တပ်မတော်၏ အကြောင်းကြားစာကြောင့် လူ တသောင်းကျော် ထွက်ပြေးနေရ၊ စားသောက်ရေး အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၈ ရက်။

တပ်မတော်၏ နယ်မြေရှင်းလင်းရေး စီမံချက်ကြောင့် ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာ သူ တစ်သောင်းကျော်ခန့်မှာ နေထိုင် စားသောက်ရေး အခက်အခဲများနှင့် ကြုံနေရသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ခန့်က စတင်၍ ကျောက်တန်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ ရသေ့ တောင် မြို့ပေါ် သို့ ရောက်ရှိလာကြသည့်အတွက် အစားအသောက်များအပြင် နေစရာနေရာ အခက်အခဲများ ရှိနေသည်ဟု စစ်ရှောင်များအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာ ပြောသည်၊

“ဒီစားဝတ်နေရေးပေါ့ သူတို့မှာ စားဝတ်နေရေး က ကြောက်လန့် တကြားထွက်ပြေးလာရတော့ ဆန် စပါးတွေ အကုန်ထားခဲ့တယ်။ ဘာမှ တစ်ခုမှ မယူလာနိုင်ဘူး ပေါ့။ နောက်ပြီး နေရာအခက်အခဲဖြစ်တယ်။ စစ်ရှောင်စခန်း တွေထဲမှာလည်း လူတွေကရှိနေပြီးသား အခု ထပ် ရောက်တော့ ပိုပြီး ကြပ်သွားပြီ။ ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးပေါ့။ လူများတော့ စိုးရိမ်ရတယ်”

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လည်း “ဆန် ပေးရင်တောင် သူတို့ချက်စရာ အိုး ခွက်တောင် မပါလာဘူး။ ထွက်ပြေးရတယ်။ ကျမတို့က ဘယ်လို လုပ်နေလည်းဆိုတော့ ရွာကလူတွေက ဥပမာ- ထမင်းထုပ်တွေပေါ့ တစ်အိမ်က ထမင်းတထုပ် တထုပ်ပေါ့နော် အခုလောလောဆယ်မှာ အဲလိုမျိုး ဖြေ ရှင်း ထားတာတွေ့ ရှိရတယ်။ ကိုယ်ရဲ့ နယ်မြေဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေ ကိုယ်စားလည်း အရမ်း စိတ် ပုူတာပေါ့” ဟု ပြောသည်။

တိုက်ပွဲများကြောင့် စစ်ရှောင် သုံးသောင်းနီးပါးခန့်မှာ ယခင်ကတည်းက ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိနေပြီး စစ်ရှောင်စခန်းများတွင် နေထိုင်နေကြသည်။ ထို့အတူ တပ်မတော်၏ ဒေသအတွင်း နယ်မြေရှင်းလင်းရေး လုပ် ဆောင် မည်ဆိုသည့် အကြောင်းကြားစာကြောင့် ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာသူများမှာ တစ် သောင်း ကျော်ရှိသည်ဟု ကိုဘက္ကာက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်းပါဝင်ပြီး မိုးတွင်းကာလ ဖြစ်သည့်အတွက် အခက်အခဲများစွာနှင့် ကြုံနေရသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံတစ်ဦး က “တကယ်တော့ ကျနော်တို့ကို အားလုံးက စစ်ရှောင်လို့ပြော တယ်။ တကယ်တော့ ကျနော်တို့ က စစ်ရှောင်မဟုတ်ဘူး။ မြန်မာ့တပ်မတော်ကို ရှောင်ပြေးရတဲ့သူတွေပါ။ တိုက်ပွဲဖြစ်လို့ ရှောင်တဲ့လူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခု ကျနော်တု့ိက တိုက်ပွဲဖြစ်လို့မဟုတ်ပဲနဲ့ စစ်သားတွေက နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုလို့ ရှောင်လာရတဲ့လူတွေပါဗျ။ ရွာမှာလည်း နေလို့မရဘူး။ အခု မြို့ပေါ်ရောက်တော့လည်း နေစရာ စားစရာ မရှိဘူး။ ကလေးတွေလည်းပါတယ်။ သက်ကြီးရွယ်အိုတွေလည်း အများကြီးပဲ။ ဘယ်မှာသွားနေရမလဲ” ဟု ပြောသည်။

ကျေးရွာအချို့တွင်လည်း သက်ကြီးရွယ်အိုများ ပိတ်မိနေသေးသည်ဟု ဆိုသည်။ ပိတ်မိနေသူ များကို အစိုးရ အနေဖြင့် ကူညီကယ်ထုတ်ပေးစေချင်သည်ဟု ထွက်ပြေးတိမ်းရှောင်လာကြသူများက ပြောသည်။

ထို့အပြင် ယခုအချိန်သည် ဒေသခံရွာသားများအနေဖြင့် လယ်ယာဆင်းချိန်၊ စိုက်ပျိုးချိန်ဖြစ်သည့်အတွက် ဒေသအတွင်း ယခုကဲ့သို့ တိုက်ပွဲများ၊ စစ်ရေးလှုပ်ရှားမှုများ ရှိလာသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်လည်း အဆင်မပြေဖြစ်ရသည်ဟု ဆိုသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တိုအကြား လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့်လည်း ရေလုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ တောတောင် များအတွင် ရှာဖွေလုပ် ကိုင် စား သောက်ရန်သော်လည်း လုံခြုံမှုမရှိသောေကြောင့် အနာဂတ် စားဝတ်နေရေး အတွက် စိတ်ပူနေရ သည်ဟု ထွက်ပြေးတိမ်းရှောင်လာသူများက ပြောသည်။

ဒေါ်ခင်စောဝေက “ဒီတိုက်ပွဲကဆိုတာက နှစ်ဦးနှစ်ဖက် လက်နက်ကိုင်သူ အချင်းချင်းကတော့ သူတို့လိုအပ် ချက် အရတော့ တိုက်နေကြမှာပဲ သူနိုင်ကိုယ်နိုင် တိုက်ကြမှာပဲ။ ဒါကိုကျမတို့က တော့ ဘာမှမပြောလိုဘူး။ အဲ့ ကြားမှာ ညှပ်နေ တဲ့ပြည်သူတွေ၊ ဒေသခံပြည်သူတွေက လက် နက်လည်း မရှိဘူး ဘာမှမရှိဘူး တိုက်ပွဲဖြစ်ပြီ ဆိုတာနဲ့ အဝေးကို ပြေးနေရတယ်။ အဲ့တော့ သူတို့စားဝတ်နေရေး သွားရေးလာရေး သူတို့ အတွက်ရေရှည်ပေါ့။ စားရေးသောက် ရေးအတွက် အခက်ခဲတွေအများကြီး ရှိတဲ့အတွက် ကျမတို့ စိုးရိမ်ချက်ကတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်ရှိ နေ ပါတယ်။” ဟုပြောသည်။

ကျောက်တန်းတိုက်နယ်အတွင်းတွင် ကျေးရွာပေါင်း လေးဆယ်ကျော်ရှိပြီး တပ်မတော်က အဆိုပါ ဒေသကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ဇွန်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေး မှူးများထံသို့ နယ်မြေရှင်းလင်းရေးနှင့် ပတ်သက်သည့် အကြောင်းကြားစာ ကို ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး က ပေးပို့ထားသည်ဟု သိရသည်။

အဆိုပါစာထဲတွင် ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင်ရှိသည့် ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA အဖွဲ့များ ဖြန့်ကျက်လှုပ် ရှားနေသည့် သတင်းများ ရရှိထားကြောင်း၊ ထို့ကြောင့် AA နှင့် ပတ်သက်ဆက် နွယ် သူများကို လက်မခံထားရန် ပါရှိသည်။

ထို့အပြင် အဆိုပါဒေသကို တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်သည့်အတွက် ဒေသခံ များ အနေဖြင့် ကျေးရွာများမှ ခေတ္တတိမ်းရှောင်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးပို့ထားသည့် ထိုအ ကြောင်းကြားစာထဲတွင် ဖော်ပြထားသည်။

တပ်မတော်၏ နယ်မြေရှင်းလင်းရေး စီမံချက်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြမည့် ရွာသားများအတွက် မည်သို့လုပ်ဆောင်ပေးနိုင်မည်ကို စီစဉ်နေကြောင်း ဇွန်လ ၂၆ ရက်နေ့က ရသေ့တောင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက Myanmar Now သတင်းဌာနအားပြောဆိုထားသည်။