COVID-19 ကာလ မွန်ပြည်သစ် ဒေသ ပြည်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။

COVID-19 ကူးစက်ရောဂါကာလအတွင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွှေ့ပြောင်း အခြေချ သူများနှင့် မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသရှိ ပြည်သူများ “ကုန်းကောက်စရာမရှိသည့်အနေအထားသို့ ရောက်ရှိနေသည်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland) က အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြလိုက်သည်။ ။

ဇူလိုင်လ ၁၅ ရက်နေ့ (ယနေ့)တွင် ထုတ်ပြန်လိုက်သည့် “စာရင်းမပါသည့် လက်ဗလာများ” အမည်ပေးထား သည့် မြန်မာနိုင်ငံတောင်ပိုင်းရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ၏ စားဝတ်နေရေး ရုန်းကန်မှု အစီရင်ခံစာထဲတွင် ထောက်ပြ ပြောဆိုထားခြင်း ဖြစ်သည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ Program Director နိုင်အဲမွန် က “အစိုးရနဲ့ လူသားချင်းစာနာ ထောက်ထားမှုအလှူရှင်တွေအနေနဲ့ လှူဒါန်းထောက်ပံ့မှုလုပ်ဖို့ စီစဉ်တဲ့နေရာမှာ ဒီလိုဝေးလံတဲ့ဒေသတွေနဲ့ IDPs (ရွှေ့ပြောင်းအခြေချသူများ) ကျေးရွာတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုပါတယ်။ သူတို့ ကိုလည်း မချန်ထားခဲ့ဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။

COVID-19 ကူးစက်ရောဂါရိုက်ခတ်မှုကြောင့် သက်မွေးဝမ်းကျောင်းအလုပ်ကို မလုပ်ကိုင်နိုင်ခြင်းနှင့် အရေးပေါ် အကူအညီများ မရရှိခြင်းတို့ကြောင့် သာမန်ပြည်သူတို့၏ နေ့စဉ်လူမှုဘဝတွင် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ကုန်းကောက်စရာမရှိသည့် လက်ဗလာအနေအထားသို့ ရောက်လုနီးပါးဖြစ်ခဲ့ရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောသည်။

ကွင်းဆင်းသုတေသနပြုလုပ်ခဲ့သည့် ဒေသရှိ ပြည်သူများအနေဖြင့် အစိုးရ၏အစားအသောက် ထောက်ပံ့ရေး အစီအစဉ်တွင် ချန်လှပ်ခံခဲ့ရသည့်အပြင် သက်မွေးမှုလုပ်ငန်းများ မလုပ်ကိုင်နိုင်ခြင်းနှင့် အသွားအလာ ကန့် သတ်ခြင်းတို့ကြောင့် လက်ဗလာ ဖြစ်လုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

အဆိုပါအစီရင်ခံစာထဲတွင် လူစားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် တိုက်တွန်းတောင်းဆိုထား သည့်အပြင် ချမှတ်ထားသည့် ကန့်သတ်မှုများ ဖြေလျှော့ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများကို ကန့်သတ်ချက်မထားပဲ ခွင့်ပြုပေးရန်၊ ကူညီထောက်ပံ့ရန်လာရောက်သည့် အဖွဲ့အစည်းများကို ပံ့ပိုးမှုပေးရန်တို့ကိုလည်း တိုက်တွန်းတောင်းဆိုထားသည်။

“ဒီ(ကူးစက်) ရောဂါကြောင့် ကန့်သတ်ချက်တွေရှိတော့ အလုပ်လုပ်ဖို့ အဆင်မပြေဘူး၊ အခုတော့ ဖြေလျှော့ မှုတချို့ ရှိလာပေမယ့် မိုးကျနေပြီလေ၊ နွေရာသီမှာ ရိက္ခာစုဆောင်းဖို့ ကျနော်တို့ အလုပ်လုပ်ခွင့်မရခဲ့ဘူး” ဟု ရေးတောင်ပိုင်းက နိုင်ဆန်းဦးက ပြောသည်။

ပြည်သူများအနေဖြင့် အစားအစာပြတ်လပ်ခြင်းနှင့် အခြေခံလိုအပ်ချက်များ မဖူလုံခြင်းတို့ကို ရင်ဆိုင်နေရပြီး အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များကိုသာ အကူအညီတောင်းခံနေခဲ့ရသည်။

ရောဂါကူးစက်မှုကို တားဆီးရန်အတွက် ဧပြီလမှစတင်ကာ ဒေသန္တရအာဏာပိုင်များနှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများက တင်းကြပ်သည့် အသွားအလာကန့်သတ်ချက်မှု ချမှတ်ခဲ့သည့်အပြင် မွန်ပြည်သစ် ပါတီနှင့် ကရင်အမျိုးသားအဖွဲ့အစည်း ပူးတွဲထိန်းချုပ်ဒေသများတွင်လည်း ဟင်းရွက်ရှာဖွေခြင်းကိုပါ ပိတ်ပင် ထားသည့်အတွက် ဒေသခံပြည်သူတို့ များစွာ အခက်အခဲကြုံတွေ့ရသည်ဟု အစီရင်ခံက ပြောထားသည်။

ယခုအခါ မိုးရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် စားဝတ်နေရေးအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာကြောင်း ဒေသခံအများစုသည်လည်း လက်လုပ်လက်စားများဖြစ်ကြသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်ခြင်းများနှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံက ပြောထားသည်။

“စာရင်းမပါသည့် လက်ဗလာများ” အမည်ပေးထားသည့် အစီရင်ခံစာအတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တင်္နသာရီတိုင်းဒေသကြီးအထဲရှိ မြို့နယ်အချို့မ ဒေသခံများအား တွေ့ဆုံမေးမြန်း စစ်မ်းကောက်ယူခဲ့သည်ဟု ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်နှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသရှိ ပြည်သူများအပြင် မွန်နိုင်ငံရေး ပါတီ၊ လူမှုအဖွဲ့အစည်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ တက်ကြွလှုပ်ရှားသူ၊ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများ၊ လူထုဝန်ဆောင်မှု ပံ့ပိုးသူများ အသွားအလာကန့်သတ်စခန်းများမှ စေတနာ့ဝန်ထမ်းများ စသဖြင့် ကွင်းဆင်း တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့သည့်အချက်အလက်များအပေါ် အခြေခံပြီး ထုတ်ပြန်ထားခြင်းဖြစ်သည်။