ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်း မြန်မာနိုင်ငံဖက်ခြမ်းသို့ ပို့ဆောင်မည်ဟု ယူဆရသည့် လက်နက်မျိုးစုံ သယ်ဆောင်လာသည့် ကားတစ်စီး ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့က ဖမ်းမိသည်။
ထိုင်းနိုင်ငံသား မစ္စတာ နိုင်ဆူမစ်နှင့် မစ္စတာ ပန်ချိုင်းတို့နှစ်ဦးအား မယ်ဖှလုံမြို့နယ် အတွင်းရှိ ဆွတ်ဖိုင်းနယ်စပ်ဂိတ်တွင် ယနေ့နံနက် (၉) နာရီ အချိန်ခန့်က ဖမ်းမိခြင်း ဖြစ်သည်ဟု ထိုင်းအာဏာပိုင်နှင့် နီးစပ်သည့် တာချီလိတ် မြို့ခံ တဦးက အခုလို ပြောသည်။
“M-79 က ဆယ့်ကိုးလက်၊ M-60 အမ်ခြောက်ဆယ်က ၃ လက်၊ Ak-47 က (၂၈) လက်၊ 9-mm ကိုးမမ ပစ္စတိုပေါ့နော်။ အဲဒါက (၅) လက်၊ နောက်တမျိုးက သူတို့ထိုင်းအခေါ် ဆက်ကာဆေ့ လို့ပြောတယ်။ M-21 နဲ့ ပုံစံ တူတဲ့ဟာမျိုးဗျ။ အဲဒါက (၉) လက် ဖမ်းမိတယ်။”
ယင်းလက်နက်များအား ထိုင်းမြန်မာနယ်စပ်တလျှောက် အခြေစိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုသို့ ပို့ဆောင်ရန် ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုကြောင်း ၎င်းက ဆက်ပြောသည်။
“သေခြာတာကတော့ မြန်မာဖက်က အဖွဲ့တခုခုကို ပို့ဖို့ဖြစ်တယ်။ ဒါပေမယ့် ဘယ်အဖွဲ့ အစည်းကို ပို့မယ်ဆိုတာတော့ မသိသေးဘူး။ အခုလိုက်နေတုန်းပဲ လို့ပြောတယ်။ မူးယစ်ဆေးဝါး လုပ်တဲ့ အဖွဲ့ကို ပို့မှာလား၊ “၀” အဖွဲ့ကို ပို့မှာလား၊ ရှမ်းအဖွဲ့ကို ပို့မှာလား၊ ဒါမှမဟုတ် ပြည်သူ့စစ်ကိုပို့မှာလားပေါ့။”
ထိုဒေသတ၀ှိုက်တွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများ ရှိသည့်အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ လှုပ်ရှားသွားလာတတ်ကြောင်း သိရပြီး ယနေ့ ဖမ်းဆီးမိသည့် လက်နက်ခဲယမ်း ကာလပေါက်ဈေး ဘတ်ငွေ သန်း (၂၀) ခန့် တန်ဖိုးရှိကြောင်း သိရသည်။
လွန်ခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့က တာချီလိတ်မြို့ တဖက်ခြမ်းရှိ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံဖက်ခြမ်းသို့ ပို့ဆောင်မည့် လက်နက်မျိုးစုံ (၄၇) လက်နှင့် ခဲယမ်းများ ဖမ်းဆီး မိခဲ့သေးသည်။
ထိုစဉ်က မြန်မာပြည်ဖက်ခြမ်း တာချီလိတ်မြို့နယ်အတွင်းရှိ စိုက်ခင်းတခုသို့ သယ်ဆောင်ရန် ပြင်ဆင်နေစဉ် ဖမ်းမိခြင်းဖြစ်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့ထံ ပို့ဆောင်မည်ဟု ထိုင်းအာဏာပိုင်ဖက်က ခန့်မှန်း ပြောဆိုကြောင်း သိရသည်။











