Wednesday, June 19, 2013

ထိုးစစ်များ ရပ်တန့်ပေးရန် ပြည်ပရောက် ကချင်အဖွဲ့များတောင်းဆို

ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ရပ်တန့်ပေးရန်နှင့် ပိုတိုးလာသည့် စစ်ပြေးဒုက္ခသည် များ လိုအပ်နေသည့် အရေးပေါ် အကူအညီများအား လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက် ခွင့်ပေးရန် နိုင်ငံတကာရောက် ကချင်အမျိုးသား အဖွဲ့အစည်းများက တောင်းဆို လိုက်သည်။

အစိုးရတပ်၏ ထိုးစစ်များကြောင့် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုများလာပြီး စစ်ပြေး ဒုက္ခသည် (၉၀၀၀၀) ကျော်အထိ ပိုတိုးခဲ့ရာ ပြည်တွင်းပြည်ပမှ အကူအညီများ လိုအပ် နေကြောင်း အဆိုပါအဖွဲ့က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြသည်။

Pt,by-Lachid Kachin,Fb

“အခုဆိုရင် စစ်ပြေးဒုက္ခသည်တွေက ကိုးသောင်းကျော်လောက်ရှိလာတာပေါ့နော်။ တချို့ က ကမ့်ထဲမှာ ရောက်လာတယ်။ တချို့ကတော့ ပိတ်ခံနေရတဲ့ အခြေအနေပေါ့နော်။ ဟိုဖက်လည်း သွားလို့ မရ၊ ဒီဖက်လည်း သွားလို့မရနဲ့ အဲဒီနေရာမှာ အစားအသောက် လည်း ဒုက္ခရောက်နေတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတော့ အဲဒီအပေါ် ခံစားမိပြီး ဒီလို ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။” ဟု အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် မွန်းနေလီက  ပြောသည်။

တိုက်ပွဲကာလအတွင်း စစ်ပြေး ဒုက္ခသည်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါ အ၀င် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများနှင့် အကြမ်းဖက် သတ်ဖြတ် မှုများအား ဖော်ထုတ်စစ်ဆေး အရေးယူပေးရန် ဦးသိန်းစိန် အစိုးရသို့ တောင်းဆိုကြောင်း လည်း ကြေညာချက်က ဆိုသည်။  

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းအပါအ၀င် ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ရပ်ဆိုင်း ပေးရန်နှင့် အစိုးရ၏ တပ်ရင်းပေါင်း (၈၀) ကျော်အား မိခင် ဌာနေ တပ်ရင်းများသို့ ပြန်လည် ဆုတ်ခွာပေးရန်၊ သမ္မတ ဦးသိန်းစိန်၏ ကချင်ပြည်နယ် ထိုးစစ်ရပ်ဆိုင်းရေး အမိန့် မနာခံသည့် ရှေ့တန်းတပ်များအား ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ဆက်လက် ဖော်ပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ရပ်ဆိုင်းရေးကို အစိုးရဖက်က အမိန့်ထုတ်ပြန်ခဲ့သလို KIO ဖက်ကလည်း ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ဖို့ အမိန့် ထုတ်ပြန်ရန် လိုအပ်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် VOA ဌာနမှူး ဦးသန်းလွင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ အစိုးရဖက်မှ အပြောထက် လက်တွေ့ပိုင်းတွင် အားနည်းနေသည့်အတွက် ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း ဖြစ်သည်ဟု မကြာသေးမီက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး တိုက်ပွဲများ မကြာခန ဖြစ်ပွားနေသည့် ရှမ်းနှင့် ကရင်ပြည်နယ် အခြေအနေများကို ကြည့်၍ သိနိုင်ကြောင်း မွန်းနေလီက ပြောဆိုသည်။

ထို့အပြင် “နှစ်ဦးနှစ်ဖက်မှာ တကယ်ဘဲ သဘောတူထားပြီးတော့ ဆိုင်းထိုးထားတဲ့ဟာကို လိုက်နာမယ်။ ထိုးစစ်တွေကို ရပ်တန့်မယ်။ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို အဓိက ထားပြီးတော့ ပြုလုပ်သွားမယ်ဆိုလို့ရှိရင် စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ရောက်လာမယ်လို့ မျော်လင့်ပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO အပါအ၀င် မကြာသေးမီက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားတပ်ဖွဲ့ အားလုံးအပေါ် အစိုးရအနေဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ ဖော်ဆောင်ပေးရန် ကြေညာချက်က ဖော်ပြသည်။

ထို့အပြင် တရုတ်နယ်စပ်ရှိ ဒုက္ခသည်များအား မောင်းထုတ်ခြင်းကို ရပ်တန့်၍ လူသားချင်း စာနာထောက်ထားသည့် အရေးပေါ် အကူအညီများ ကူညီဆောင်ရွက်ပေးရန် တရုတ်အစိုးရထံ တောင်းဆိုကြောင်း ဆက်လက် ဖော်ပြထားသည်။

အလားတူ အစိုးရနှင့် KIO တို့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ သောင်မတင် ရေမကျ ဖြစ်နေသည့် ကိစ္စနှင့် ပတ်သက်၍ နေရာရွေးချယ်မှုအရ တဖက်က အသာစီး ရစေသည့် အနေအထားမျိုး မဖြစ်သင့်ကြောင်းနှင့် ဆွေးနွေးပွဲများအား နှစ်ဖက် ယုံကြည်ရမည့် ကြားနေနိုင်ငံ (သို့မဟုတ်) လူပုဂ္ဂိုလ်များ ရှေ့တွင် ပြုလုပ်ပါက အဆင်ပြေ လာနိုင်ကြောင်း မွန်းနေလီက ဆိုသည်။

ယနေ့ ကြေညာချက်အား နိုင်ငံတကာရောက် ကချင်အမျိုးသား (၁၁) ဖွဲ့ကစုပေါင်း ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့၊ ကုလ သမဂ္ဂအပါအ၀င် နိုင်ငံတကာ မိသားစုများနှင့် တရုတ်အစိုးရထံသို့ ပေးပို့သွားမည်ဟု သိရသည်။

Comments (0)
Write comment
Your Contact Details:
Comment:
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(:sleep::););)):0

NMG ဓါတ်ပုံကဏ္ဍ

ဗီဒီယိုမှတ်တမ်း

NMG ရေဒီယို ဇာတ်လမ်း အစီအစဉ်များ

ဆောင်းပါး

သတင်းဓါတ်ပုံ

အခြားကဏ္ဍများ