မြေယာများ ချွင်းချက်မရှိ ပြန်လည် စွန့်လွှတ်ရန် ဆီဆိုင် တောင်သူများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက တပ်သိမ်းမြေများ ချွင်းချက်မရှိ ပြန်လည် စွန့်လွှတ် ပေးရန် တောင်သူများက တောင်းဆိုလိုက်သည်။

ဒေသခံ တိုင်းရင်းသားတောင်သူများ လက်တွေ့ကျင့်သုံးနေသာ ဓလေ့ထုံးတမ်းမြေယာစနစ်ကို အသိအမှတ် ပြုရန်နှင့် ပိုင်ဆိုင်ခွင့်၊ စီမံခွင့်ကို လေးစားလိုက်နာရန် ဆိုသည့် အချက်အပါအဝင် အစိုးရမှ လက်ရှိမြေယာ ပြဿ နာအပေါ် လယ်သမားအကျိုးစီးပွား ဦးတည်၍ တောင်သူများ၏ ပိုင်ဆိုင်ခွင့်နှင့် ဓလေ့ ထုံးတမ်း အခြေခံကာ ကူညီဖြေရှင်းပေးရန် ဇူလိုင်လ ၂၀ ရက်နေ့က တောင်းဆိုလိုက်သည်။

တောင်သူတစ်ဦးဖြစ်သည့် ခွန်ချစ်ထွေး က “ကျနော်တို့ တပ်မလာခင်က ရပ်ရွာမှာက ဓလေ့ထုံးတမ်းအစဉ် အ လာရ ဥပမာ ကျနော့်ခြံရဲ့ ပိုင်ဆိုင်မှုက ဘေးခြံက လေးဖက်လေးရံက သဘောတူပြီး ဒီခြံက သူ့ခြံ ဘယ်သူ့ခြံ ဆို တာမျိုး အသိအမှတ်ပြုခဲ့ကြတာပါ။ ဥပမာ ဟိုဘက်က မောင်ဖြူ၊ မောင်နီ အဲ့လိုပေါ့။ ဘေးက လူတွေက အသိ အမှတ်ပြုကြတယ်။ ပုံစံ ၇ ပုံစံ ၁၀၅ ဆိုတာတွေမရှိဘူးလေ။ တောင်သူတွေက နားလည်းမလည်ဘူး။ ဥပဒေ လည်းမသိဘူး။ ဒီလိုပဲ စိုက်ပျိုးလာတာ၊ အခုချိန်ထိလည်း စိုက်ပျိုးနေတာ။ အားလုံးမှာ အသိအမှတ်ပြုထား တာ တွေရှိတယ်။ မူလပိုင်ရှင်က ဘယ်သူဆိုတာ အရင်က ဘာပြဿနာမှ မရှိဘူး။ မြေသိမ်းတာလည်းမရှိခဲ့ဘူး။ အခုနောက်ပိုင်း တပ်ရောက်လာမှ ဖြစ်လာတာ” ဟု ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ပင်စုံကျေးရွာအုပ်စုနှင့် နောင်ကျောကျေးရွာအုပ်စုရှိ မြေယာများကို အရှေ့ပိုင်းတိုင်း စစ် ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၄၂၃၊ ၄၂၄ တပ်ရင်းများက သိမ်းဆည်းထားခြင်း ဖြစ် သည်ဟု တောင်သူများက ပြောသည်။

မြေယာအသိမ်းခံထားရသည့် တောင်သူများထဲမှ တောင်သူ တစ်ဦးဖြစ်သည့် ဒေါ်ချိုချိုဝင်း က “၁၉၉၁-၉၂ က စပြီးတော့မှ တပ်မတော်လာပြီးတော့မှ ယာယီပဲဆိုပြီးတော့မှ ကျမတို့ရဲ့ မြေကို နေပြီးတော့မှ အနောက်ဘက်ကို တပ်တည်ဆောက်ပြီးရင် ပြန်ပေးမယ် ဆိုပြီး တော့မှ အခုထိ ပြန်မပေးတဲ့အပြင် ကျမဆိုရင် ၁၅ ရက် ၇ လ ၂၀၂၀ မှာ တရားစွဲခံရပါတယ်ရှင်။ တပ်မလာခင် ကတည်းက စိုက်ပျိုးနေတာဖြစ်တယ်။ တပ်လာတဲ့အထိ စိုက်ပျိုးတယ်” ဟု ပြောသည်။

“ပြီးရင် အခုချိန်ထိလည်း စိုက်ပျိုးနေတဲ့ ဟာကို အခုကြတော့ ကျမတို့က စိုက်ပျိုးထားတဲ့ခြံတွေလည်း ဖျက်ဆီး ခံရတယ်။ အပင်တွေ အခုတ်ခံရတယ်။ ပြီးတော့ တရားစွဲခံရတယ်။ ထွန် စက်တွေလည်း အသိမ်းခံရတယ်။ ဒီပြဿနာတွေကို သတင်းစာရှင်းလင်းပွဲ မှာ ပြောပြချင်တယ်။ တပ်က ကျမ တို့မြေကို မတရားသိမ်းတဲ့အတွက် ခံစားနေရတာတွေကို ပြောပြချင်ပါတယ်ရှင်။”

ယမန်နေ့က ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် တောင်သူများ ကြုံနေရသည့် အခက်အခဲများနှင့် ပတ် သက်၍ ဒေါ်ချိုချိုဝင်း က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ နယ် အတွင်းက တောင်သူ ၁၀၀ ကျော်၏ မြေဧက ၂၀၄၈.၄ ဧက အသိမ်းခံထားရပြီး၊ ဒေသခံများ၏ ပြောပြချက်အရ မြေယာဧက တစ်ရာကျော်သာ တပ်မတော်က တရားဝင်သိမ်းထားခြင်းဖြစ်ပြီး ကျန် ဧက ၁၉၀၀ မှာ တရားဝင်သိမ်းဆည်းထားခြင်းမဟုတ်ဟု သိရသည်။

အဆိုပါ တပ်ရင်းများက တောင်သူများ၏ လယ်ယာမြေများကို အဓမ္မသိမ်းဆည်းခြင်း၊ တောင်သူများအား တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကုန်ထုတ်လမ်းများ တားဆီးပိတ်ပင်ခြင်း၊ စိုက်ပျိုးထွန်ယက်စက်ပစ္စည်း များသိမ်းယူခဲ့ခြင်း၊ တပ်သိမ်းမြေစာရင်းများ ပွင့်လင်းစွာချပြမှုမရှိခြင်းနှင့် တပ်ရင်းအတွက် အလိုအပ်ပမာဏ ထက် မြေများပိုမိုသိမ်းခြင်းထားပြီး အသုံးမပြုခြင်း၊ သတ်မှတ်ကာလတွင် စီမံကိန်းအကောင်အထည်မဖော်ထား ခြင်းနှင့် ဥပဒေနှင့် မညီသော မြေအငှားချစားခြင်းများ ပြုလုပ်ထားသည် ဟု တောင်သူများက ပြောသည်။

“တကယ်တမ်းသူတို့ရောက်လာတာ ယာယီဆိုပြီးတော့မှ နောက်ဆုံးတော့ ကျမတို့ကို သူတို့က အသိပေးခြင်း လည်းမရှိ၊ အကြောင်းကြားခြင်းမလည်းမရှိ၊ ကျမတို့က လျော်ကြေးယူထားခြင်းလည်းမရှိတဲ့အတွက်ကြောင့် ကျမတို့မြေကို အဓမ္မသိမ်းထားတယ်လို့ ကျမတို့ထင်တယ်။ အခုဒီအချိန်ထိစိုက်ပျိုးလာတာ ကျမတို့ရဲ့ ခြံတွေကို ဘာလို့ ဒီလိုမျိုးလာဖျက်ဆီးသလဲ ဆိုတာလည်း ပြောပြချင်ပါတယ်။ မိရိုးဖလာစဉ်ဆက်အတိုင်း စိုက်ပျိုးလာ တာ” ဟု ဒေါ်ချိုချိုဝင်း က ဆက်ပြောသည်။

ထို့အပြင် တောင်သူများစိုက်ပျိုးထားသည့် သီးနှံပင်များအားလည်း ဖျက်ဆီးခဲ့ပြီး ယခုခါ တောင်သူများ မှာ မြေယာများသာမက စိုက်ပျိုးသီးနှံပင်များပါ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ထို့အကြောင့် တောင်သူများအနေဖြင့် အစိုးရထံမှာ အကြွေးဖြင့် ချေးယူထားသည့် မျိုးစေ့များ နှင့် စိုက်ပျိုးရေး အတွက် ငွေကြေးများ ပြန်လည်ပေးဆက်ရန် ခက်ခဲနေပြီး အကြွေးမြီများ ရှိနေသည့်အတွက် တောင်သူများ ဆက်လက်ရပ်တည်ရေး အခက်ကြုံနေရသည်ဟု ပြောသည်။

“ကျနော်တို့ရွာမှာ မြစိမ်းရောင်စီမံကိန်းလာတယ် ဟုတ်လား။ အခုနှစ်နဲ့ဆို သုံးနှစ်လား လေးနှစ်လား ရှိပြီ။ ဒီက တောင်သူတွေက အရင်းမရှိတော့ မြစိမ်းရောင်က ကျနော်တို့ဆီကို သိန်းသုံးရာလာတယ်။ အဲ့ဒါကို တောင်သူ တစ်ဦးကို ၈ သိန်း၊ ၉ သိန်း၊ ၁၀ သိန်း၊ ၅ သိန်း အဲ့လိုယူထားတာရှိတယ်။ နောက်ပြီး သမချေးငွေလည်း ယူထား တာရှိတယ်။ ဒါတင်မကဘူး ပွဲရုံတွေမှာ ယူတာရှိတယ်။ ပြောင်းမျိုးစေ့တွေရော၊ အတိုးနှုန်းနဲ့ ယူပြီး စိုက်ပျိုးရ တာဖြစ်တယ်။ ဒါတွေ အခု ဘယ်လိုဆပ်မလဲပေါ့။ စိုက်ပျိုးပြီး သီးနှံထွက်ချိန်မှာ အကြွေးဆပ်တာလေ။ အခု တော့ မစိုက်ရဘူးဆိုတော့ အရမ်းခက်ခဲပြီလေ” ဟု ခွန်ချစ်ထွေး က ဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုထဲမှ ဟိုခဲရပ်ကွက်ရှိ တောင်သူများ စိုက်ပျိုး ထားသည့် ပြောင်းနှင့် စပါးစိုက်ခင်းများလည်း ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့ ညပိုင်းက ဖျက်ဆီးခံခဲ့ရသည် ဟု တောင်သူများက ပြောသ်။

အဆိုပါ မြေယာများမှာ တပ်မတော်နှင့် ဒေသခံတောင်သူများ လက်ရှိမြေယာအငြင်းပွားမှု ဖြစ်ပွားနေသည့် နေရာများဖြစ်ပြီး တောင်သူ ၆ ဦး ပိုင် မြေဧက၂၁ ဧကကျော်ရှိ ပြောင်းနှင့် စပါးစိုက်ခင်းများ ဖြစ်သည်။

ယခုလက်ရှိတွင် မြေယာအငြင်းပွားမှု ဖြစ်ပွားနေသည့် ဆီဆိုင်မြို့နယ်အတွင်း က တောင်သူ ၇၀ ကျော်မှာ ပိုင် နက်ကျူးကျော်မှုဖြင့်လည်း တရားစွဲဆိုခံထားရသည်ဟု ဒေသခံတောင်သူများက ပြောသည်။