တရုတ်နယ်စပ်တွင် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၆ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်နယ်စပ် နမ်ခမ်းမြို့တွင် တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ တစ်ရာကျော်လည်း တရုတ်ဘက်အခြမ်း ကို ခေတ္တစစ်ဘေးရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၄ ရက်နေ့ က တပ်မတော်နှင့် RCSS/SSA တို့အကြား နမ့်ခမ်းမြို့နယ်အတွင်းက ဟတ်ဟင်ကျေးရွာ နားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နမ့်ခမ်းမြို့က ဒေသခံတစ်ဦးက “နမ့်ခမ်းမြို့ကနေ ဒီဟိုဘက် တရုတ်ဘက်ခြမ်းက ရွာဘက်ကို ထွက်ပြေး ကြ တာပါ။ နယ်စပ်လမ်းကနေလေ။ တစ်ရာကျော်လောက်ပြေးကြတယ်။ ဒီမနက် (၅ ရက်နေ့) မှာပဲ ပြန်လာတဲ့လူ တွေလည်းရှိတယ်။ မပြန်လာပဲ အခြေအနေစောင့်ကြည့်နေတဲ့ လူတွေလည်းရှိနေသေးတယ်။ ဟတ်ဟင်ကျေး ရွာကပေါ့။ ပြီးတော့ ဒီဟတ်ဟင် ရွာသားတစ်ယောက်လည်း သေနတ်ကျည်ဆံမှန်တာရှိတယ်” ဟု ပြောသည်။

“တိုက်ပွဲဖြစ်လို့ ရွာသားတွေက ထွက်ပြေးတာပေါ့နော်။ ဟတ်ဟင်ရွာနားမှာပဲဖြစ်တာလေနော်။ ဘယ်သူနဲ့ ဘယ်သူဖြစ်တာလဲဆိုတာတော့ အတိအကျတော့ ရွာသားတွေဆိုတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် တချို့ ပြောတာက တပ်နဲ့RCSS နဲ့ ဖြစ်တယ်လို့ပြောကြတယ်။ တိုက်ပွဲဖြစ်တာလည်း အတည်ပြုလို့ရတယ်။ ရွာ သားတွေ ထွက်ပြေးတာလည်း အတည်ပြုလို့ရပါတယ်ဗျ။”

တိုက်ပွဲဖြစ်ပွားရာ နေရာမှာ တရုတ်နယ်စပ်နှင့် နီးသည့်အတွက် အဆိုပါ ကျေးရွာမှ ဒေသခံ ၁၀၀ ကျော်ခန့် လည်း တရုတ်ဘက်အခြမ်းကို ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၎င်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးအုမ်ခေး က “ဖြစ်တာတော့ ဖြစ် တယ်၊ အဲ့ဒါတော့ အတည်ပြုလို့ရပြီ။ အောက်ခြေက သတင်းတွေတော့ မလာသေးဘူး ခင်ဗျ။ အခု တိုက်ပွဲဖြစ် တဲ့နေရာက တပ်မတော်ဘက်က တပ်အင်အားတွေဖြည့်နေတာတွေ ရှိတယ်။ စစ်ကြောင်းတွေလည်း ဒီရက်ပိုင်း ပဲ ဆက်တိုက်ဝင်နေတယ်လို့ သိရတယ်။ တပ်အင်အား နေ့တိုင်းလိုလို ဖြည့်နေတာ ၄၀၀ ကျော်လောက်ရှိပြီလို့ သိရတယ်ဗျာ။ လူထုကတော့ တိုက်ပွဲဖြစ်လို့ ကြောက်ပြီး ထွက်ပြေးကြတာပေ့ါ။ အသေးစိတ်တော့ မသိရသေး ဘူး” ဟု သြဂုတ်လ ၅ ရက်နေ့ က ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဇွန်လ လကုန်ပိုင်းမှ ဇူလိုင်လအထိ တပ်မတော် နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ကျောက်မဲမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့မှု အကြိမ်ရေ ၂၀ ခန့် ရှိခဲ့သည်ဟု သိရသည်။

အလားတူ သီပေါမြို့နယ်အတွင်းတွင်လည်း ဇွန်လ ၁၀ ရက်နေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဇွန်လ ၃ ရက်နေ့ ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် နားကောင်းမူး ကျေးရွာအုပ်စု နားကောင်းမူး ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ဟု ဒု-ဗိုလ် မှူးကြီး အုမ်ခေး က ပြောသည်။

RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထား သည့် အဖွဲ့ ဖြစ်သည်။