ရှမ်းနီကျောင်းသားများ သတ်ခံရမှု ထိရောက်စွာ အရေးယူရန် ရှမ်းနီ အဖွဲ့အစည်းများတောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။

ရှမ်းနီကျောင်းသား နှစ်ဦး အသတ်ခံရသည့်ကိစ္စ ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် ပွင့်လင်းမြင်သာစွာ ချပြရန် ရှမ်းနီပါတီများ၊ ရှမ်းနီလူငယ် အဖွဲ့အစည်းများနှင့် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးကျေးရွာမှ ရှမ်းနီလူမျိူး ကျောင်းသားနှစ်ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့အချို့က ဖမ်းဆီးသွားခဲ့ပြီး သေဆုံးသွားခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု ပြောသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ ဦးဌေးအောင် က “သူတို့မိသားစု ကျေနပ်အောင် ဝန်ချတောင်းပန်ပေးဖို့၊ နောက်ပြီးတော့ လူမှုအခွင့်အရေး နစ်နာကြေးတွေကို ပေးဖို့ပေါ့နော်။ ပြီးတော့ တရားစီရင်မှုမှာလည်း ပွင့်လင်းမြင်သာစွာ လွတ်လွတ်လပ်လပ်နဲ့ လူထုရှေ့မှာ တရားစီရင်စေချင်တယ်။ အဖွဲ့အစည်းမူဝါဒရှိရင် သူတို့မူဝါဒနဲပေါ့။ ဖြစ်စေချင်တာက နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်တယ်ဆို တဲ့ပုံစံနဲ့ နိုင်ငံတော် တရားရုံးကို လွဲစေချင်တယ်။ ကျနော်တို့ရဲ့ စိတ်ဆန္ဒပါ။ ဒါပေမယ့် သူူတို့မှာ အဖွဲ့ရဲ့ မူဝါဒရှိရင် ရှိတဲ့အတိုင်း လူထုရှေ့မှာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်စေချင်တယ်ပေါ့” ဟု ပြောသည်။

ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအုပ်စု၊ ပါဟုတ်ကြီးကျေးရွာနေ မောင်သန့်ဇင်အောင် အသက်(၁၈) နှစ် နှင့် မောင်ဇော်မျိုးဦး အသက် (၁၇) နှစ်တို့အား ဇူလိုင်လ ၆ ရက်နေ့က ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာတွင် KIO/KIA က ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုကဲ့သို့ လူသတ်မှုအထိ ဖြစ်လာရခြင်း ဖြစ် သည်ဟု ပြောသည်။

မောင်သန့်ဇင်အောင် ၏ ဖခင် ဦးအိုက်ဆန်းက ဖြစ်စဉ်နှင့် ပတ်သက်၍ “၆ ရက် ၇ လ တုန်းက ဖြစ်သွားတာဗျ။ ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာဖြစ်သွားတာဗျ၊ ရိုက်နှက်ပြီးမှ ကားနောက်ဖုံးထဲကို ထည့်ပြီး ဖမ်းသွားတာဗျ။ ကျနော် တို့က ဒီ ဆယ်စင်းကျေးရွာထဲမှာပဲ ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေးအပိုင်းတွေနဲ့ပဲ ရှာဖွေနေတာဗျ။ ဆယ်စင်း ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်။ KIO ဘက်က ဘာပြောမလဲဆိုတာလည်း တစ်ချက် နားထောင် ရအုံးမယ်ဗျ။ ကျနော်တို့က KIO နဲ့ ဆွေးနွေးပြီးမှပဲ ဘယ်လိုဆက်လုပ်မလဲဆိုတော့ ပြောလို့ရမယ်ဗျ။ KIO ကတော့ အခုထိ ဆက်သွယ်လာတာ ဘာညာမရှိသေးဘူးဗျ” ဟု ပြောသည်။

KIO/KIA တပ်ဖွဲ့အချို့က ဖမ်းဆီးသွားပြီး နှစ်ပတ်ကျော်အကြာမှ အသတ်လိုက်ရသည့် အကြောင်းကို ကြားခဲ့ ရခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော်တို့ သိတာတော့ ၂၂ ရက်နေ့က ပေါ့။ ရပ်မိရပ်ဖ ပူးပေါင်းပြီး ဘာသာရေးဆရာတွေနဲ့ တွေ့လိုက်လို့ သတ်ခံရတယ်ဆိုတာ သိရတာပါ။ အလောင်းတွေလည်း အခုထိမရသေးဘူးဗျ။ ကျနော်တို့က တောင်းဆိုချင် တာက အလောင်းတွေကို ပြန်မြင်ချင်တယ်။ ရချင်တယ်။ တွေ့ချင်တယ်။ အဲ့ဒါမြင်မှပဲ သေပြီဆိုလာလည်း ယုံကြည်ချက်ချလို့ရမှာဗျ” ဟု ဦးအိုက်ဆန်း က ပြောသည်။

ရှမ်းနီရိုးရာဓလေ့ထုံးစအရ သဂြိုလ်နိုင်ရေး အသတ်ခံခဲ့ရသည့် ကျောင်းသား ၂ ဦး၏ အလောင်းများကို ပြန်ပေး ရန်၊ သေဆုံးသူများအတွက် နစ်နာကြေးနှင့် မိသားစုဝင်များ ကျေနပ်သည်အထိ အများပြည်သူရှေ့တွင် ဝန်ချ တောင်းပန်ရန်၊ ပြစ်မှုကျူးလွန်သူများအားလည်း အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာ အရေးယူပေးရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က တောင်းဆိုထားသည်။

“သူတို့က လက်နက်ရှိလေ၊ လူထုက လက်နက်မဲ့လေ။ လက်နက်မဲ့ကို လက်နက်ရှိတဲ့လူက လုပ်တာက ဒါက စော်ကားတာပဲ။ အနိုင်ကျင့်ပဲလေ။ လက်နက်ကိုင်တယ်ဆိုတာ လူထုကို ကာကွယ်ဖို့ပါ။ လူထုကို နှိပ်စက်ဖို့ မဟုတ်ဘူး။ လက်နက်ကိုင်ထားတဲ့ အဖွဲ့တစ်ခုအနေနဲ့ လူထုကို မောက်မာပြီးမှ နှိပ်စက်နေရင် လူထု မထောက် ခံရင် သူတို့ ကျဆုံးမှာပဲ။ ကိုယ့်သားသမီးဖြစ်တဲ့ကိစ္စကို မိဘက တာဝန်ယူရသလို၊ ကိုယ့်ရဲဘော်တွေလုပ်တဲ့ကိစ္စ ဗဟိုကတာဝန်ယူရပါလိမ့်မယ်။ သူတို့သတ်သွားတဲ့ကိစ္စ နှစ်ဦးနှစ်ဖက်ကို ပြေလည်သွားစေချင်တယ်။ မပြေ လည် ဘူးဆိုရင် အမျိုးသားရေး အသွင်ဖြစ်လာနိုင်တယ်။ KIA က ဒါကြောင့် တာဝန်ယူပြီးဆောင်ရွက်ပေးစေ ချင်တယ်” ဟု ဦးဌေးအောင် က ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အဲ့ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ ကျနော်တို့က ကျူးလွန်တဲ့လူတွေကို ခေါ်ပြီးမှ ဖားကန့် အဲ့ဒီဘက်က တိုင်းဌာနချုပ်မှာ ခေါ်ယူ ပြီးတော့ စစ်ဆေးနေတဲ့ အဆင့်ရှိပါတယ်။ အဲ့ဒီစစ်ဆေးချက်အပေါ်မှာ မူတည်ပြီးမှပဲ ဆုံးဖြတ်ချက် ပြန်ချမှာ ဖြစ် ပါတယ်။ ပြစ်မှုကျူးလွန်တယ်ဆိုရင်တော့ ကျူးလွန်တဲ့လူတွေကို ကျနော်တို့စီရင်တဲ့လုပ်ထုံးလုပ်နည်းတွေ ရှိ တယ်။ အမြင့်ဆုံးပေါ့နော် သေဒဏ်အထိရှိပါတယ်။ အမူပေါ်မှာတော့ အဓိက မူတည်တာပေါ့နော်” ဟု ပြော သည်။

ရှမ်းနီလူမျိုးများနေထိုင်သည့် ဒေသများတွင် KIO/KIA က ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ အကြမ်းဖက်ခြင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သလို၊ အစိုးရ၊ တပ် မတော်တို့ကလည်း ကာကွယ်ပေးခြင်းမရှိသည့်အပေါ် လွန်စွာ ဝမ်းနည်းစိတ်ပျက်ရသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) က ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

TNDP ဥက္ကဋ္ဌ ဦးဌေးအောင် က “ကျနော်တို့ အဆက်ဆက်မှာ ဒီပုံစံမျိုးတွေ လုပ်ခဲ့တာ များခဲ့ပြီပေါ့နော်။ များခဲ့ပြီ ဆိုတဲ့အခါ ကိုယ့်ကို နှိပ်စက်တဲ့လူနဲ့ အတူတကွနေထိုင်ဖို့က ခဲယဉ်းလာတယ်လေနော်။ ဘယ်သူမဆို အဲ့လိုနှိပ် စက်တဲ့လူနဲ့ အတူနေချင်မှာလဲနော်။ အခုလိုမျိုးဆက်ပြီး လုပ်မယ်၊ ဆက်နှိပ်စက်မယ်ဆိုရင်တော့ ဥပဒေလမ်း ကြောင်းအတိုင်း သွားရတော့မယ်။ အခုဖြစ်သွားတဲ့ပြဿနာ မူးလို့ ရူးလို့ပဲဖြစ်ဖြစ် နစ်နာသွားတဲ့ မိသားစုတွေ အတွက် တောင်းပန်ရမှာလေ။ တောင်းပန်ရင်လည်း နားလည်ပေးရမှာပေါ့” ဟု ဆက်ပြောသည်။

ထို့အပြင် ယခုကဲ့သို့ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့် နှိပ်စက်ညှင်းပမ်း သတ်ဖြတ်မှုကြောင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ဆိုးရွားစွာ ပျက်ပြားစေသည်ဟုလည်း ရှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ် က ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ရှမ်းနီတိုင်းရင်းသားများအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို KIO/KIA တာဝန်ရှိသူများ အနေဖြင့် ထိရောက်စွာ တာဝန်ယူဖြေရှင်းပေးရန်နှင့် အစိုးရ၊ တပ်မတော်တို့ကလည်း ဒေသခံပြည်သူများ အေး ချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရန် ရှမ်နီးပါတီများ၊ ရှမ်းနီ လူငယ်အဖွဲ့များက တောင်းဆိုထားကြသည်။