ပင်လယ်ကမ်းခြေများ စီးပွားရေး သမားများအား ချမပေးရန် ဒေသခံများ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

တနင်္သာရီတိုင်းအတွင်း ခရီးသွား လုပ်ငန်းအတွက် မြေနေရာ လျောက်ထားခြင်းများကို ခွင့်မပြုရန် ဒေသခံများနှင့် အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ထားဝယ်ဒေသအတွင်းရှိ ကျွန်းများနှင့် ကမ်းခြေများတွင် ခရီးသွားလုပ်ငန်း အကောင် အထည် ဖော်ရန် အကြောင်းပြချက်ဖြင့် မြေနေရာလုပ်ပိုင်ခွင့် လျှောက်ထားနေခြင်းများကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အနေဖြင့် အဆိုပါလုပ်ငန်းများအတွက် မြေနေရာများ အလွယ်တကူချထားပေးခြင်း၊ သဘောထားမှတ်ချက် ပေးခြင်းများ မပြုလုပ်ရန်နှင့် အကျိုးသက်ရောက်မည့် ဒေသခံများ၏ သဘောထား များကို အလေးထား ပေးပါရန် ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တိုင်းအစိုးရက ယခင်နှစ်က ထားဝယ်ခရိုင်၊ လောင်းလုံကျွန်းစွယ်မှာ ခရီးသွား လုပ်ငန်းအတွက်ဆိုပြီး အထူးလျို့ဝှက်ဟု ဆိုကာ ဒေသခံများနှင့် မြေယာအရေး စိတ်ဝင်စားသူတွေကို အသိပေး ဖြေကြားခြင်းမရှိပဲ မြေဧကပေါင်းများစွာကို သဘောထားမှတ်ချက်ပေးခဲ့သည်ဟု Dawei Watch Foundation အဖွဲ့မှ ကိုအောင်လွင် က ပြောသည်။

“လောလောလတ်လတ်ပဲ ပြီးခဲ့တဲ့ တိုင်းဒေသကြီးအစိုးရ လျှောက်ထားတဲ့ မြေနေရာထဲက တစ်ခုကို ပြည်ထောင်စုကို သဘောထားမှတ်ချက် ပေးလိုက်ပါတယ်။ လယ်ဆည်ဝန်ကြီးက နိုင်ငံတော် အဆင့် အထူးလျှိုဝှက်ဖြစ်တာကြောင့်မို့ လို့ ဒေသခံတွေ နဲ့ မြေယာအရေးစိတ်ဝင်စားတဲ့သူတွေကို ပေးသိလို့ မရတဲ့ သဘောကို သက်ရောက်စေတဲ့ ဖြေကြားမှုပြု လုပ်ပါတယ်။” ဟု ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း (၁၆) ဖွဲ့ နှင့် အတူ ဒေသခံဌာနေ ရေလုပ်သားများမှ ထုတ်ပြန် သည့် ထုတ်ပြန်ချက်ထဲတွင် “ထားဝယ်ခရိုင်အတွင်း ဧက ၁၄၀ ရှိ ပဲ့ဇင်ကျွန်းအား Excellent Fortune Development Group ကုမ္ပဏီက ဦးစိုင်းမျိုးဝင်းအမည်ဖြင့် လုပ်ပိုင်ခွင့် လျှောက်ထားမှုအပေါ် တိုင်းအစိုးရ အဖွဲ့က သဘောထားမှတ်ချက်ပေးခြင်း မှာ အထူးလျို့ ဝှက်ဖြစ်သောကြောင့် ထုတ်ပြော၍ မရ ဟု တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းမှ ပြောကြားချက်သည် ပွင့်လင်း မြင်သာမှု အားနည်းပြီး ဒေသခံတောင်သူလယ်သမားများနှင့် ရေလုပ်သားများအတွက် စိုးရိမ်ရသည့် အခြေ အနေများ ဖြစ်ကြောင်း ရှုမြင်သည်” ဟု ပါရှိသည်။

ဒေသအတွင်း လာရောက်လုပ်ကိုင်ကြမည့် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုများ သည် ပွင့်လင်းမြင်သာမှုမရှိ သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ ကျွန်းများ၊ ကမ်းခြေများကို စီးပွားရေးလုပ်ငန်းရှင်များ၏ လက်ထဲသို့ အလွယ်တကူ ရောက်ရှိသွားမည်ကို စိုးရိမ်ရသည်ဟု ဆက်ပြောသည်။

“ဆိုတော့ ကန့်ကွက်တယ်ဆိုတာက တနင်္သာရီတိုင်းဒေသကြီးမှာ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်တဲ့ ရည် ရွယ်ချက်နဲ့ မဟုတ်ပါဘူး။ စီပွားရေး လုပ်ငန်းတွေလုပ်တဲ့အချိန်မှာ လိုက်နာရမယ့် ဥပဒေ လုပ်ထုံးလုပ်နည်း စံချိန်စံညွန်းတွေရှိပါတယ်။ အဲ့သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း စီးပွားရေးလုပ်မယ့် လုပ်ငန်းရှင်တွေ ဘက်ကရော သက်ဆိုင်ရာ အစိုးရအဖွဲ့တွေဘက်ကရော လိုက်နာပြီးတော့ လုပ်ဖို့အတွက် ကျနော်တို့က ရည် ရွယ်တာ ဖြစ်ပါတယ်” ဟု ကိုအောင်လွင်က ဇူလိုင်လ ၇ ရက်နေ့က ကျင်းပသည့် အွန်လိုင်းသတင်းစာ ရှင်းလင်း ပွဲတွေ ပြောဆိုခဲ့သည်။

ပဲ့ဇင်ကျွန်းသည် ထားဝယ်ဒေသအတွင်းက ငါးဖမ်းလုပ်သမားများအတွက် အဓိကအားထားရသည့် ကျွန်းတစ် ကျွန်းဖြစ်သည်ဟုလည်း ရေလုပ်သားများက ပြောသည်။ မိရိုးဖလာ ကမ်းနီးရေလုပ်ငန်းဖြင့် အဓိက အသက် မွေးဝမ်းကျောင်းကြသည့် နေရာများဖြစ်ပြီး အဆိုပါ ထားဝယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ လောင်းလုံမြို့ နယ်အတွင်း အဓိက အခြေပြုထားသည့် ကမ်းနီးရေလုပ်ငန်း လုပ်ကိုင်နေသည့် လှေအစီးရေ တစ်ထောင် ကျော်ရှိသည်ဟု သိရသည်။

လုပ်ငန်းရှင်များ ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ရန် လျှောက်ထားသည့် ပဲဇင်ကျွန်းအပါအဝင် အခြား ကျွန်းနှင့် ကမ်းခြေများမှာ စားဝတ်နေရေးအတွက်သာမက သဘာဝရေဘေး၊ လေဘေးများအတွက်ပါ ကမ်းနီး ရေလုပ်သားများအတွက် အရေးပါသည်ဟု ပြောသည်။

ပညစ်ကျေးရွာအုပ်စုမှ ဦးတင်ထွေး က “ကျနော်တို့ ပညစ်ကျေးရွာအုပ်စုထဲမှာဆိုရင် Excellent Fortune Development Group ကုမ္ပဏီကနေ လျှောက်ထားတဲ့ ကျွန်းတစ်နေရာ ပါတာပေါ့။ အဲ့ကျွန်းက ၁၁.၀၉ ဧက ရှိတယ်။ ဒါပေမယ့် အဲ့ကျွန်းက ရှမ်းမော်ကျေးရွာရဲ့ မျက်နှာစာ တည့်တည့်မှာ ခဲတစ်ပစ်စာလောက်ပဲ အဝေးမှာ ရှိတာဖြစ်တယ်။ ဆိုတော့ အဲ့ကျွန်းက ရှမ်းမော်ရွာရဲ့ လေကာဖြစ်ပါတယ်။ တကယ်လို့ အဲ့ကျွန်းသာမရှိတော့ဘူး အဲ့ကျွန်းမှာ သစ်ပင်တွေ ဘာတွေခုတ်လိုက်မယ်ဆိုရင် ရှမ်းမော်ရွာဆိုတာ ဆက်လက်ပြီးတော့ ရပ်တည်ဖို့ မလွယ်တော့ဘူး” ဟု ပြောသည်။

“နောက်တစ်ခု အဲ့ကျွန်းက ရှမ်းမော်ရွာရော၊ ပညစ်ကျေးရွာက လူတွေရော နေ့စဉ်ဘဝရဲ့ အသက်သွေးကြော ဆိုလည်း ဟုတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွာက လူတွေက အဲ့မှာ ငါးမြှားတာတို့၊ ဂဏာန်းရှာတာတို့၊ နောက်ပြီး အဲ့ကျွန်းမှာ ခိုအောင်းပြီးတော့ ပင်လယ်ထဲကို ဆက်ပြီး ပိုက်ပစ်ထွက်ရတာတို့၊ ငါးဖမ်းထွက်ရတာတို့ ဒါတွေက အဓိက နေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကုမ္ပဏီတစ်ခုကို ပေးလိုက်မယ်ဆိုရင် ရှမ်းမော်ရွာနဲ့ ပညစ်ရွာ ကတော့ အတိဒုက္ခရောက်ကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျွန်းကို ကုမ္ပဏီလက်ထဲကို ထည့်မပေးဖို့အတွက် ဆက်တိုက် ကန့်ကွက်လာကြတာ။”

လောင်းလုံမြို့နယ်အတွင်းရှိ ပဲ့ဇင်ကျွန်း၊ ကျောက်တွင်းကမ်းခြေ၊ စမ်းလှမ်းကမ်းခြေအနီးရှိ ပညစ်ကျွန်း၊ ဖိုးဖိုး ကျောက်ကမ်းခြေ စသည့် လောင်းလုံကျွန်းဆွယ်ရှိ ကမ်းခြေများနှင့် ကျွန်းများကို ခရီးသွားလုပ်ငန်း အကြောင်း ပြ၍ မြေယာလက်ဦးမှုရယူ၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရထံ လျှောက်ထားခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထောက်ပြထားသည်။

တီဇစ်မှ ရေလုပ်သား ဦးရွှေမင်း က “ကမ်းခြေကို သူဌေးလက်ထဲ အပ်လိုက်မယ်ဆိုရင် ကျနော်တို့မှာ နေစရာ၊ စားစရာတွေက မရှိပဲဖြစ်သွားမှာပါ ခင်ဗျ။ ကျနော်တို့က သူတို့ လိုအပ်ရင် မြေလိုရင် မြေကို ပေးချင်တယ်။ အိမ်လိုရင်အိမ် ပေးချင်တယ်။ ကမ်းခြေကတော့ ပေးလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးခင်ဗျ။ ကမ်းခြေမရှိဘူးဆိုရင် ကျနော်တို့ ထမင်းလည်းငတ်မယ်ခင်ဗျ။ ဒုက္ခတွေလည်း အများကြီးကြုံရမယ်ခင်ဗျ” ဟု ပြောသည်။

ထားဝယ်ဒေသအတွင်းရှိ အခြားသော နေရာဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ခရီး သွားလုပ်ငန်းများ၏ အတွေ့အကြုံအရ ဒေသခံဌာနေတိုင်းရင်းသားများ၏ မြေယာများဆုံးရှုံးခြင်း၊ အများပိုင် နေ ရာများဆုံးရှုံးခြင်း၊ မိရိုးဖလာ ယဉ်ကျေးမှုများပျက်စီးခြင်း နှင့် ဒေသခံများအတွက် ကန့်သတ်နယ်နိမိတ်များ ဖြစ်ပေါ်လာခြင်းများ ရှိနေသည်ဟု ဆိုသည်။

ရေလုပ်သား ခေါင်းဆောင် ဦးကျော်ဇင်မင်းလတ် က “ဒီမြေကြီးတွေ၊ ဒီသစ်ပင်တွေ၊ ဒီကျွန်းတွေ မရှိလို့ရှိရင် ကျနော်တို့က ဒီဌာနေတိုင်းရင်းသားတွေက ဘယ်လိုမှ နေထိုင်လို့ရမဘူး။ ဘယ်လိုမှလည်း လုပ်စားလို့ မရဘူး ပေါ့နော်။ ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ ဒုတိယမိခင်လို့လည်း ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ ဟိုးဘိုး ဘွားလက်ထက်ကတည်းက ဒီဟာတွေက လုပ်စားလာတယ်။ အခုလည်း ကျနော်တို့ လုပ်စားနေတယ်။ အခု မျိုးဆက်သစ်တွေလည်း ထားခဲ့ချင်တယ်။ ဒီအတိုင်းပဲ ထားခဲ့ချင်တာပေါ့နော်။ ဒါပေမယ့် တိုးတက်တာတော့ မကန့်ကွက်လိုဘူး။ အရာရာ တရားမျှတမှုနဲ့ ရှိစေချင်တယ်” ဟု ပြောသည်။

ခေတ်အဆက်ဆက် ဒေသအတွင်း မြေယာသိမ်းဆည်းမှုနှင့် မဖြေရှင်းနိုင်သေးသည့် မြေယာပြဿနာ များစွာ ရှိနေပြီး ယခုကဲ့သို့ တိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့အနေဖြင့် လုပ်ငန်းရှင်များအား မြေနေ ရာလုပ်ပိုင်ခွင့်ချထားပေးမှုများမှာ ဒေသခံများ၏ သဘောထားဆန္ဒများကို ရယူခြင်းမရှိပဲ လုပ်ဆောင်နေခြင်း သည် မြေယာပြဿနာအသစ်များ ဖန်တီးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သည်ဟု ဆိုသည်။

၎င်းတို့၏ ဒေသအတွင်း ခရီးသွားလုပ်ငန်းများကို အကောင်အထောင်ဖော် ဆောင်ရွက်ရာတွင် ရေရှည်တည် တံ့အောင်မြင်ရန်အတွက် လုပ်ငန်းအဆင့်ဆင့်အား ဒေသခံဌာနပြည်သူများ၏ သဘောဆန္ဒပါဝင်ပြီးမှသာ ဖော် ဆောင်သင့်သည်ဟု ဒေသခံများက ပြောသည်။