|
နန်းချမ်တောင်း
(သို့)
နှလုံးသား သံသရာ
စက်ဝန်းကို လည်ပတ်စေသူ
အောင်နိုင်
(အဲန်အမ်ဂျီ)၊
မတ်လ ၁၃ရက်၊ ၂၀၀၇
ခုနှစ်။
နော်ဝေးနိုင်ငံ
ထရွန်ဒိမ်း ကျောင်းသား ငြိမ်းချမ်းရေးဆုကို မြန်မာပြည်က အသက် ၂၅ နှစ်သာ
ရှိသေးတဲ့ ရှမ်း အမျိုးသမီးလေး နန်းချမ်တောင်းကို မကြာ သေးခင်က
ချီးမြှင့်ခဲ့ပါတယ်။
နန်းချမ်တောင်းဟာ
နိုင်ငံတကာ ဆုတွေနဲ့ ထူးခြားတဲ့ အခွင့်အလမ်းတွေကို ရှားရှားပါးပါး ရရှိခဲ့တဲ့
ရှမ်းဒုက္ခသည် အမျိုးသမီးလေး တယောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၅
ခုနှစ် တုန်းက ဆိုရင်တော့ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဘလျူ ဘွတ်ရှ်ဟာ သူမကို
အိမ်ဖြူ တော်ထဲမှာ ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါသေးတယ်၊ ချမ်တောင်းဟာ ကမ္ဘာမှာ
သြဇာတက္ကိမ အရှိဆုံး ပုဂ္ဂိုလ်ကြီးကို တနာရီလောက်ကြာအောင် မြန်မာပြည်က
ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေ အကြောင်း ပြောပြနိုင်ခဲ့ပါတယ်။
ဒါတင်မကပါဘူး။
နန်းချမ်တောင်းဟာ ၂၀၀၆ ခုနှစ်ထဲမှာလည်း ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး
ဂျက်စထရောနဲ့ လွတ်တော်အမတ်တွေကို တွေ့ဆုံခွင့် ရခဲ့ပြန်ပါတယ်၊ ဒါဟာ
ထိုင်းနိုင်ငံမှာ နေထိုင်နေရတဲ့ မြန်မာပြည်က ဒုက္ခ သည်တွေအတွက်တော့
စဉ်းစားမိဖို့ရာတောင် မလွယ်တဲ့ အခွင့်အလမ်းတွေ ဖြစ်ပါတယ်။
နန်းချမ်တောင်းဟာ
ဒီလို အခွင့်အလမ်းတွေ ရခဲ့တဲ့ အပြင် နာမည်ကျော် မာရီကလဲ အမျိုးသမီး
မဂ္ဂဇင်းကြီးရဲ့ ၂၀၀၄ ခုနှစ် ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ အမျိုးသမီးတွေ
စာရင်းမှာ ဖော်ပြခံခဲ့ရသလို ၂၀၀၅ ခုနှစ်မှာ တိုင်းမ် မဂ္ဂဇင်းရဲ့ အာရှ
သူရဲကောင်းအဖြစ် ဖော်ထုတ်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်၊ နိုင်ငံတကာ ရီးဘောက်
လူ့အခွင့်အရေး ဆုကိုတော့ ၂၀၀၅ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရပါတယ်။
နန်းချမ်တောင်းကို
တွေ့ဆုံ စကားပြောခွင့်ရတဲ့ နေရာကတော့ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်က
နိုင်ငံတကာ စင်တာရဲ့ ကော်ဖီဆိုင်လေးမှာ ဖြစ်ပါတယ်၊ သူဟာ နိုင်ငံခြားသား
လှုပ်ရှားသူတချို့နဲ့ မြန်မာပြည်အရေး ဆွေး နွေးနေခဲ့ပါတယ်။
အခုလို နိုင်ငံတကာ
ချီးမြှင့်မှုတွေ ရရှိတာနဲ့ ရောင့်ရဲမနေပဲ အများကြီး ဆက်ကြိုးစားဖို့
လိုသေးတယ်လို့ နန်းချမ် တောင်းက ပြောပါတယ်။
“ကျွန်မတို့လုပ်ခဲ့တဲ့
အလုပ်တွေအပေါ်မှာ နိုင်ငံတကာက အသိအမှတ်ပြုမှုတွေ အမြောက် အများရပေမဲ့လည်း
ဝမ်းနည်းစရာကောင်းတာက လက်တွေ့မှာ မြန်မာစစ်အုပ်စုက ပြစ်မှုတွေကို ဆက်လက်
ကျူးလွန် နေဆဲဖြစ်ပါတယ်၊ ပြည်သူတွေအပေါ်မှာ ရက်စက် ယုတ်မာမှုတွေ
လုပ်နေဆဲဖြစ်ပါတယ်၊ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့
လွယ်လွယ်နဲ့ ဖြစ်မှာ မဟုတ်ဘူးဆိုတာ သိထားတဲ့ အတွက်လည်း ကျွန်မတို့တတွေ အတူတကွ
လက်တွဲကြဖို့လိုတယ်၊ လူထုကြားမှာ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ နိုင်ငံတကာ ကူညီ
ထောက်ပံ့ မှုတွေ ပူးပေါင်းခြင်းအားဖြင့် တချိန်ချိန်မှာ အပြောင်းအလဲ
ဖြစ်လာရမှာပါ၊ ကျွန်မတို့တတွေ မျှော်လင့် ချက်ကို ဆုပ်ကိုင်ထားဖို့လိုပါတယ်၊
ကြုံလာသမျှ အခက်အခဲတွေကို အရှံးးမပေးဖို့လိုပါတယ်။”
နန်းချမ်တောင်းကို
ပြည်တွင်းစစ်တွေ ဖြစ်နေခဲ့တဲ့ ရှမ်းပြည်အလယ်ပိုင်းမှာ မွေးဖွားခဲ့တာပါ၊
သူ့အဖေကတော့ မြန်မာစစ်အုပ်စုကို တော်လှန်နေတဲ့ ရှမ်းပြည်တပ်မတော်က
တပ်မှူးတယောက် ဖြစ်ခဲ့ပါတယ်၊ နန်းချမ်တောင်း အသက် ၆ နှစ် ရောက်တဲ့ အချိန်မှာပဲ
နယ်စပ်မှာ ရှိတဲ့ မိဘမဲ့ ဂေဟာ တခုကို သူ့မိဘတွေက ပို့ထားလိုက် ပါတယ်၊
အဲဒီမှာရှိတဲ့ ဆရာမရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ
ချမ်တောင်းတယောက် ကြီးပြင်း ခဲ့ရတာပါ၊
နယ်စပ်က
ချမ်တောင်းနေခဲ့ရတဲ့ မိဘမဲ့ ဂေဟာလေးကို သွားကြည့်တဲ့ အခါမှာတော့
ခြံဝန်းလေးတခုထဲမှာ ကလေး အယောက် သုံးဆယ်လောက် စာသင်နေကြတာကို တွေ့ ရပါတယ်၊
အမိုးသာ ရှိပြီး အကာမရှိတဲ့ လေဟာပြင် စာသင်ခန်းလေးထဲမှာ ဆရာတယောက်က
တရုတ်စာသင်ပေးနေပြီး ကလေးတွေက နောက်က လိုက်ဆို နေကြ ပါတယ်။
ကလေးတွေရဲ့ စာအံသံတွေ
ကြားကဖြတ်လာပြီးတဲ့ နောက်မှာတော့ ဂေဟာကို တည်ထောင်ခဲ့တဲ့။ အသက် ၇၀ လောက်
ရှိပြီဖြစ်တဲ့ ဆရာမကြီး မေရီကို တွေ့ရပါတယ်၊ ဆံပင်တွေ ဖြူနေပြီဖြစ်ပေမဲ့လည်း
ဆရာမမေရီရဲ့ မျက်လုံး တွေကတော့ စွမ်းအားတွေ ပြည့်ဝနေသလိုပါပဲ၊ တောက်ပနေပါတယ်၊
သတ္တိရှိတဲ့။ အရာရာကို ရင်ဆိုင် ရဲတဲ့ ရှားပါးတဲ့ အမျိုးသမီးတယောက်ရဲ့
အင်အားတွေကို တွေ့မြင်နေရပါတယ်။
“ကျွန်မကို ဘုရင်ဂျီ
သီလရှင်တွေက သင်ကြားပေးခဲ့တာပါ၊ သူတို့တွေကို အတုယူပြီး ကလေးတွေကို
ကျွန်မပြန်သင်ကြားပေးပါတယ်၊” ပြောရင်း ဆရာမမေရီက အနည်းငယ် ရယ်မော လိုက်ပါတယ်။
“မနက်စောစော
လေးနာရီခွဲမှာ သူတို့တွေ အိပ်ရာထရတယ်၊ ကိုယ်လက်သန့် ရှင်းရေးလုပ်ရတယ်၊ ငါးနာရီ
ခွဲရင်တော့ အင်္ဂလိပ်စာသင်ဖို့ အဆင်သင့်ဖြစ်နေရတယ်၊ ၆ နာရီ ခွဲအထိ အင်္ဂလိပ်စာ
သင်ရတယ်၊ အဲဒီ နောက်တော့ သူတို့တွေ အတွက် ရမယ့် မုန့်ဖိုးလာယူ အ၀တ်အစားလဲပြီး
ထိုင်းကျောင်းကို သွားရပါတယ်၊” ဆရာမမေရီအိမ်မှာ နေတဲ့ မိဘမဲ့ ကလေးတွေက တရက်ကို
မုန့်ဘိုး ဆယ် ဘတ်ရကြပါတယ်။
“ထိုင်းကျောင်းက
ပြန်လာရင် သူတို့အလုပ်တွေ သူတို့လုပ်ရတယ်၊ အဲဒီနောက် သူတို့ညစာ စားရပါတယ်၊ ညနေ
၆ နာရီကနေ ၇ နာရီ အထိတော့ ရှမ်းစာသင်ရတယ်၊ ၇ နာရီကနေ ၈ နာရီ အထိ သူတို့ ယက္ကန်း
ယက်ရပါတယ်၊ ည ၈ နာရီက ၉ နာရီအထိတော့ သူတို့ အိမ်စာလုပ်ရတယ်၊ စာကျက်ရတယ်၊ ၉
နာရီထိုးတာနဲ့ အိပ်ရပါတယ်။”
ဒါဟာ
နန်းချမ်တောင်းတယောက် ၉ နှစ်ကျော်။ ၁၀ နှစ်နီးပါး နေခဲ့စဉ်ကတည်းက ကလေး တွေအတွက်
အချိန် စာရင်းဖြစ်ပါတယ်၊ ဆရာမမေရီရဲ့ အိမ်မှာနေတဲ့ ကလေးတွေက အပတ်စဉ် စနေ။
တနင်္ဂနွေရက်တွေမှာ တရုတ် စာကိုလည်း သင်ကြရပါသေးတယ်၊ ဒါကြောင့် ဒီဂေဟာမှာ
ကြီးပြင်းခဲ့တဲ့ နန်းချမ်တောင်းတယောက် သူ့မိခင်ဘာသာစကားဖြစ်တဲ့ ရှမ်းစကား
အပြင်။ ထိုင်း။ တရုတ်နဲ့ အင်္ဂလိပ်စကားတွေကို ပိုင်ပိုင်နိုင်နိုင် ရေးနိုင်
ပြောနိုင်တာ ဖြစ်ပါ တယ်။
ဒီလို တင်းကြပ်တဲ့
စည်းကမ်းတွေ အောက်မှာ နေခဲ့ကြရပေမယ့်လည်း ဆရာမမေရီကို ကလေးတိုင်းက ချစ် ကြောက်
ရိုသေကြတယ်လို့ နန်းချမ်တောင်းက ပြောပြပါတယ်။
“ဆရာမ မေရီဟာ အင်မတန်
ခွန်အားရှိတဲ့ အမျိုးသမီးပါ၊ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်
ပါတယ်၊ အလုပ်လည်း သိပ်ကြိုးစားပါတယ်၊ ဒါတင်မကဘူး။ သူ့အိမ်က ကလေးတွေကိုသာမကဘူး
တွေ့သမျှ လူအားလုံးကို ကြင်နာတတ်တဲ့ သူတ ယောက်လည်း ဖြစ်ပါတယ်၊ သူ့မှာရှိတဲ့
အသိပညာ။ အတတ်ပညာ တွေကိုလည်း သူတတ်နိုင် သမျှ တခြားသူတွေကို ပေးနိုင်အောင်
ကြိုးစားလေ့ရှိပါတယ်။”
ဆရာမ မေရီဟာလည်း
မိဘမဲ့ ဘ၀နဲ့ ကြီးပြင်းခဲ့ရသူ တယောက်ဖြစ်ပါတယ်၊ သူ့အသက် ၂ လသား အရွယ်မှာ
ကွန်ဗင့်ကျောင်းမှာရှိတဲ့ သီလရင်တွေကို သူ့ဆွေမျိုးတွေက ပေးပစ်ခဲ့ တာပါ၊ သူဟာ
အဲဒီ စစ္စတာတွေရဲ့ သင်ကြားမှုအောက်မှာ ကြီးပြင်းခဲ့ရတာပါ၊ အသက် ၂၃
နှစ်အရွယ်မှာတော့ မိသားစု ပြသနာတခုကြောင့် သူဟာ ထိုင်းနယ်စပ်ကို
ထွက်ခွာခဲ့ပါတယ်။
နယ်စပ်ကိုရောက်တဲ့
အချိန်မှာတော့ အဲဒီမှာ ရှိနေတဲ့ မိဘမဲ့ကလေးတွေကို တလှည့် ပြုစု
စောင့်ရှောက်ရင်း ဒီမိဘမဲ့ ဂေဟာလေးကို တည်ထောင်ဖြစ်သွားတာ ဖြစ်ပါတယ်၊ ဆရာမမေရီက
သူ့တပည့်ဖြစ်တဲ့ နန်းချမ်တောင်း ဟာလည်း ဘယ်တော့မှ အရှံးမပေးတတ်တဲ့ လုံ့လ၀ီရိယ
ရှိသူလေးတယောက်ဖြစ်တယ်လို့ ပြောပြပါတယ်။
“သူက
သိပ်စိတ်ကောင်းရှိတယ်၊ သူဟာ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားတယ်၊ ဘာပဲ
ဖြစ်ဖြစ် နေရာ တိုင်းမှာ စိတ်ရှည်သည်းခံနိုင်တယ်၊ ကျွန်မသူ့အတွက်
သိပ်ဂုဏ်ယူပါတယ်၊ ကလေးတွေကို စာသင်တဲ့ အခါ တိုင်းမှာ ချမ်တောင်းကိုနမူနာပေးပြီး
အမြဲတမ်းပြောပြပါတယ်၊ ‘မင်းတို့ သူ့လိုဖြစ်အောင် လုပ်ကြရမယ်။ သူ့လို
ကြိုးစားရမယ်၊ ငါက စာသင်ပေးတဲ့ သူဖြစ်တယ်။ မင်းတို့က ပညာရှာတဲ့ သူတွေဖြစ်တယ်၊
မင်တို့ကြိုး စားဖို့လိုတယ်’လို့ သူတို့ကို ပြောပါတယ်၊ ချမ်တောင်းက
သိပ်ကောင်းတဲ့ ကလေးပါ၊ ဒါပေမဲ့ ကျွန်မကတော့ သိတဲ့အတိုင်းပဲ တင်းတင်းကြပ်ကြပ်
ကြီးကြပ်ခဲ့တယ်၊” ဆရာမမေရီက ရယ်မောရင်း ပြောပြ တယ်။
အသက် ၁၆
နှစ်အရွယ်ရောက်တဲ့ အချိန်မှာတော့ ချမ်တောင်းဟာ ဒုက္ခမျိုးစုံထဲက
သူ့လူမျိုးတွေအတွက် အလုပ်တွေ စလုပ်ပါတော့တယ်၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့
စာစောင်တွေအတွက် ၁ နှစ်ကြာအောင် အလုပ် လုပ်ပေးပြီးတဲ့ အချိန်မှာတော့
ချမ်တောင်းဟာ ဂျနီဗာမှာ ရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်မှာ
နိုင်ငံတကာက ခေါင်းဆောင်တွေကို သူ့ရဲ့ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခသုက္ခတွေ
အကြောင်း ပြောပြခွင့် ရနေပါပြီ။
သူဟာ
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှားဆောင်ရွက်ရေး အသင်း ကိုလည်း တခြား
ရှမ်းအမျိုး သမီး လှုပ်ရှားသူတွေနဲ့ ပူးပေါင်း တည်ထောင်ခဲ့သူ ဖြစ်ပါတယ်၊ အဲဒီ
အမျိုးသမီးအဖွဲ့မှာ လုပ်ကိုင်နေယင်းနဲ့ပဲ ချမ်တောင်းဟာ မြန်မာပြည်က
အမျိုးသမီးလေးတွေ ထိုင်းနိုင်ငံက လိင်လုပ်ငန်းတွေမှာ ရောင်းစားခံနေရတာကို
ကာကွယ်တဲ့ လုပ်ငန်းတွေနဲ့ ရှမ်းပြည်က ကလေးတွေအတွက် ပညာရေးလုပ်ငန်းတွေထဲမှာ
ပါဝင်လုပ်ကိုင် ခဲ့ပါတယ်။
ချမ်တောင်းဟာ
နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပါတယ်၊ သူဟာ
ရှမ်းအမျိုး သမီး အဖွဲ့ရဲ့ လှုံ့ဆော်စည်းရုံးရေး အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။
ရှမ်းပြည်ကနေ
ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြတဲ့ လူငယ်လေးတွေအတွက်
ကျောင်းတကျောင်း ကိုတော့ နောက်ပိုင်းမှာ နန်းချမ်တောင်းဟာ ထူထောင်ခဲ့ပါတယ်။
“ရှမ်းဒုက္ခသည်တွေ
စုပေါင်းပြီး ရှမ်းပြည်က တိုင်းရင်းသား လူမျိုးစု လူငယ်တွေ
အတွက်ကျောင်းတကျောင်းကို ၂၀၀၁ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်၊ ကျွန်မတို့တွေ ဒီလို
ထူထောင်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးက
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ရှမ်းတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုလို့ပါ၊
အဲဒီလို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုခံရတဲ့ အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့
စားရေး။ နေရေး။ ကျန်းမာရေး။ ပညာရေး စောင့်ရှောက်မှုတွေကို သူတို့ မရခဲ့ကြပါဘူး၊
လူငယ်တွေအတွက် အထူးသဖြင့် အမျိုး သမီးတွေ အတွက်ကတော့ အခြေအနေပိုဆိုးပါတယ်၊ ”
အိမ်ရှင်ထိုင်းနိုင်ငံက ချမှတ်တဲ့ မူဝါဒတွေအောက်မှာ လုပ်ငန်းတွေ
လုပ်ဆောင်နေရတဲ့ ကုလသမဂ္ဂဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံးဟာ ရှမ်းလူမျိုး
ဒုက္ခသည်တွေအတွက်တော့ လုံခြုံမှု မပေးနိုင်ခဲ့ပါဘူး၊
“ကျွန်မ
အဲဒီကျောင်းမှာ ဒါရိုက်တာအနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်၊ အခုဆိုရင် ကျောင်းမှာ
ဘာသာရပ်တွေ အဖြစ်နဲ့ လူ့အခွင့်အရေး။ ဒီမိုကရေစီ။ ကွန်ပြူတာပညာနဲ့ အင်္ဂလိပ် စာတွေ
တတ်ကျွမ်းအောင် သင်ကြားပေး ပါတယ်၊ သူတို့ရဲ့ အသိုင်းအ၀ိုင်း တွေကြားမှာ
ဒီပညာတွေ ပြန်အသုံးချနိုင်အောင်လို့ပါ၊ သူတို့တွေကို လူ့အခွင့် အရေး မြှင့်တင်
သူတွေလဲ ဖြစ်လာစေချင်ပါတယ်။”
သူတို့ တည်ထောင်ခဲ့တဲ့
ကျောင်းလေးရဲ့ အသီးအပွင့်တွေကိုတော့ ချမ်တောင်းက အခုလို ဆက်ပြောပြပြန် ပါတယ်။
“အခုဆိုရင် သူတို့ထဲက
တချို့ဟာ ရပ်ရွာလူထုအခြေပြု ရေဒီယို အသံလွှင့်ဌာနမှာ အစီအစဉ် ကြေညာသူတွေ
ဖြစ်နေပါပြီ။ တချို့ကတော့ အိတ်ခ်ျအိုင်ဗီ။ အေအိုင်ဒီအက်စ်အကြောင်း ပညာပေးသူတွေ
ဖြစ်နေပါပြီ၊ တချို့က ကျောင်းဆရာတွေဖြစ်လာတယ်၊ တချို့က ဆေးဝန်ထမ်းတွေ
ဖြစ်နေကြပါပြီ၊ တချို့တွေကတော့ အမျိုးသမီး အဖွဲ့တွေ။ မီဒီယာ အဖွဲ့အစည်းတွေထဲမှာ
လုပ်ကိုင်နေပါတယ်၊ တချို့တွေကဆို နိုင်ငံတကာ လှုပ်ရှားသူတွေ အဖြစ်နဲ့
အမျိုးသမီးတွေရဲ့ အခြေအနေတွေ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ကို
နိုင်ငံတကာက သိအောင် လုပ်ဆောင်နေကြပါတယ်။”
မိဘမဲ့ကလေးတယောက်
အနေနဲ့ ကြီးပြင်းခဲ့တဲ့ မေရီကလေးဟာ မိဘမဲ့ကလေးတွေကို ပြန်စောင့်ရှောက်ရင်း ဂေဟာ
လေးတခုကို ထူထောင်ခဲ့ပါတယ်၊ အကွယ်အကာမဲ့နေတဲ့ ကလေးတွေကို ပညာတတ်တွေ ဖြစ်အောင်
ပြုစုပျိုး ထောင်ပါတယ်၊ အဲဒီ ဂေဟာလေးမှာ ကြီးပြင်းခဲ့ရတဲ့
နန်းချမ်တောင်းတယောက်ကတော့ တိုင်းပြည်အရေး လှုပ်ရှား သူ။ ငြိမ်းချမ်းရေး
တည်ဆောက်သူ။ ပညာပေးသူ တယောက်ဖြစ်လာခဲ့ပါတယ်၊ အခုတခါ နန်းချမ် တောင်းက လည်း
သူနဲ့ ဘ၀တူ ဒုက္ခသည် ရှမ်းလူငယ်လေးတွေကို ပညာအမွေ ထပ်ဆင့်ပေးနိုင်ခဲ့ပါပြီ။
ဒီလိုနဲ့ မေတ္တာနဲ့
ဖွဲ့စည်းထားတဲ့ ပညာရေး နှလုံးသား စက်ဝန်းလေးဟာ ဆက်လက်လည်ပတ်လို့ နေပါတယ်။
(ဒီ နန်းချမ်တောင်းရဲ့ အထုပ္ပတ္တိ
ဆောင်းပါးကို နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်း အမှတ် အနေနဲ့ ရေး သားထားတာ
ဖြစ်ပါတယ်။) |