ဆောင်းကုန်လို့ နွေအကူး နွေဦးပေါက်ရာသီဆိုပေမယ့် မြို့ထဲကို ၀င်လိုက်တာနဲ့ အေးမြတဲ့ ဆောင်းရဲ့ အနှံ့ အသက်တွေ မကုန်နိုင်သေးသလို မြို့ပေါ်က အထင်ကရ နေရာတခုဖြစ်တဲ့ သာသနာ ၂၅၀၀ ဘုရားကုန်း ကနေ လှမ်းမျော် ကြည့်လိုက်တဲ့ အခါမှာတော့ မြူခိုးတွေနဲ့ နှင်းမှုန်တွေ လွမ်းခြုံနေတဲ့ လာရှိုးမြို့ရဲ့ နံနက်ခင်း အလှကို အပေါ်စီးကနေ မြင်တွေ့နိုင်ပါတယ်။
ဘုရားကုန်းကနေ အရှေ့ဖက်ကို လှမ်းကြည့်လိုက်ရင် တောင်ကုန်းထိပ်က မြူမှုန်ကြားမှာ စေတီလေး တဆူကို ခပ်ဝါးဝါးလေး တွေ့ရမှာဖြစ်သလို တောင်ခြေတ၀ှိုက်ကို လှမ်းကြည့်လိုက်ရင်တော့ ပြွတ်သိပ် နေတဲ့ လူနေအိမ်တွေ ဟိုတစု ဒီတစုနဲ့ အကန့်လိုက် အပိုင်းလိုက် တွေ့ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီရှုခင်း လေးတွေကို ပြန်စဉ်းစားလိုက်တိုင်း ပူလည်း မပူ အေးလည်း မအေးလွန်းတဲ့ အခုလို ရာသီမှာ အိမ်ကို အမြဲလွမ်းနေတတ်သလို စိတ်ထဲက တွေးကြည့်လိုက်တာနဲ့တင် ကြည်ကြည် နူးနူးလေး ခံစားနေရတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ ရောက်နေတဲ့ လားရှိုး မြို့ခံ တဦးက ပြောပြခဲ့တာပါ။
အခုဆိုရင် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်တွေ လားရှိုးမြို့ပေါ်မှာ စည်းရုံးမဲဆွယ်နေကြပြီလို့လည်း သူက ပြောပါတယ်။
လာရှိုးမြို့နယ်မှာတော့ လက်ရှိ အနိုင်ရပါတီတခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ဒေသခံ ရှမ်းလူမျိုးတွေကို ကိုယ်စားပြု ဖွဲ့စည်းထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP စတဲ့ ပါတီကြီး သုံးခုနဲ့ အခြား တိုင်းရင်းသား ပါတီ နှစ်ခုတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမှာပါ။
ကျားဖြူလို့ လူသိများတဲ့ SNDP ပါတီကတော့ လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဖက် ပါတီကို ကပ်ပြီး ရှုံးခဲ့ပေမယ့် အခုရွေးကောက်ပွဲမှာတော့ လုံးဝအနိုင်ရမယ်လို့ ယုံကြည်တယ်လို့ ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် ဘဏ္ဍာရေးမှူး (၂) လည်းဖြစ်တဲ့ စောသန်းမြင့်က ပြောပါတယ်။
“အရင်တခေါက်က ကျနော်တို့ ဘယ်နှစ်မဲနဲ့ ရှုံးသလဲဆိုတော့ ကြိုတင်မဲထဲမှာ (၇) မဲထဲနဲ့ ကပ်ရှုံးတယ်။ အခုတကြိမ်တော့ ဘယ်သူပဲ ပြိုင်ပြိုင် ကျနော်တို့ လာရှိုးမှာတော့ ဘယ်သူမှ အနိုင်ရမှာ မဟုတ်ဖူး။ ကျနော်တို့ပါတီက သေခြာပေါက် အနိုင်ရမှာ ခင်ဗျ။”
၂၁၁၀ ရွေးကောက်ပွဲတုန်းက လားရှိုးမြို့နယ်မှာ အနိုင်ရခဲ့တဲ့ လက်ရှိ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးလို့ လူသိများတဲ့ USDP ပါတီကို ကိုယ်စားပြု ၀င်ရောက် ခဲ့သလို အဲဒီတုန်းက ကျားဖြူပါတီက ဦးသန့်ဇင်နဲ့ ယှဉ်ပြိုင်ကြတာပါ။
လာမယ့် ရွေးကောက်ပွဲမှာတော့ လစ်လပ်သွားတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ နေရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အမျိုးသမီးတဦးဖြစ်တဲ့ ဒေါက်တာ နန်းကိန်ဖောင်းတစ်နဲ့ ကျားဖြူပါတီက စိုင်းစံမင်း တို့ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အဲဒီပါတီနှစ်ခုဟာ အရင် ရွေးကောက်ပွဲတုန်းက အဓိက ပြိုင်ဖက်တွေဖြစ်ခဲ့ကြပေမယ့် ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ၀င်ရောက်လာတဲ့ အတွက် အဓိက ပြိုင်ဖက်ပါတီ (၃) ခုဖြစ်လာတာကို တွေ့ရမှာပါ။
လာရှိုးမြို့နယ်မှာ အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ NLD ပါတီ ၀င်ရောက်လာပေမယ့် ကျားဖြူပါတီရဲ့ အဓိက ပြိုင်ဖက်ကတော့ လက်ရှိ အနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘဲ ဖြစ်တယ်လို့ စောသန်းမြင့်က ပြောပါတယ်။
“အဓိက ပြိုင်ဖက်ကတော့ ပြည်ခိုင်ဖြိုးဘဲ ဖြစ်တယ် ခင်ဗျ။ ကျနော်တို့ ပြည်နယ်တွေမှာ NLD ကို ကျနော်တို့က သိပ်ပြီးတော့ ထည့်တွက်စရာ မရှိဘူး။”
ကျားဖြူပါတီကတော့ ရှမ်းလူမျိုးတွေရဲ့ မဲအများစုရမယ်လို့ ယုံကြည်ပါတယ်။ “ဒေသထဲမှာရှိတဲ့ တခြားမဲတွေတော့ ကွဲထွက်မယ်လို့ ကျနော်တို့ ယူဆတယ်လေ။ ကျနော်တို့ ရှမ်းမဲက ကွဲစရာ မရှိဘူး။ တခြားမဲဆိုတာက ရှမ်းမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေကို ဆိုလိုတာပါ။” လို့ ဦးစောသန်းမြင့်က ဆိုပါတယ်။
ယခင် ရွေးကောက်ပွဲတုန်းက ပါတီကြီး နှစ်ခုသာ အဓိကထား ယှဉ်ပြိုင်ခဲ့ရာက အခု ပါတီ (၃) ခုဖြစ်လာတဲ့အတွက် ဒေသတွင်းက မဲတွေ လျော့ကျသွားနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
လားရှိုး မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက စိုင်းမြင့်မောင် ကတော့ မြို့ပေါ်ဒေသတွေမှာ သူတို့ပါတီ အနိုင်ရဖို့ အနေအထားရှိနေပေမယ့် နယ်ဖက် တွေမှာတော့ ကျားဖြူနဲ့ ကြံ့ခိုင်ရေးပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။
“နယ်တွေမှာဆိုရင် မင်းတို့ ခြင်္သေ့ကိုပဲ မဲထည့်ရမယ် ဘာညာဆိုပြီး ခြိမ်းခြောက်လို့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီကနေ ပြီးတော့မှ ပြည်နယ် ကော်မရှင်အထိ တိုင်တန်းနေရတဲ့ အဆင့်တွေ ရှိနေတယ်ဗျ။ ဒီတော့ သူတို့တယောက်နဲ့တယောက် ပြိုင်ဖက်လို့ ပြောနေကြတာ အထူးသဖြင့် နယ်မဲဗျ။”
မြို့ပေါ်ဒေသမှာတော့ NLD ပါတီကသာ အနိုင်ရလိမ့်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း “သူတို့ အချင်းချင်းဘဲ တဖက်နဲ့ တဖက် အပြန်အလှန် ပြောနေကြပြီးတော့ ကျနော်တို့ကို သူတို့ ထည့်တွက်ထားပုံ မရဘူးဗျ။ ဒါပေမယ်လို့ မြို့ပေါ် မဲတွေမှာတော့ သူတို့ NLD ကို ဘယ်တော့မှ ယှဉ်လို့ ရမယ်လို့ ကျနော် မထင်ဘူးဗျာ။” လို့ စိုင်းမြင့်မောင်က ဆက်ပြောပါတယ်။
အခုလို နယ်ဖက်မှာရှိတဲ့ မဲတွေကို အဆိုပါ ပါတီ နှစ်ခုက ပြိုင်ဆိုင်နေကြမယ်၊ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် စည်းရုံးရေး ခရီးစဉ်ကလည်း လူထု ထောက်ခံမှုတွေ ရထားခဲ့ တယ်ဆိုတော့ တကယ်လို့သာ အစိုးရက ကြွေးကြော်ထားသလို စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာ ခဲ့ရင် နယ်မဲတွေဟာ အလိုလိုနေရင်း NLD ပါတီကို ရောက်လာနိုင်တယ်လို့ ယူဆတဲ့အကြောင်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
“ဒီကနေ့ တောကြိုအုံကြားထဲက မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ နိုင်ငံရေး အခြေအနေကို ၁၉၉၀ တုန်းကနဲ့ မတူလောက်အောင် နားလည်နေတာတွေ ရှိတယ်။ မနက် မျက်နှာသစ်ရင်တောင်မှ ရေဒီယိုကို ဖွင့်ပြီးမှ မျက်နှာသစ်တယ်လို့ ပြောကြတယ်။”
ဒါပေမယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကတော့ အဓိက ပါတီကြီး သုံးခုအနေနဲ့ အားသာချက်တွေ ကိုယ်စီ ရှိကြတဲ့အတွက် လက်ရှိ အနေအထားအရ မျှတတဲ့ မဲတွေ ရနိုင်လိမ့်မယ်လို့ သုံးသပ်ပြပါတယ်။
“ ဒီ(၃) ဖွဲ့ထဲမှာ အခုလောလောဆယ် မှာတော့ သုံးပုံ တပုံစီလောက် ရှိနေကြမှာပေါ့ဗျာ။ တကယ်တန်း မဲကို မျှမျှ တတရေတွက်မယ် ဆိုလို့ရှိရင်တော့ ဒီဥစ္စာဟာ သူမသာ ကိုယ်မသာလောက်ပဲ ဖြစ်သွားနိုင်တယ်လို့ ဆိုရမှာပေါ့ဗျာ။”
ဒါ့အပြင် လားရှိုး မြို့ပေါ်မှာတော့ NLD ပါတီက အားကောင်းနေပုံ ရသလို ကျေးလက်ဒေသ တွေမှာတော့ ဒေသခံတွေရဲ့ တိုင်းရင်းသား ပါတီဖြစ်တဲ့ ကျားဖြူပါတီ အပေါ်စိတ်ဝင်စားမှု အရှိဆုံးလို့ ဆိုပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ မြို့ပေါ်မှာ မဲစာရင်း ပြင်တဲ့ ကိစ္စတွေနဲ့ အနိုင်ယူဖို့ ကျိုးစားနေတာ မျိုးတွေ ရှိသလို ကျေးလက်နဲ့ နယ် ဒေသတွေမှာ အစိုးရရဲ့ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တွေနဲ့ အာဏာပိုင် တချို့ကတဆင့်လူထုကို ဖိအားပေး ခြိမ်းချောက်တာမျိုးတွေ လုပ်နေတယ် လို့လည်း သူက ဆိုပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အခုလို မတရားတဲ့နည်းနဲ့ မဲရအောင် လုပ်ဆောင်နေတဲ့ အပေါ် “ဒီဥစ္စာတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ အများကြီး သြဇာ သက်ရောက်နိုင်တာပေါ့ဗျာ။ ဒါကြောင့် မို့လို့ ဘယ်နည်းနဲ့ မဆို အခုလောလောဆယ်မှာ USDP ကတော့ အကျိတ်အနယ် ပြန်ပြီးတော့မှ တိုက်ပွဲ ၀င်မယ့်ပုံစံရှိတယ်လို့ အဲလိုမျိုး သုံးသပ်ရတာပေါ့ဗျာ။” လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ အဓိက ယှဉ်ပြိုင်ကြမယ့် ပါတီကြီး (၃)ခုကိုကြည့်ရင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက နန်းကိန်ဖောင်းတစ်၊ ကျားဖြူပါတီက စိုင်းစံမင်းနဲ့ NLD ပါတီက စိုင်းမြင့်မောင်တို့ဟာ လားရှိုးမြို့ပေါ်မှာ နေထိုင်ကြတဲ့အပြင် သုံးယောက်စလုံးက ရှမ်းလူမျိုးတွေ ဖြစ်ကြပါတယ်။
နန်းကိန်ဖောင်းတစ် ကတော့ အမျိုးသမီးရေးရာနဲ့ ပတ်သက်လို့ ဆောင်ရွက်နေသူတဦးဖြစ်ပြီး လက်ရှိ အစိုးရပါတီကို ကိုယ်စားပြုထားပါတယ်။
စိုင်းစံမင်းကတော့ ရှမ်းစာပေနဲ့ ယှဉ်ကျေးမှုလုပ်ငန်းတွေကို လုပ်ဆောင်နေသူဖြစ်ပြီး ရှမ်းလူထု အများဆုံး ထောက်ခံတဲ့ ပါတီကဖြစ်ပါတယ်။ စိုင်းမြင့်မောင် ကတော့ နိုင်ငံရေး အတွေ့အကြုံရှိပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း လားရှိုးမြို့နယ်ရဲ့ မဲဆန္ဒနယ် အမှတ်(၃) ကနေ အနိုင်ရထားသူဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ လားရှိုး မဲဆန္ဒနယ်က မြို့နယ် ငါးခုအတွက် မဲရုံပေါင်း ၁၂၄ ခုရှိမှာ ဖြစ်ပြီး လာရှိုး အပါအ၀င် သိန္ဒီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ မြို့နယ်တွေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်သလို ကိုးကန့် အမျိုးသားညီညွတ်ရေးပါတီနဲ့ လားဟူအမျိုးသား တိုးတက်ရေး ပါတီတို့လည်း ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။











