ညီနောင်မဟာမိတ်သုံးဖွဲ့ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်လိုကြောင်း ထုတ်ပြန်ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။

FPNCC ၏ ဦးဆောင်မှု လမ်းညွှန်မှု နှင့်အတူ လုံခြုံရေး အာမခံချက်ရှိမည်ဆိုပါက ၂၁ ရာစု ပင်လုံညီလာခံ ကို တက်ရောက်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့) တို့က ဇူလိုင်လ ၂၁ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် မကြာမှီကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ် လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပရန် ထုတ်ပြန်ချက်ထဲတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် “အကြောင်းအမျိုးမျိုးကြောင့် ကျင်းပရန် ကြန့်ကြာနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုလည်း ကိုရိုနာကူးစက်ရောဂါအား ထိန်းချုပ်နိုင်သော အခြေ အနေ တစ်ခုအောက်တွင် ပြန်လည်ကျင်းပနိုင်ပါက မိမိတို့ အဖွဲ့အစည်းများအနေဖြင့် FPNCC ၏ ဦးဆောင်မှု လမ်းညွှန်မှု လုံခြုံရေး အာမခံချက် ရှိသော အခြေအနေတစ်ခုအောက်တွင် တက်ရောက်ရန် ဆန္ဒအပြည့် အဝရှိပါ သည်” ဟု ဖော်ပြထားသည်။

၂၁ ရာစုပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပရန် အစိုး ရနှင့် အပစ်ရပ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက သဘောတူညီထားကြ သည် ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောဆိုထားသည်။

အဆိုပါညီလာခံကို COVID-19 ကူးစက်ရောဂါအား ထိန်းချုပ်နိုင်သည့် အခြေအနေအောက်တွင် ပြန်လည် ကျင်းပမည်ဆိုပါက FPNCC ၏ ဦးဆောင်မှု နှင့်အတူ လုံခြုံရေး အာမခံချက်ရှိပါက တက်ရောက်သွားမည်ဟု ညီ နောင်မဟာမိတ် ၃ ဖွဲ့က ပြောသည်။

ညီလာခံကို ယခင်က လူဦးရေ တစ်ထောင်နီးပါးခန့်ဖြင့် ကျင်းပခဲ့ကြပြီး ယခုကျင်းပမည့် ညီလာခံကို COVID-19 ကန့်သတ်ချက်ကြောင့် လူဦးရေလျော့ကာ ကျင်းပသွားရန် ရှိသည်ဟု သိရသည်။

ထို့အပြင် ညီနောင် မဟာမိတ် ၃ ဖွဲ့က ၎င်းတို့နှင့် အစိုးရ NRPC တို့အကြား ရပ်တန့်နေသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အမြန်ဆုံး ပြန်လည်စတင်လိုသည်ဟု ဆိုသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က “မြန်မာအစိုးရနှင့် မြန်မာ့ တပ်မတော်တို့မှ မိမိတို့၏ ညီနောင်မဟာမိတ် အဖွဲ့ဝင် ဖြစ်သည့် ရက္ခိုင့်အ မျိုးသား အဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော်အား မတရားအသင်း အကြမ်းဖက်အသင်း တံဆိပ် ကပ်ပြီး စစ်ရေး နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ်၊ ရရှိထားပြီးသော ယုံကြည်မှုတို့ကို နောက်ဆုတ်သွားစေနိုင်ပါသည်” ထုတ်ပြန်ချက်ထဲတွင် ပြောထားသည်။

ထို့အပြင် ၎င်းတို့ညီနောင် မဟာမိတ် ၃ ဖွဲ့အနေဖြင့် အကြမ်းဖက်သည့် လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ မည် သည့် အကြမ်းဖက်အဖွဲ့အစည်းနှင့်မှ ပတ်သက်မှု မရှိပဲ ၎င်းတို့ လူမျိုးအသီးသီး၏ တန်းတူ အခွင့်အ ရေး ရရှိရေးအတွက် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသာ ဖြစ်သည်ဟု ဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA တို့သည့် ကချင်လွတ်လပ်ရေး KIA ပါဝင်နှင့်အတူ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သည်။

ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (ULA/AA) တို့ ပါဝင်သည်။