မဒတ နှစ်(၃၀)ပြည့်တွင် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် အင်တာဗျူး

မေလ ၁၀ ရက်၊ ၂၀၀၆ ခုနှစ်။

မေး။ ဘာကြောင့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ)ဟာ အောင်မြင်မှုပန်းတိုင် မရောက်ရှိသေးပဲ အနှစ်(၃၀)တိုင်တိုင် ကြာမြင့်နေရပါသလဲ။

ဖြေ။ အားနည်းချက်ကတော့ ညီညွတ်ရေး သိပ်မခိုင်တဲ့ဟာပေါ့။ အထူးသဖြင့် ဒီရန်သူကနေပြီးတော့ စီးပွားရေး မက်လုံး၊ ကိုယ့်နယ်မြေကိုယ်အုပ်ချုပ်ရမယ်ဆိုတဲ့ မက်လုံးလေး နည်းနည်းရတာနဲ့ မဒတ အဖွဲ့ဝင်တချို့ဟာ ရန်သူနဲ့ အပစ်ခတ်ရပ်စဲလုပ်ပြီးတော့ မဒတကို ကျောခိုင်းတဲ့ သဘောမျိုးပေါ့ဗျာ။ အဲဒီမှာ အားနည်းချက်တွေပေါ့။

မေး။ အောင်မြင်မှုပန်းတိုင်ကို ဆုပ်ကိုင်နိုင်ဖို့အတွက် ဘာတွေကို လိုအပ်မယ်လို့ မြင်ပါသလဲ။

ဖြေ။ လက်ရှိကတော့ အဲန်ဒီအက်ဖ် (မဒတ) အဖွဲ့ဝင်တွေတော့ အမှန်အကန်ပဲပေါ့ဗျာ။ အဲဒီ အထက်မှာကတော့ သူနဲ့ ပူးပေါင်းဖို့က အဲန်ဒီအက်ဖ် အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ရှိတယ်။ လက်နက်ကိုင်တဲ့ လူတွေရှိတယ်။ နိုင်ငံရေးပါတီတွေရှိတယ်။ အဲဒါတွေနဲ့ အားလုံးပူးပေါင်းပြီးတော့ တိုင်းရင်းသားအင်အားစုတစုက တိုင်းရင်းသားအသံ တသံ ဖြစ်လာပြီးတော့ အဲဒီကနေ တိုင်းပြည်ရဲ့ အခြေအနေပြောင်းလဲဖို့အတွက် ကြိုးစားရမှာ ပေါ့ဗျာ။

မေး။ အနှစ် (၃၀) ကြာမြင့်နေတဲ့အတွက် စိတ်ဓာတ်ကျခဲ့ဖူးပါသလား။

ဖြေ။ စိတ်ဓာတ်ကျတဲ့အဆင့်ထိတော့ မရှိဘူးခင်ဗျ။ ခေါင်းဆောင်တွေကတော့ တစိုက်မတ်မတ် ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ်ဆက်လက်တိုက်ပွဲဝင်နေတာပဲ။ သို့သော် ခုနလို ဖြိုခွဲခံရတဲ့အခါ ကျတော့ စည်းရုံးရေး ထိပါးတဲ့ အခါကျတော့ အင်အားချိနဲ့သွားတာရှိတယ်။ အင်အားနည်း သွားတာတော့ ရှိပါတယ်။ ဒါပေမယ့် စိတ်ဓာတ် အားဖြင့်တော့ ခေါင်းဆောင်အားလုံးက ခိုင်ခိုင် မာမာ ရှိကြတယ်လို့ ကျနော်ပြောရဲတယ်။ အနိုင်မခံ အရှုံးမပေး ကျနော်တို့ ရည်မှန်းချက် ရောက်အောင်တော့ သွားမှာပဲ။ ကိုယ့်လူမျိုး၊ ယဉ်ကျေးမှု၊ ကိုယ့်ရဲ့နယ်မြေ၊ ကိုယ့်ရဲ့ ရပ်တည် မှုကို ခုခံတော်လှန်ရမယ်၊ ဖိနှိပ်မှုကနေ လွတ်မြောက်အောင် တိုက်ရတယ်ဆိုတာက တရား တယ်၊ မှန်ကန်တယ်။ ဒါကတော့ ဒီလုပ်ငန်း မအောင်မြင်မချင်း လုပ်ရမယ်ဆိုတာကတော့ ကျနော်တို့ စိတ်ဓာတ်က ကျဖို့ အကြော်ငးမရှိဘူးခင်ဗျ။

မေး။ ပြည်တွင်းမှာ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိဖို့အတွက် ဘယ်လောက် အရေး ကြီတယ်လို့ ထင်ပါသလဲ။

ဖြေ။ တိုင်းရင်းသား တန်းတူရေးရမှ ပြည်တွင်းစစ် ငြိမ်းချမ်းသွားမှာပေါ့။ ဖိနှိပ်တဲ့လူမရှိတော့ဘူး၊ တန်းတူရေး ရှိလာတယ်ဆိုတော့ ပြည်တွင်းစစ် ရပ်သွားမှာပေါ့။ ပြည်တွင်းစစ် ရပ်သွားတာနဲ့ အမျှ အခု ချွတ်ခြုံကျနေတဲ့ တိုင်းပြည်စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတွေက တဟုန်းဟုန်း ပြန်မြင့်ထက်လာပြီးတော့ ကျနော် တို့ တိုင်းပြည်ဟာ လူမျိုးပေါင်းစုံပိုင်တဲ့ တိုင်းပြည်ဟာ အာရှမှာဖြစ်ဖြစ်၊ ကမ္ဘာမှာဖြစ်ဖြစ် ကိုယ့်သိက္ခာကိုယ် ဆယ်နိုင်တဲ့ တိုင်းပြည် ဖြစ်လာမှာပေါ့။

မေး။ တိုင်းရင်းသား တန်းတူအခွင့်အရေး မရအောင် စစ်အစိုးရက ဘာတွေဆက်လုပ်မယ်လို့ ထင်ပါသလဲ။

ဖြေ။ စစ်တပ်ကတော့ တိုင်းရင်းသားတွေကို ဆက်လက်ကျွန်ပြုလို့ရအောင် ဆက်လက်ဖိနှိပ်လို့ ရအောင် ကြိုးစားမှာပဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း အင်အားနည်းသွားအောင်၊ ပြိုကွဲသွားအောင် လုပ်မှာပဲ၊ အင်အားရှိတဲ့ အဖွဲ့ဆိုရင်လည်း သူက တဖွဲ့လုံးကို စည်းလုံးမရရင်လည်း တစိတ်တပိုင်းပေါ့၊ တပ်မဟာတခု၊ တပ်ရင်းတရင်း၊ လူတယောက် ရမျှကို ခွဲထုတ်ပြီး စည်းရုံးသွားမှာပဲ။

မေး။ အောင်မြင်မှုပန်းတိုင်ကို လှမ်းနိုင်အောင် ရှေ့ဆက် ဘာတွေပြင်ဆင်ထားသလဲ။

ဖြေ။ ကျနော်တို့ သံဓိဌာန်တာကတော့ သုံးပွင့်ဆိုင်ပေါ်ပေါက်လာဖို့ တိုက်ပွဲဝင်သွားမယ်။ ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးကိုလည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ဒါတွေ ကတော့ မူအရ ချစ်မှတ်ကြတာပေါ့။ လက် တွေ့မှာကတော့ လူထုအုံကြွမှုများများဖြစ်လာ အောင် တိုင်းရင်းသားပြည်သူလူထုတွေကိုလည်း စည်းရုံးသွား ရမှာပေါ့။ နောက်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ အချိုးကျက၊ အချက်ကျကျ လက်တွဲပြီးတော့ ရန်သူကို ဆန့် ကျင် သွားမယ်။

မေး။ အဲဒီလုပ်ငန်းစဉ်တွေ ဘယ်လောက်ထိရောက်မှု ရှိမယ်လို့ ယုံကြည်ပါသလဲ။

ဖြေ။ ဒီအား နှစ်အားပေါ့။ ဒီမိုကရေစီအားနဲ့ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးအား ပေါင်းစပ် မိလို့ရှိရင်တော့ နအဖအနေနဲ့ မလွဲမရှောင်သာ ညှိနှိုင်းဆွေးနွေးဖို့၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးဖို့ စတင်နိုင်မယ်ပေါ့ဗျာ။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)ကို ၁၉၇၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် စုပေါင်းဖွဲ့စည်းခဲ့သည်။  

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။