ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် ခရိုင်အတွင်းက ရှမ်း စစ်ပြေးဒုက္ခသည်များအား နေရပ်သို့ ပြန်လည် ပို့ဆောင်မည့်အရေး ရှမ်းတိုင်းရင်းသား လူထုအခြေပြု လူမှုအဖွဲ့အစည်းများက စိုးရိမ်မကင်း ဖြစ်နေသည်။
PT-Koung Jor
နော်ဝေးနိုင်ငံ ဒုက္ခသည်ကောင်စီ NRC မှ ငြိမ်းချမ်းရေး အထောက်အကူပြု အစီအစဉ်အရ ၀ိန်းဟဲန်မြို့နယ် ပိန်းလုံ ကျေးရွာအုပ်စုအတွင်း တည်ဆောက်ထားသည့် ကုန်းကျော် ဒုက္ခသည် စခန်းအား ရှမ်းပြည် တောင်ပိုင်း မိုင်းထားမြို့ အနီးသို့ ရွှေ့ပြောင်းရန် ပြင်ဆင် နေသည့် အပေါ် စိုးရိမ်ကြောင်း အထက်ပါ အဖွဲ့များက ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ ချင်းမိုင်မြို့ တနေရာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS တို့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးသော်လည်း မိုင်းထား ဒေသအပါအ၀င် ရှမ်းပြည်တောင်ပိုင်း နေရာအတော်များများတွင် တိုက်ပွဲ ဖြစ်ပွားမှုများ ဆက်ရှိနေသေးသည့် အတွက် ပြန်မပို့သင့်သေးကြောင်း လူထုအခြေပြု အဖွဲ့အစည်းများ ကိုယ်စား စိုင်းခေးဆျဲန်က အခုလို ပြောဆိုသည်။
“လတ်တလောအခြေအနေမှာ ငြိမ်သက်မှု မရှိသေးတာရယ်၊ နောက်ပြီးတော့ တပ်တွေ အများစု ကြားထဲမှာ ဒုက္ခသည်တွေကို နေရာချထားမှာ ဖြစ်တာရယ်၊ အပစ်အခတ်ရပ်စဲပြီး ဒါတောင် တိုက်ပွဲတွေ ဖြစ်နေသေးတယ်ဆိုရင် နောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ဒုက္ခသည်တွေ အနေနဲ့ ထပ်ဆင့်ဒုက္ခရောက်မှာ စိုးတာကြောင့် ပြန်မပို့ဖို့ တိုက်တွန်း တင်ပြခြင်း ဖြစ်ပါတယ်။”
ယင်းဒေသတွင် မြန်မာအစိုးရ တပ်စခန်းပေါင်း (၄၀) ကျော် တပ်စွဲထားသည့်အပြင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အများအပြား လှုပ်ရှားသွားလာသည့် ဒေသဖြစ်သည်။ ထို့အပြင် ထိုင်းနယ်စပ်နှင့် ကီလိုမီတာ (၂၀) ကျော် ကွာဝေးသည့်အတွက် အကယ်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပါက ထွက်ပြေး တိမ်းရှောင်ရန် အခက်အခဲပို ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
လောလောဆယ် ယင်းဒေသတွင် မြေမြုတ်မိုင်းများ ရှင်းလင်းနိုင်ခြင်း မရှိသေးသည့် အပြင် ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအတွက် တိကျသည့် အာမခံချက် မရှိနိုင်သေးသလို လုပ်ကိုင်စားသောက်ရန် စိုက်ပျိုးမြေ အခက်အခဲ ရှိနေသေးကြောင်းနှင့် တိုင်းပြည်အမှန်တကယ် တည်ငြိမ်အေးချမ်းမှသာ ပြန်လည် ပို့ဆောင်သင့်ကြောင်း စိုင်းခေးဆျှဲန်က ပြောဆိုသည်။
လွန်ခဲ့သည့် ၂၀၀၂ ခုနှစ် အစိုးရနှင့် SSA တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် ထိုင်းမြန်မာနယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များအား ထိုင်းဒေသ အာဏာပိုင်များက လူသားခြင်းစာနာသည့် အနေဖြင့် နေထိုင်ခွင့်ပြုခဲ့ရာမှ ၂၀၀၃ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
စတင် တည်ဆောက်ချိန်က လူဦးရေ ရာဂဏန်းခန့်သာ ရှိသော်လည်း ထပ်မံ ရောက်ရှိ လာသည့် အတွက် စစ်ပြေးဒုက္ခသည် ဦးရေပေါင်း (၈၀၀) ခန့် ဖြစ်လာပြီး လောလောဆယ် အိမ်ခြေ ၁၂၅ အိမ်နှင့် လူဦးရေ (၅၀၀) ကျော်သာ ကျန်ရှိသည်။ ဌာနေ ပြန်ရမည့် သတင်း ကြားသိရပြီးနောက် လူ(၃၀၀) ခန့် စခန်းတွင်းမှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း စုံစမ်းမှုအရ သိရသည်ဟု စိုင်းခေးဆျှဲန်က ပြောသည်။
မည်သည့်နေ့ရက် နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု တိကျစွာ မသိရသေး သော်လည်း နော်ဝေး ဒုက္ခသည် ကောင်စီမှ ကုန်းကျော်စခန်းသို့ ယနေ့မှစတင်၍ စစ်တမ်း ကောက်ယူ နေပြီး မိုင်းထားသေဒ တ၀ှိုက်တွင်လည်း ဒုက္ခသည်များ အတွက် နေရာ ထိုင်ခင်းများ ပြင်ဆင်ထားသည်ဟု သတင်းရကြောင်း ရှမ်း လူမှုအဖွဲ့အစည်း များက ဆိုသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဌာနေပြန်ပို့ခံရမည့် ဒုက္ခသည်များ၏ဆန္ဒ ကောက်ယူ ထားသည့် ဗွီဒီယို မှတ်တမ်းခွေတခု ပြသခဲ့ပြီး ဒုက္ခသည် အများစုက မပြန်လိုကြကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။ အကယ်၍ အတင်းအကျပ် ပြန်လည် ပို့ဆောင်ပါက နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ တင်ပြ တိုက်ပွဲဝင်သွားမည်ဟု စိုင်းခေးဆျှဲန်က ပြောဆိုသည်။
အစိုးရနှင့် SSA/ RCSS တပ်ဖွဲ့တို့ အပစ်အခတ် မရပ်စဲမီက တိုက်ပွဲများကြောင့် နယ်စပ် သေဒသို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များအား SSA ထိန်းချုပ်နယ်မြေ များ အတွင်းရှိ စခန်း (၅) ခုတွင် စောင့်ရှောက်ထားပြီး ကုန်းကျော် စခန်းအပါအ၀င် လူဦးရေ (၇၀၀၀) ကျော်ရှိသည်ဟု သိရသည်။
ယင်းစခန်းများအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ တရားဝင် အတည်အမှတ်ပြုထားခြင်း မရှိဘဲ လူသားချင်းစာနာ ထောက်ထားမှုအရ အစိုးရ မဟုတ်သည့် NGOs အဖွဲ့အစည်းများ၏ အကူအညီဖြင့် ရပ်တည်နေရကြောင်း ရှမ်း လူထု အခြေပြု လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။











