ကရင် အမျိုးသမီး အသတ်ခံရမှု နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးရန် KCG တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်။

KNU တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်) ခရိုင်တွင် အသတ်ခံရသည့် ကရင်အမျိုးသမီးအတွက် အမှန် တရားနှင့် တရားမျှတမှုပေါ် ပေါက်အောင် စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကို KNU Concerned Group က တိုက်တွန်းတောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က ဖာပွန်ခရိုင်၊ ဒွယ်လိုမြို့နယ် ပိုလိုးထာ ရွာသူ နော်မုနော်ကို စကခ (၈) လက်အောက်ခံ၊ ခမရ- ၄၀၉ မှ တပ်မတော်သား ၂ ဦးက ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများ ချွတ်ယူ သွား သည့် ကိစ္စရပ်အား နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ အနေဖြင့် အမှုမှန်ပေါ်ပေါက်အောင် စုံစမ်း စစ်ဆေးပေးရန် KNU Concerned Group က ဇူလိုင်လ ၂၀ ရက် (ယနေ့)တွင် ထုတ်ပြန်ချက်ဖြင့် တောင်း ဆိုလိုက် ခြင်းဖြစ်သည်။

KUN Concerned Group ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ယခင်ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ (ဟောင်း) ပဒိုနော်စီဖိုးရာစိန်က “ကျမတို့ တောင်းဆိုတာကတော့ အမှန်တရားပေါ့လေနော မြန်မာ စစ်တပ်က ပြည်သူလူထုတစ်ယောက်ရဲ့ အပစ်မဲ့ သတ်ဖြတ်တာမျိုးကို အမှန်တရားပေါ်လာဖို့အတွက် ပြီး တော့ ဒါကို ရပ်တန့်ဖို့အတွက် အဲဒါ ကျမတို့ စုံစမ်းစစ်ဆေးရေး လုပ်ဖို့ ကျမတို့ International Amnesty နဲ့ Human Rights Watch တွေ လာပြီး စုံစမ်းစစ်ဆေးဖို့ လုပ်ဖို့ အဲဒါ ကျမတို့ တောင်းဆိုတာဖြစ်တယ်” ဟု ပြောသည်။

KNU Concerned Group ၏ ဇူလိုင်လ ၂၀ ရက်နေ့ (ယနေ့) ထုတ်ပြန်ချက်ထဲတွင် သို့ဖြစ်ပါ၍ မြန်မာ့တပ် မတော်၏ မရားညှင်းပန်း နှိပ်စက်အနိုင်ကျင့်ခြင်း၊ အကြောင်းမဲ့ လူသတ်ခြင်း၊ မုဒိမ်းပြု ကျင့်ခြင်း၊ ပြည်သူ လူထုများ၏ ပစ္စည်များအား အတင်းအဓမ္မရယူခြင်းများ ရပ်တန့်သွားနိုင်ရန်နှင့် ထိရောက် စွာ အရေးယူတား ဆီး ဟန့်တားနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော Amnesty International (AI) နှင့် Human Rights Watch(HRW) တို့ကဲ့သို့သော အဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ရန် တောင်း ဆို ထားသည်။

ထို့အပြင် မြန်မာ့တပ်မတော်မှ ထိုကဲ့သို့ တိုင်းရင်းသား ပြည်နယ် ဒေသများရှိ ပြည်သူလူထုများအပေါ် မတ ရားညှင်း ပန်းနှိပ်စက်အနိုင်ကျင့်ခြင်း၊ အကြောင်းမဲ့ လူသတ်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ အတင်းအဓမ္မ ပစ္စည်း များ လု ယူခြင်း စသည့် ၎င်းတို့၏ လုပ်ရပ်များကို ခောတ်အဆက် ဆက်တွင် မကြာမကြာ ပြုလုပ်နေ လျက် ရှိ သည်။ ယခုနှစ်အတွင်းတွင်လည်း ထိုကဲ့သို့သော ရာဇဝတ်မှုဖြစ် ရပ်မျိုးများကို ကရင်၊ ရှမ်း၊ ကချင် နှင့် ရခိုင် တိုင်းရင်းသား ပြည်နယ်များတို့တွင် မကြာမကြာ ကျူးလွန်နေ လျက်ရှိပါသည်ဟု KNU Concerned Group ၏ ထုတ်ပြန်ချက်က ဆိုသည်။

နော်မုနော် အသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပဒိုနော်စီဖိုးရာစိန်က “ဖြစ်စဉ်ကတော့ တပ်မတော်သားတွေ ကတော့ သူတို့စခန်းက ထွက်ပြီးတော့ အဲဒီရွာကိုသွားတယ်။ သွားပြီး တော့ ဒီအမျိုးသမီးကတော့ သူက ဈေးလည်း ရောင်းတာ ရှိတာပေါ့နော သူတို့က ဆန်အိတ်မျိုးပေါ့ အဲဒါ တစ်ခုတောင်းတာ တောင်းတဲ့ အခါမှာ ဒီအမျိုးသမီးကတော့ ဆန်အိတ်အလွတ်မရှိဘူးပေါ့နော အလွတ်မ ရှိတော့ သူက ဒါကို လှည့်ပြီး တော့ ရှာကြည့်တာလား ဒါကို လုပ်တဲ့အခါမှာ တစ်ယောက်က သေနတ်တင်ပြီး တော့ ပစ်ခတ်တာ သုံး ချက်ပေါ့လေ သူ့မျက်နှာရယ် တစ်ချက်ရယ်။ ပြီးတော့ သူ့ပါးစပ်နဲ့ သူ့ရင်ဘတ်နဲ့ အဲဒါ ပွဲချင်းပြီး ဖြစ်သွားတယ်” ဟု ပြောသည်။

သို့သော် နော်မုနော် အသတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြန်မာ့တပ်မတော်၏ ရာဇဝတ်မှု ကျူးလွန်မှုများသည် တိုင်းရင်းသား ပြည်နယ်ဒေသများအတွင်း နှစ်ပေါင်း ရှည်ကြာစွာ စစ်ဆင်ရေး လက်နက်သဖွယ် ကျင့်သုံး ကျူးလွန်လာခဲ့ပြီးဖြစ်ကာ ပြည်တွင်း တရား စီရင်မှု စနစ်ဖြင့် အရေးယူရန်မှာ မည်သို့မျှပင် ထိရောက်စွာ ဟန့်တားနိုင်မည် မဟုတ်ဟု KNU Concerned Group က ပြောသည်။

“ကျမတို့က ဖြစ်စေချင်တာက သူတို့ကို အဖြစ်မှန်တွေကို ကောက်ယူပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်း UN တို့ မှာပေါ့လေ ဖြစ်ရပ်တွေပေါ့ ဒါကို တင်ပြဖို့လိုတယ်။ ပြီးတော့ အစိုးရကို ဒါကိုလည်း တင်ပြဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော ဒီလိုဖြစ်ရပ်မျိုးက မြန်မာစစ်တပ်တွေက အခုဆိုသူတို့က ICJ မှာပဲ ဖြစ်ဖြစ် ICC မှာပဲ ဖြစ်ဖြစ် သူတို့ကျူးလွန်တဲ့ အမှုတွေရှိနေတာဖြစ်တယ်။ အဲဒါကြောင့် ဒါကိုလည်း သူတို့ရဲ့ လတ်တလော သူတို့က ကျူးလွန်တဲ့ဟာကို ဆက်လက်ပြီးတော့ တင်ပြရမှာပဲ” ဟု ပဒိုနော်စီဖိုးရာစိန် က ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ယခင် စစ်အစိုးရ ခေတ်အ ဆက်ဆက်က ဖြစ်ပွားခဲ့သကဲ့သို့ ယခု လည်း ဆက်လက်ဖြစ်ပွားနေသည့်အတွက် ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွင်းရှိ အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ အာမခံချက်များအတွက် စိုးရိမ်မှုများစွာ ရှိနေသည်ဟု KNU Concerned Group က ဆိုသည်။

ထို့ကြောင့် ကရင်အမျိုးသားများအား အကာအကွယ် ပြုနေသော ကရင့်တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ကရင် နိုင်ငံရေးပါတီ များ၊ ကရင်လူမှု့ အဖွဲ့အစည်းများနှင့် ကရင်ပြည်သူတစ်ရပ်လုံးမှ အမှန်တ ရားဖော်ဆောင်နိုင်ရေးနှင့် ရာဇဝတ်မှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်း ဖိအားပေး ကြပါရန်လည်း တိုက်တွန်းထားသည်။

KNU Concerned Group ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းကို စိုးရိမ် ပူပန်မှုရှိသည့် ယခင် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် ဟောင်း များနှင့် တစ်ယောက်ချင်းစီအလိုက် စိတ်ပါဝင်စားသည့် ကရင်တိုင်းရင်သား ပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့ စည်း ခဲ့သည်ဟု ဆိုသည်။

နော်မုနော် အသတ်ခံရသည့် KNU တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်) ခရိုင်သည် အခြား KNU တပ်မ ဟာများထက် တပ်မတော် ၏ လမ်းဖောက်လုပ်မှုများကြောင့် နှစ်ဖက်ပစ်ခတ်မှုများ မကြာခဏ ဆိုသလိုဖြစ် ပွားနေပြီး စစ်ရေးတင်းမာမှု အရှိဆုံး တပ်မဟာ ဖြစ်သည် ဟု သိရသည်။