တရားပြင်ဆင်ချက်တက်ခြင်းကြောင့် တောင်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

COVID- 19 ကာလအတွင်း ကရင်နီတောင်သူများကို တပ်မတော်က ပြင်ဆင်ချက်တက်ကာ ထပ်မံတရားစွဲဆိုခြင်းသည် တောင်သူများအား အဖက်ဖက်မှ ခက်ခဲမှုကို ဖြစ်စေသည်ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂအဖွဲ့က ပြောသည်။

အမည်မဖော်လိုသူ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင်တစ်ဦးက “အခုက COVID ကာလ လည်းဖြစ်တယ် ကပ်ရာဂါ ကာလလည်း ဖြစ်တယ်။ တစ်ချို့တောင်သူတွေဆို မြေအသိမ်းခံရလို့ စိုက်စရာ ပျိုးစရာလည်း မရှိတော့ဘူးပေါ့နော်။ ဆိုတော့ တော်တော်လေး အခက်အခဲရှိတယ်။ သူတို့ရဲ့ မိသားစု စား ဝတ်နေရေး အတွက်ရောပေါ့နော်” ဟု ပြောသည်။

COVID ကြောင့် စားဝတ်နေရေး ခက်ခဲနေသည့် ကြားက ယခုကဲ့သို့ တရားရုံးတွင် ထပ်မံ တရား ရင်ဆိုင်ရ သည့်အတွက် ပို၍ခက်ခဲလာစေသည်ဟု အဆိုပါ အမည်မဖော်လို သူ ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင်က ဆက်ပြောသည်။

“ဆိုတော့ အခုဟာက ထပ်ပြီးတော့ တရားစွဲဆိုတယ်ဆိုတော့ သူတို့ရုံးချိန်းကိုလည်း စပြီးတော့ လာရ မယ် ဆိုတော့ သူတို့အတွက် စရိတ်ကအစ အိမ်မှာ မိသားစု စား၀၀တ်နေရေး ပူပန်ရတယ် ပြီးရင် တစ်ဖက်က လည်း တရားရေးဖက်မှာလည်း ထပ်ပြီးတော့ ရင်ဆိုင်ရမယ်ဆိုတော့ သူတို့အတွက် ပိုပြီးတော့ အခက် အခဲ ဖြစ်စေတာပေါ့ခင်ဗျား” ဟု ပြောသည်။

လွိုင်ကော်မြို့နယ်ရှိ ကျေးရွာမျးမှ တောင်သူများကို လွိုင်ကော်မြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်း များဖြစ်သော အမတ (၃၅၆) နှင့် ခမရ (၂၅၀) တို့က ပြင်ဆင်ချက်တက်ကာ ထပ်မံတရားစွဲ ဆိုထားပြီး၊ ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှ တောင်သူများကိုမူ ဒီမောဆိုမြို့နယ် အခြေစိုက် အမတ ( ၃၆၀ ) က ပြင်ဆင် ချက်တက်ကာ ထပ်မံတရားစွဲထားခြင်း ဖြစ်သည်။

ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုစစ်မုန်းကလည်း “အခက်အခဲကတော့ ကိုယ့်မြေကိုလည်း အသိမ်းခံရတယ်။ စိုက်ပျိုးထားတဲ့ဟာတွေအတွက်လည်း အချိန်အပြည့်မပေးနိုင်ဘူး။ ပြီးရင် ခုနပြောသလိုပေါ့နော် COVID က ဒီထက်ကြီးလာရင် ကိုယ်တွေ သွားလာလို့မရဘူး။ အဲလိုအခြေ အနေရှိ လာရင် သူတို့မှာက ဘာလုပ်ရမယ်ဆိုတဲ့ နောက်ဘယ်သူ့ကို အကူအညီတောင်းရမလဲ ဘယ်သူက လာကူညီမလဲ ဆိုတဲ့ အနေအထားမှာ အကာအကွယ်မဲ့တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

တပ်မတော်က ၎င်းတို့၏ မြေယာများကို သိမ်းယူလိုက်သောကြောင့် လုပ်ကိုင်စားသောက်ရန် မြေယာ မရှိတော့သည့်အတွက် စားဝတ်နေရေးခက်ခဲနေသည့်ကြားက COVID- 19 ရောဂါ ဖြစ်ပွားလာသည့် အတွက် ယခင်ကထက် ခက်ခဲလာသည်ဟု ဆိုသည်။

အဆိုပါ အခက်အခဲများကို ဖြေရှင်းရန် တောင်သူများအနေဖြင့် နေ့စား အလုပ်ကို ဝင်ရောက်လုပ်ကိုင် နေကြသည်ဟု ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှ တောင်သူ ဦးပါးရယ်က ပြောသည်။

“ကျနော်တို့ ပေါင်းရှင်းမယ်ဆိုရင် အရင်တုန်းက ကျနော်တု့ိ လူနဲ့ပဲ လိုက်တယ်။ အခုကျနော်တို့ နေ့စား လိုက်ခါကျတော့ အများအားဖြင့် ပေါင်းသတ်ဆေးတွေ သုံးခါကျတော့ ကျနော်တို့ အလုပ်အကိုင် အတော် လေးရှားသွားတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဆက်ပြီး ဘဝရှင်သန်ဖို့ တော်တော်လေး မဖြစ်နိုင်တော့တဲ့ ကိစ္စပေါ့နော်။”

လက်ရှိတွင် လွိုင်ကော်မြို့နယ်ရှိ ဒေါမူကလား၊ သုံးမိုင်၊ လွယ်ကမူ ကျေးရွာများရှိ တောင်သူ ၂၀ ဦးနှင့် ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှ တောင်သူ ၆ ဦးမှာ တပ်မတော်မှ ပြည်နယ် တရားလွှတ်တော်ရုံးတွင် ပြင်ဆင်ချက် တက်ကြောင်း အကြောင်းကြားစာကို ယခုလ ၂ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ရရှိထား သည် ဟု ဆိုသည်။ သို့သော် ထိုလူဦးရေထက် ပို၍ များလာနိုင်သည်ဟု ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ က ပြောသည်။

ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာရှိ တောင်သူများက ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်နယ်တရား လွှတ် တော်ရုံးတွင် ရုံးချိန်းသွားရောက်မှာ ဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင် လွိုင်ကော်မြို့နယ်ရှိ ဒေါမူကလား သုံးမိုင်နှင့် လွယ်ကမူ အစရှိသည့် ကျေးရွာမှ တောင်သူများမှာ ရုံးချိန်းသွားရောက် ရမည်ဟု ဆိုသည်။

ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှ ဦးပါးရယ်က တပ်မတော်က ပြင်ဆင်ချက်တက်ကာ ၎င်းတို့အား ထပ်မံတရားစွဲ ဆိုလာသည့်အပေါ် ယခုလိုပြောသည်။

“သူတို့ပြန်ပြီး တရားစွဲတဲ့အပေါ်မှာတော့ ဘာမှမတတ်နိုင်တော့ဘူးလေ ကျနော်တို့ တောင်သူလည်း ဘာမှ တရားဥပဒေလမ်းကြောင်းအရ ကျနော်တို့ ဘာမှ နားမလည်ဘူးလေ။ ကျနော်တို့ နားလည်တာက တစ်နေ့ လုပ်၊ တစ်နေ့စား ဒီတစ်နှစ်ကျနော်တို့ ဘာစိုက်ရမလဲ။ ကျနော်တို့ ရာသီအလိုက် စိုက်ပျိုးသီးနှံမှာပဲ အချိန် ကုန်နေတာ ဒါကြောင့်မို့လို့ သူတို့စွဲထားတဲ့အပေါ်မှာပဲ ကျနော်တို့ ဆက်သွားရမှာပေါ့နော်။”

ကိုစစ်မုန်းကလည်း “သူတို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲရှိတယ်ပေါ့နော်။ တရားစွဲခံရတော့ သွားဖို့ လာဖို့အတွက် ချေးငှားရတယ်။ ဒီလို အခက်အခဲဖြစ်နေတော့ ဆွေမျိုးသားချင်းတွေ ဝိုင်းကူထားပေမယ့် ဒီအမှုတွေ ပြီးပြတ်သွားလို့ နောင်တစ်ချိန်ကျရင် လုပ်ကူရမယ့် ပြန်ဆပ်ရမယ့်ဟာတွေတော့ အများကြီးရှိပါ တယ်” ဟု ပြောသည်။

အဆိုပါအနေအထားမျိုးတွင် တပ်မတော်မှ ပြည်နယ် တရားလွှတ်တော်ရုံးတွင် ပြင်ဆင်ချက် တက်ကာ ထပ်မံတရားစွဲဆိုမှုကို ရုတ်သိမ်း ပေးရန် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂမှ တောင်းဆိုသည်။

အမည်မဖော်လိုသူ ကရင်နီပြည် တောင်သူသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ တောင်းဆိုချင်တာက တော့ တောင်သူလယ်သမားတွေအတွက်ကတော့ ခုနလိုမျိုး ဒီမှာပဲ ပြီးစေချင်တာပေါ့။ မြို့နယ်ကလည်း ချမှတ်ပြီး သားပဲ ဒီအမိန့်နဲ့ပဲ ပြီးစေချင်တယ်။ ဒါပေမယ့် ထပ်ပြီးတက်တဲ့အပေါ်မှာ ဒါကတော့ မလုပ်သင့် တော့ဘူးလို့ ကျနော်တို့ ယူဆတယ် ဒါကို ဒီမှာ ရပ်နားသင့်တယ် တောင်သူတွေက တော်တော် အခက် အခဲ ရှိနေပြီဆိုတာကို ပြောပြစေချင်တယ်။ တပ်ကိုပေါ့နော တပ်ကလည်း အဲဒါကို ပြန်ပြီးတော့ စဉ်းစားသုံး သပ်ပြီးတော့ တောင်သူတွေကို ငှဲ့ညာသင့်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်း ၃ ဦးနှင့် ဌာနေတောင်သူလယ်သမား ၃၇ ဦးတို့ကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆/၁ နှင့် ရာဇ သတ်ကြီး ဥပဒေ ပုဒ်မများဖြစ်သော ပိုင်နက်ကျူးကျော်မှု(၄၄၇)၊ အကျိုးဖျက်ဆီးမှု ( ၄၂၇ )၊ ဝတ္တရားနှောက် ယှက်မှု ( ၃၅၃)၊ စိတ်ငြိုငြင်အောင် ပြောဆိုမှု (၂၉၄) စသည့် ပုဒ်မ ၅ ခုဖြင့် အမှုပေါင်း ၇၀ ကို တပ်မတော်မှ ဗိုလ်မှူး ၂ ဦး နှင့် ဗိုလ်ကြီး ၆ ဦးက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သည်။

ထို့တရားစွဲဆိုမှုကြောင့် မတ်လ ၁၃ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် မြို့နယ် တရားရုံးအသီးသီးက ထောင် ဒဏ် နှင့် ငွေဒဏ်ချ မှတ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

တောင်သူများ ပြည်လည်လွတ်မြောက်လာပြီး ၃ လအကြာတွင် တပ်မတော်က မြို့နယ်တရားရုံးအသီးသီးမှ ချမှတ်လိုက်သည့် ပြစ်ဒဏ်သည် တရားမျှတမှု မရှိဟုဆိုပြီး ပြည်နယ် တရားလွှတ်တော်ရုံးသို့ ပြင်ဆင်ချက် တက်ကာ တောင်သူများကို ထပ်မံတရားစွဲဆိုထားခြင်းဖြစ်သည်။