ရခိုင် ပစ်ခတ်မှုတွင် အရပ်သား နှစ်ဦး ထပ်မံသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၄ ရက်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက ပစ်ခတ်မှုများအတွင်း ဒေသခံ နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်းက ချိန်ခါလီကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် နှစ်ရက် ဆက်တိုက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း ကျရောက်ခဲ့သည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူများ ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦး က “ရွာထဲကိုက ဒီ လက်နက်ကြီးရော၊ အငယ်ရော ဆက်တိုက်ကျတာပေါ့နော်။ အားလုံးက လည်း ကြောက်ပြီး ပုန်းနေကြတယ်။ အဲ့မှာ သုံးယောက် ဒဏ်ရာရသွားတယ်။ အစပိုင်းတော့ တစ်ချက် နှစ်ချက် ပဲ ကြားရတာဗျ။ သိပ်မကျဘူး နောက်တော့ ဆက်တိုက် အသံတွေကြားရတယ်။ လက်နက်ကြီးရော လက်နက် ငယ်သံတွေရော ဆူညံသွားတယ်။ ပြေးတဲ့လူလည်းပြေးတာရှိတယ်။ တချို့လည်း အားလုံးပုန်းကြပေါ့။ အဲ့မှာ ၂ ယောက်သေတယ်။ သုံးယောက်ကတော့ ဒဏ်ရာရသွားတယ်။ သေတာက ယောက်ကျားတစ်ယောက်၊ မိန်းမ တစ်ယောက်သေသွားတယ်” ဟု ပြောသည်။

အသက် ၅ နှစ်အရွယ် ခန့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါဒေသခံ က ဆက်ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “မြန်မာ့တပ်မတော်နဲ့ AA နဲ့ တိုက်ပွဲ တွေဖြစ်တယ်ဆိုတာ သိရပါတယ်။ တပ်မတော်စစ်ကြောင်းက ချိန်ခါလီကိုရောက်တယ်ပေါ့နော်။ အဲ့မှာ တပ်က သေနတ်ပစ်ပြီးဝင်လာတော့ ကျေးရွာကလူတွေက တခြားကျေးရွာတွေကို ထွက်ပြေးကြတယ်ပေါ့နော်။ ဒီနေ့ မနက်ပြောတာက ကျေးရွာထဲမှ သေဆုံးတဲ့လူနှစ်ဦးရှိတယ်လို့ ဖုန်းဆက်ပြောပါတယ်။ သက်ကြီးရွယ်အို တချို့ လည်း ပိတ်မိနေတယ်လို့ အကြောင်းကြားလာပါတယ်။ ဖမ်းဆီးခံထားရတာလည်း သုံးယောက်ရှိတယ်လို့ ပြော တယ်” ဟု ပြောသည်။

“ဒုံးပိုက်မှာက သက်သက်ပေါ့နော်။ အဲ့မှာက ၃ ယောက်ဒဏ်ရာရတာရှိတယ်လို့လည်း သိထားရတယ်။ ဒါပေ မယ့် ဒုံးပိုက်ကတော့ ဖုန်းဆက်လာတော့ မရှိသေးဘူး။ ဒုံးပိုက်နဲ့ ချိန်ခါလီ လမ်းက တစ်လမ်းတည်းတော့ တစ် လမ်းတည်းပဲ။ ၄၅ မိနစ်လောက်သွားရင်တော့ ရောက်ပါတယ်။ ဒုံးပိုက်ရွာအနီးမှာလည်း တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်။ တပ်မတော်နဲ့ AA နဲ့။ ဒုံးပိုက်အနီးမှာဖြစ်ပြီးတော့မှ ချိန်ခါလီကို မြန်မာ့တပ်မတော်က လာတယ်လို့ ပြောပါတယ်။ ၁၂၊ ၁၃ မှာပဲ ဖြစ်တာပါ။ တိုက်ပွဲတွေကလည်း တော်တော်ပြင်းထန်တယ်လို့ ပြောကြပါတယ်။”

ချိန်ခါလီကျေးရွားနှင့် ဒုံးပိုက်ကျေးရွာတို့မှာ ဒေသခံပြည်သူ လူဦးရေ ၁၀၀၀ နီးပါးခန့်မှာလည်း စစ်တွေမြို့ပေါ်ရှိ စစ်ရှောင်စခန်းများအပြင် အနီးအနားရှိ ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ကျနော်တို့ ရရှိထားတဲ့ စာရင်းအရတော့ ၁၈၀ ကျော်ကျော်ရှိတယ် တိုက်ပွဲအတွင်း သေဆုံးသူစာရင်းပေါ့နော်။ စာရင်းအတိအကျတော့ မဟုတ်ဘူးပေါ့နော်။ ဖမ်းဆီးခံရတာကလည်း ၅၈၀ ကျော်ရှိတယ်။ ပျောက်ဆုံးနေတာလည်း ၂၀ ကျော်ရှိတယ်။ တိုက်ပွဲတွေ စဖြစ်တဲ့အချိန်ကနေ အခုထိပေါ့နော်။ ဒီရက်ပိုင်းလည်း သေတာတွေရှိနေသေးတယ်။ မြေပုံမှာ ၂ ယောက် ဒဏ်ရတာတယ်။ ပုဏ္ဏားကျွန်းမှာက တစ်ယောက်သေတယ်။ တစ်ယောက်က ဒဏ်ရာ ရတာရှိ တယ်။ ၁၁ ရက်နေ့မှာပဲ ရသေ့တောင် အောင်ဗလဆိုတဲ့ရွာမှာ တစ်ယောက်ဒဏ်ရာရတယ်” ဟု ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့သလို တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းလည်း မရှိပေ။

ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ “ရခိုင်ပြည်၊ ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာ၏ အနောက်မြောက်ဖက် (မောင်တော-အငူမော်ကားလမ်းဘေးအနီး)၌ မြန်မာ့တပ်မ တော်၏ ဘူးသီးတောင်အခြေစိုက်၊ စကခ(၁၅) လက်အောက်ခံ၊ ခလရ(၂၃၃) နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ ပူးပေါင်းပြီး ရက္ခိုင့်တပ်တော်အား အင်အားအများအပြားဖြင့် တိုက် ခိုက်လာခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၂) ရက် နှင့် (၁၃) ရက်တို့တွင် ၎င်းပတ်ဝန်းကျင်၌ တိုက်ပွဲ များဖြစ်ပွားခဲ့သည်” ဟု ရက္ခိုင့်တပ်တော် ULA/AA က ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိုင်လ ပထမအပတ်နှင့် ဒုတိယအပတ် အတွင်း မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦးမြို့ နယ်၊ မင်းပြားမြို့နယ်ထဲတွင် တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် ရခိုင်ပြည်နယ်အခြေဆိုက် အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။