Friday, May 24, 2013

ပြည်သူတွေရဲ့ လိုအပ်ချက်အတွက် ကြိုးပမ်းလုပ်ဆောင် သွားမယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ

ပြည်သူတွေအတွက် အခြေခံကျတဲ့ အဓိကလိုအပ်ချက်တွေကို ကြိုးပမ်းလုပ်ဆောင်သွားဖို့  ရွေးကောက်ပွဲ ဝင်ရတာပါလို့ ပြောလာသူကတော့ တနသာင်္ရီတိုင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါ်တင်တင်ရီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်တင်တင်ရီဟာ ပြိုင်ဘက်ဖြစ်တဲ့ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးချစ်သန်းနဲ့ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  

လာမယ့် ယှဉ်ပြိုင်ပွဲမှာ အောင်နိုင်ရေးအတွက် “ပါတီလမ်းစဉ်အတိုင်း စည်းရုံးရေးသွားနေတယ်။ တရားသဖြင့် ပြိုင်ပွဲကိုရိုးရိုးသားသားနဲ့ ယှဉ်ပြိုင်သွားမယ်။” လို့ ဒေါ်တင်တင်ရီက အားမာန်အပြည့်နဲ့ ပြောပါတယ်။

အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသားတွေကို ဦးစားပေးမယ်ဆိုတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်  (NLD) ရဲ့ မူအရ သူမဟာ အမျိုးသမီးဖြစ်တာက တစ်ကြောင်း၊ (NLD) က သတ်မှတ်ထားတဲ့ ပညာအရည်အချင်း၊ အဖွဲ့ချူပ်အတွင်း စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ သူမရဲ့ တက်ကြွစွာ ပါဝင်လုပ်ဆောင်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့် တိုင်းအောင်နိုင်ရေးအဖွဲ့ရဲ့ ထောက်ခံချက် အရ ဗဟိုအဖွဲ့ချူပ်ကနေ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ် ခံရတာ ဖြစ်တယ်လို့လည်း သူမကဆိုသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ မူဝါဒ လမ်းစဉ်နဲ့ အညီ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ခေတ်နဲ့ မလျှော်ညီတဲ့ ဥပဒေများကို ပြန်လည်ပြင်ဆင်ပြောင်းလဲရေး စတဲ့ မူကိုအခြေခံပြီး ရွေးကောက်ပွဲ ကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်။”

 ကျွန်းစုမြို့နယ်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းလေးတစ်ခုဖြစ်တာနဲ့အညီ မဲဆွယ်စည်းရုံးရေး ဆင်းရာမှာလည်း ကုန်းလမ်းနဲ့ ရေလမ်းတွေကိုပါ အသုံးပြုရပြီး လှေတစ်တန် ကားတစ်တန်နဲ့ သွားရတဲ့ နေရာဖြစ်ပါတယ်။  

သူမအနေနဲ့ ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ၈၀ ရာခိုင်နှုန်းနဲ့ အနိုင်ရမယ်လို့ ယုံကြည် ကြောင်းနှင့် လက်ရှိအခြေအနေမှာ မဲစာရင်းအမှားအယွင်းတွေ ရှိနေတဲ့အပြင် တစ်ချို့ကျေးရွာတွေမှာ  မဲစားရင်းတောင်မရသေးတဲ့ အခြေအနေ ရှိနေသေးတယ်လို့လည်း ဆိုသည်။

သူမဟာ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ အဖ ဦးလှဖေ၊ အမိဒေါ်နုတို့က မွေးဖွားခဲ့ပြီး မူလတန်းပညာကို အမက မြိတ်၊ ပုလောနှင့် ဘုတ်ပြင်းမြို့တွေမှာ သင်ကြားခဲ့တာပါ။

“ကျမအဖေက စခန်းမှုးဖြစ်တဲ့အတွက် တာဝန်ကျရာနေရာတွေကို ပြောင်းရွှေ့နေရလို့ ကျောင်းကို တစ်နေရာတည်းမှာ အတည်တကျမတတ်နိုင်ဘူး”
အထက (၂) မြိတ်မှာ အထက်တန်းပညာကို သင်ကြားခဲ့ပြီး အထက (၁) မြိတ်မြို့မှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပါတယ်။

၁၉၆၄ ခုနှစ်မှာတော့ မြိတ်မြို့နယ် ကုန်သွယ်ရေးဌာနမှာ အထက်တန်းစာရေးအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ ပင်စင်ယူခဲ့ပါတယ်။
“ကျမအလုပ်စ၀င်တဲ့အချိန်မှာ ကျမအသက် ၁၇ နှစ်ဘဲရှိသေးတယ်၊  ၁၃ နှစ်ကြာတာဝန်ထမ်းဆောင် ခဲ့တယ်၊ ပင်စင်ယူတဲ့အချိန်မှာကျမအသက် ၂၉ နှစ်ကျော်ကျော်ဘဲရှိသေးတယ်၊ ၀န်ထမ်းဘ၀မှာတော့ မိသားစုတွေနဲ့ တော်တော်ကိုပျော်ပျော်ရွှင်ရွင်နေခဲ့ရတယ်။” လို့ သူမရဲ့ ၀န်ထမ်းဘ၀အကြောင်းကိုပြော ပြခဲ့ပါတယ်။

၁၉၇၉-၈၀ ခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် အဝေးသင်နဲ့ ဥပဒေပညာကို သင်ယူခဲ့ပါတယ်။  ၁၉၈၄-၈၅ ခုနှစ်မှာ ဥပဒေဘွဲ့ (LLB) ကိုရရှိခဲ့ပါတယ်။  

၁၉၈၇ ခုနှစ်ကနေ ၁၉၉၀ အထိ မြိတ်မြို့နယ်တရားရုံး၊ ကျွန်းစုမြို့နယ်တရားရုံးနှင့် ကော့သောင်းမြို့နယ် တရားရုံးတွေမှာ အထက်တန်းရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ 

“ဆင်းရဲသားလူတန်းစားတွေ၊ မတရားတဲ့ဘက်က ကိုယ့်ထမင်း ကိုယ်စားပြီးအမှုလိုက်ပေးတယ်၊ ပိုက်ဆံပေးတာ နည်းရင်နည်းပါစေ မတရားခံရတဲ့ဘက်ကနေ လိုက်ပေးတယ်။ တစ်ချို့ဆိုရင် ထောင်ဝင်စာတောင်သွားတွေ့ပေးရသေးတယ်။” လို့ သူမလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ အမှု နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

ရှေ့နေဘ၀တုန်းက အမှုသည်တွေကို ကူညီဖြည့်စွမ်းမှုတွေဟာ နိုင်ငံရေး လုပ်တဲ့အခါမှာ အထောက်အကူ ဖြစ်စေခဲ့တယ်လို့လည်း သူမက ပြောပါတယ်။  

“နှစ်ခုစလုံးကို ကျမ၀ါသနာပါတယ်။ ရှေ့နေဘ၀နဲ့ ကျမကူညီသင့်သူ တော်တော်များများကိုကူညီနိုင်ခဲ့ တယ်ဆိုတော့ ကျမပီတိဖြစ်ရတယ်။ မတရားခံရတဲ့အမှုတွေကို ကိုယ့်စရိတ်ကိုယ်စားပြီးလိုက်ပေးရတဲ့ အတွက် သူတို့အနိုင်ရတဲ့အချိန်မှာ ငွေကြေးပမာနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ၀မ်းမြောက်ဝမ်းသာဖြစ် ရတာပေါ့ရှင်။ အခုချိန်မှာ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာ ဒီလူတွေက ကျမကိုပြန်အကျိုးပြုတယ်။အထူးသဖြင့် ၈၈ ကျောင်းသားတွေက ကျမကိုဝန်းရံကြပြီး ကျမအတွက်စည်းရုံးရေးတွေဆင်းပေးကြတယ်။” လို့ ဒေါ်တင်တင်ရီက ပြောပါတယ်။

၁၉၆၇ ခုနှစ်မှာ မြိတ်မြို့နယ် ကုန်သွယ်ရေးဌာနက ကြီးကြပ်ရေးမှူး လက်ထောက်ဦးစီးမန်နေဂျာ ဦးခင်မောင်နဲ့ လက်ထပ်ခဲ့တဲ့နောက် သမီးနှစ်ယောက်နဲ့ သားနှစ်ယောက်ထွန်းကားခဲ့ပါတယ်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ခုံရုံးမှ အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် အပြစ်ဒဏ် ၇ နှစ် နှင့် မြိတ်မြို့နယ် အထူးတရားရုံးမှ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ အရသုံးနှစ်စီ နှစ်မှုနဲ့ အမှုသုံးမှု အတွက် စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရတဲ့အတွက် ထောင်တွင်း အတွေ့အကြုံ တွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။

“ကျမမြိတ်ထောင်မှာ ၃ နှစ် နဲ့ ၇လ နေခဲ့ရတယ် ၃ နှစ်လောက်က မိသားစုနဲ့လုံးဝမတွေ့ရဘူး၊ ပါဆယ်ဘဲ ပို့လို့ရတယ်။ ကျမတို့က ပုဒ်မ ၅ ည နဲ့ ဆိုတော့ အလုပ်မလုပ်ရပေမယ့် စိတ်ဓါတ်အားဖြင့် ညဉ်းဆဲ ခံရတယ်။ ရိုးရိုးအကျဉ်းသားတွေကို သူတို့လုပ်ချင်သလိုလုပ် လို့ရပေမယ့် ကျမတို့ကိုကျတော့ လုပ်လို့မရဘူး အဲဒါ ကျမကို ညဉ်းဆဲလို့မရလို့ ထောင်သားအချင်းချင်းထဲက ကျမချစ်တဲ့လူတွေကို ကျမရှေ့မှာရိုက်ပြတယ်၊ ထောင်မှူး တွေကတော့ကောင်းပါတယ်။ အောက်ခြေကလူတွေက အဲလိုလုပ်တာ။”

ထောင်ကျနေချိန်တွေမှာတော့ ဘုရားတရားကိုသာ အာရုံပြုထားခဲ့တယ်လို့လည်း ပြောပါတယ်။  
“ကျမမိသားစုကို အကုန်မေ့ထားလိုက်တာ၊ ကလေးတွေက အကုန်ကြီးကုန်ပြီ၊ တက္ကသိုလ်တက်နေတဲ့ အချိန်ဖြစ်နေပြီဆိုတော့ စားဝတ်နေရေးလည်း ပုံမှန်ဘဲဆိုတော့ ကျမမေ့ထားလိုက်တယ်၊ မိသားစုနဲ့ ပတ်သတ်ပြီးဘာမှမခံစားတော့ဘူး။”

သူမဟာ ၁၁ နှစ်နဲ့ ၇ လ ထောင်ကျခဲ့ပြီးနောက် ၂၀၀၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်သာ အစဉ်တစိုက်လုပ်ဆောင်နေတဲ့ သူမဟာ အနိုင်ရခဲ့ရင် “ပြည်သူတွေ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခန်းကဏ္ဍတွေမှာ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ကြိုးစားသွားမယ်။” လို့ ပြောဆိုခဲ့ပါတယ်။

Comments (0)
Write comment
Your Contact Details:
Comment:
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(:sleep::););)):0

NMG ဓါတ်ပုံကဏ္ဍ

ဗီဒီယိုမှတ်တမ်း

NMG ရေဒီယို ဇာတ်လမ်း အစီအစဉ်များ

ဆောင်းပါး

သတင်းဓါတ်ပုံ

အခြားကဏ္ဍများ