသလဲ ကျနော်တို့ ဖက်က တော့ အဲဒီကြားနေအဖွဲ့အစည်းတွေ များများစားစားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်အောင် ဖွင့်ထားပေးဖို့ ဒီဥစ္စာကို ကျနော်တို့ တောင်းဆိုမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် ဆိုပါက အဆိုပါ ဒေ သများတွင် ကျင်းပနိုင်မည့် အနေအထား ရှိ၊ မရှိကို ဆွေးနွေးသွားရန်ရှိပြီး ထိုသို့ သိရှိ နိုင်မှသာ ကြိုတင် ပြင် ဆင်မှုများကို လုပ်ဆောင်နိုင်မည်ဟု SNLD က ဆိုသည်။

ထို့အပြင် COVID- 19 ကာလ အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကိစ္စများကိုလည်း တင်ပြသွားမည်ဟု စိုင်းလိတ် က ဆက်ပြောသည်။

“အခုက လူ ၅ ယောက်ထက် ပိုပြီးတော့ မစုရုံးရဆိုပြီးတော့မှလည်း ရှိနေသေးတဲ့ အခါကျတော့ COVID- 19 နဲ့ ပတ်သက်ပြီးတော့ ဘယ်အချိန် သူတို့ ရုတ်သိမ်းမလဲပေါ့နော်။ social distancing ကို ဘယ်တော့ ရုတ်သိမ်းမလဲ ရုတ်သိမ်းပြီးတာနဲ့ ရွေးကောက်ပွဲ ဆင်းတဲ့ campaign ကို ဘယ်လိုအကန့်အသတ်မျိုးရှိမလဲ ဘယ်လို အကန့်အသတ်မျိုးထားမလဲ ပါတီအကုန်လုံး တစ်ပြေးညီ ဖြစ်ဖို့အတွက် သူတို့ ဘယ်လို စီစဉ် ဆောင်ရွက်ပေးမလဲ ဆိုတာကို တစ်ချက်မေးဖို့လိုအပ်ပါတယ်။”

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ၎င်းတို့ပါတီအနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ဖက်ကတော့ အဓိကဆွေးနွေးရမှာကတော့ ကျနော်တို့ကတော့ ရခိုင်ကိုယ်စားပြုပါတီတွေ ဖြစ် တဲ့ အတွက် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဖြစ်နိုင် မဖြစ်နိုင် မေးကြရ မှာပေါ့ဗျာ။ တစ်ဖက်မှာလည်း ပြည်ထောင်စု တစ်ခုလုံးမှာလည်း ရွေးကောက်ပွဲ ဖြစ်နိုင်လား ဆိုတဲ့ဟာမျိုး ဒီလိုမေးခွန်းလေးတွေတော့ ရှိမှာပေါ့။ နောက်တစ်ခါနေပြီးတော့ အခုရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်က COVID ရဲ့ အချိန်လည်း ရှိနေတယ်လေ။ ဒီအတွက်ကိုလည်း ဘယ်လိုအကာအကွယ် အတားအဆီးပါ ဒါတွေလည်း မေးခွန်းတွေ အနေနဲ့ကတော့ ရှိမှာပါ။”

ထို့အတူ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကလည်း ရွေ့ပြောင်းအလုပ်သမားများ မဲပေးမည့် ကိစ္စ ရပ် များ၊ ကြိုတင်မဲကိစ္စ၊ တပ်မဲရုံကိစ္စနှင့် ပွင့်လင်းမြင်သာ၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် လုပ် ဆောင်ပေးရန် စသည့်အချက်များကို အဆိုပါ တွေ့ဆုံပွဲတွင် တင်ပြဆွေးနွေးသွားရန် ရှိသည်ဟု KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့က ရွေးကောက်ပွဲကို ရက်ရွေ့ဆိုင်းခြင်း သို့မဟုတ် ပုံမှန်အတိုင်း ပြုလုပ် မည်ဆိုပါက ရွေးကောက်ပွဲတွင် ပါဝင်မည့် သက်ဆိုင်ရာ ပါတီများ၏ သဘောတူညီချက်ကို ရယူ ရန် SNLD ပါဝင်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ် UNA နှင့် မိတ်ဖက် အဖွဲ့ အ စည်းများက ထုတ်ပြန်ကြေညာချက်ထုတ်ကာ ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်း တောင်းဆိုထား သည်။

ထိုတောင်းဆိုမှု နောက်ပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်မည့် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများအား တွေ့ဆုံဆွေးနွေးရန် ပြောဆိုလာခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဆိုသော်လည်း ကျင်းပမည့်နေ့အတိအကျကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC မှ တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။