အာဝါဒေးပွဲတော်

သီတာထွန်း။
ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၀၈ ခုနှစ်။
 

          လူတွေအားလုံးရဲ့မျက်လုံးတွေက ၀ိုင်းအလယ်မှာရှိတဲ့ “အုပ်” လို့ခေါ်တဲ့ လေးထောင့်သံတုံးလေးဆီမှာ။ “အုပ်”ပတ်ပတ်လည်မှာတော့ တထောင်တန်ငွေစက္ကူ တွေက အထပ်လိုက်။ “ဖွင့်မယ် လက်ရှောင်” လို့ပြော လိုက်တဲ့ “အုပ်လှည့်မောင်” ရဲ့ စကားကြောင့် လူတွေအားလုံး တိတ်ဆိတ်ငြိမ်သက်။ တဖြည်းဖြည်း “အုပ်” ကို ပွတ်ပြီး ဖွင့်နေတဲ့အချိန်မှာတော့ ၀ိုင်းပတ်ပတ်လည်က လူတွေကလည်း မြင်ရလိုမြင်ရငြား လည်ပင်းရှည် ပြီးချောင်းကြည့်လို့်။ “အုပ်” ပွင့်သွားပြီးအထဲကအဖြေကို ရှင်းရှင်းလင်းလင်း မြင်ရချိန်မှာတော့ ၀ိုင်းပတ်ပတ် လည်က ထိုးသားတွေရဲ့ မချင့်မရဲတက်ခေါက်သံ၊ အမှန်ထိုး ထားသူတွေရဲ့အော်သံတွေက ဝေါကနဲဆူညံ သွားပါ တယ်။ ဒိုင်ကတော့ ၀ိုင်းထဲက ထောင်တန်ငွေစက္ကူတွေ အထပ်လိုက်ကို သိမ်းကျုံးပြီး လျော်ရမဲ့ငွေ အနည်းငယ် ကို လျင်လျင်မြန်မြန်ပဲ လျော်လိုက်ပါတယ်။

ဒါကတော့ “အာဝါဒေး” ပွဲခင်းထဲက လောင်းကစားဝိုင်းမြင်ကွင်းတခုပါ။ “အာဝါဒေး” ဆိုတာကတော့ လောင်းကစားဝိုင်းတွေကို တရားဝင်အကောက်ပေးပြီး ဖွင့်တဲ့ပွဲတခုပါဘဲ။

တကယ်တော့ “အာဝါဒေး” ပွဲခင်းထဲက လောင်းကစားဝိုင်းတွေဟာ ကရင်ပြည်နယ် ဖက်မှာ ပွင့်လင်း ရာသီရောက်လာပြီဆိုရင် တွေ့မြင်နေကျမြင်ကွင်းတွေပါ။ “အနီထောင်” လို့ခေါ်တဲ့ ဒီလိုလောင်းကစားဝိုင်းမျိုး အပါအ၀င် အခြားလောင်းကစားဝိုင်းမျိုးစုံဟာ ဇာတ်ပွဲ ကြီးကြီးကနေ လူသေအသုဘပွဲလို ပွဲသေးသေးအထိ ရှိနေတတ်ပါတယ်။

ပွင့်လင်းရာသီရောက်ပြီဆိုရင် “အာဝါဒေး” ပွဲခင်းထဲက များပြားလှတဲ့ လောင်းကစား ၀ိုင်းတွေကြောင့် ဘ၀ ပျက်သွားကြတဲ့လူတွေ အများကြီးရှိသလို လောင်းကစားဝိုင်းတွေကြောင့်ပဲ သူခိုးတွေများလာ၊ တရားခံမ ပေါ်တဲ့ လူသတ်မှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ကရင်ပြည်နယ်ဖက်မှာတော့ လောင်းကစားဝိုင်းရှိတယ်ဆိုရင် ကစားဝိုင်းရှိတယ်လို့ ဘယ်သူမှ မပြော ကြပါဘူး။ “အာဝါဒေး” ရှိတယ်ဆိုရင်ကလေးကအစ လောင်းကစားဝိုင်း ရှိတယ်ဆိုတာ သိကြပါတယ်။

လောင်းကစားဝိုင်းတွေမှာ ငွေထုပ်ပိုက်ပြီး လိုက်ကစားတတ်တဲ့  ကိုနိုင်ကတော့ “အာဝါဒေး” ဆိုတာ ဒီကေဘီအေနဲ့ အာဏာပိုင်တွေရဲ့ ငွေရှာတဲ့ပွဲလို့ ဘေးဘီကို မလုံ မလဲကြည့်ရင်း သူများကြားမှာစိုးတဲ့လေသံနဲ့ ခပ်တိုးတိုးပြောပါတယ်။

ပွင့်လင်းရာသီရောက်ပြီဆိုရင် “အာဝါဒေး” လုပ်ဖို့ပွဲမိန့်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဒီကေဘီ အေ တွေဆီမှာ ခွင့်ပြုမိန့်တောင်းရပါတယ်။ ခွင့်ပြုမိန့်ရပြီဆိုရင် ဘာပွဲပဲရှိရှိ နောက်ဆုံးဘာပွဲမှမရှိရင်တောင် “အာဝါဒေး” ပွဲဆိုပြီး လောင်းကစားဝိုင်းချည်းပဲ လုပ်ကြတာပါလို့ “အနီထောင်” ဒိုင်တဦးဖြစ်တဲ့ ဦးအလု ကပြော ပြပါတယ်။

ပွဲတကာကို “အနီထောင်” ၀ိုင်းထောင်ရင်းရောက်ဖူးတဲ့ဦးအလုက ဒိုင်လုပ်ဖို့ဆိုရင် ပိုက်ဆံတွေကို ပွင့် လင်းရာသီမရောက်ခင် ကြိုတင်စုဆောင်းထားရတယ်လို့ပြောပါတယ်။ သူ့မိသားစုရဲ့စီးပွားရေးကလည်း “အာဝါ ဒေး” ရာသီချိန်ကိုပဲ စောင့်နေရတာပါ။ “အာဝါဒေး” ဆိုတာ ဘာလည်း၊ ဘာကြောင့်ခေါ်လဲလို့ဆိုတော့ “ကျွန်ုပ်တို့ နေ့လို့ ထင်တာပါပဲဗျာ” လို့ ရယ်ကျဲကျဲနဲ့ ဖြေပါတယ်။

ဇာတ်ပွဲတွေ၊ ဘုန်းကြီးပျံပွဲတွေရှိတဲ့အချိန်တွေမှာဆိုရင် “အာဝါဒေး” လောင်းကစား ၀ိုင်းတွေဟာ ပွဲတွေ ရဲ့အခြားတဖက်သီးသန့်မှာ မီးတထိန်ထိန်နဲ့ ရှိနေတတ်ပါတယ်။ ဇာတ်ပွဲ တွေကသာ လူတွေချောက်တီး ချောက် ချက် ရှိချင်ရှိမယ်၊ လောင်းကစားဝိုင်းတွေကတော့ ကလေးကအစ၊ လူကြီးအဆုံး တရုန်းရုန်းနဲ့ စည်ကားနေတတ် ပါတယ်။

လောင်းကစားဝိုင်းတွေဟာ ၀ိုင်းကြီးရင်ကြီးသလို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဒီကေဘီအေတွေကို အ ကောက်ပေးရတာပါလို့ ဦးအလု က ပြောပြပါတယ်။ “အနီထောင်” လို့ ၀ိုင်းကြီးတွေအတွက် အကောက်ခွန် အနည်းဆုံး တညသုံးသောင်းခန့်ပေးရပြီး ရွှေဘောလုံးလို၊ ဂလုံးဂလုံးလို့အလွယ်ခေါ်တဲ့ အ်ံဂလုံလိုဝိုင်းမျိုးဆိုရင် တညငါးထောင်ခန့် ပေးရပါတယ်။ လောင်းကစားဝိုင်းတွေဟာ များတဲ့အတွက်ကြောင့် တညတာအတွက် အကောက်ငွေသက်သက် အနည်းဆုံးတညကို ခုနှစ်သိန်းခန့်ရနိုင်တာမို့ တနှစ်လုံးဆို စဉ်းစားသာကြည့်တော့လို့ ဦးအလုကပြောပါတယ်။

“အနီထောင်” ဆိုတဲ့ကစားနည်းကတော့ ဖျင်စပေါ်က အကွက်လေးကွက်ရှိတဲ့ အထဲမှာ ကြိုက်တဲ့ အကွက်ကို ထိုးနိုင်ပါတယ်။ အရှုံးအနိုင်အဖြေကတော့ လေးထောင့် “အုပ်” ကလေးထဲက အံစာတုံးမှာရှိတဲ့ တရုတ်စာလုံးအစိမ်းနဲ့ အနီရှိတဲ့အထဲက အစိမ်း လှည့်တဲ့ဖက်ဟာ နိုင်ပါတယ်လို့  ဦးအလုကရှင်းပြပါတယ်။

 “အနီထောင်” ၀ိုင်းအတွက် တညသုံးသောင်း အကောက်ပေးထားပြီးပြီဆိုပေမယ့် ပွဲခင်းထဲကို တခြား ဘယ်ကမှန်းမသိတဲ့ ဒီကေဘီအေ၊ ရဲစတဲ့တပ်ဖွဲ့ဝင်တွေ အရက်ဖိုးဆိုပြီး လာတောင်းရင်လည်း လေးထောင်၊ ငါးထောင်လောက်ပေးရပါသေးတယ်။ ဒိုင်လုပ်တာ မြတ်တယ်ထင်ရပေမဲ့ ရသမျှ အကောက်ထဲပါသွားတာကြောင့် နောက်ဆုံးငွေထုတ်ပိုက်သူ တွေက အာဏာပိုင်နဲ့ ဒီကေဘီအေတွေသာဖြစ်တယ်လို့ ဦးအလုကပြောပါတယ်။

ဒီလိုပွင့်လင်းရာသီရောက်ရင် အဆက်မပြတ်ရှိတတ်တဲ့ “အာဝါဒေး” ခေါ်တဲ့ လောင်းကစားဝိုင်းတွေကို တရားဝင်ခွင့်ပြုထားတဲ့ပွဲတွေကြောင့် သူကိုယ်တိုင်အပါအ၀င် ဘ၀ပျက်သွားသူတွေလည်း ဒုနဲ့ဒေးလို့ ထိုးသား တဦးဖြစ်တဲ့ ကိုနိုင်ကပြောပါတယ်။ အရင်က အိမ်၊ ဆိုင်ကယ်၊ ရွှေအပြည့်အစုံနဲ့နေခဲ့တဲ့ သူတို့မိသားစုဟာ လောင်းကစားဝိုင်း မှာ ရှုံးတာကြောင့် ခုတော့ သူများအိမ်ဘေးမှာ အဖီထိုးပြီးနေရတဲ့ဘ၀ ရောက်နေတဲ့အပြင် အကြွေးကလည်း သိန်းနှစ်ဆယ်လောက် ရှိနေပါသေးတယ်။ သူမှမဟုတ်ဘဲ အခြားသူတွေ လည်း သူ့လို အများ ကြီးပါလို့ ကိုနိုင်က ဆက်ပြောပါတယ်။

လောင်းကစားဝိုင်းတွေက ဈေးသည်တွေကို ဆိုက်ကားနင်းပြီးလိုက်လိုက်ပို့နေတဲ့ ကိုခင်မောင်က သူတို့မိသားစုလည်း လောင်းကစားဝိုင်းတွေကြောင့် ဘ၀ပျက်ခဲ့ရသူတွေ ပါလို့ ၀မ်းနည်းတဲ့လေသံနဲ့ ပြောပြ ပါတယ်။ ကိုခင်မောင်တို့မိသားစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တမိသားစုလုံး ဆယ်နှစ်ကျော်အလုပ်လုပ် ငွေစု ဆောင်းပြီး မြန်မာပြည်မှာပဲ စီးပွားရေးပြန်လုပ်တော့မယ်ဆိုပြီး ပြန်လာခဲ့တာ လပိုင်းပဲရှိပါသေးတယ်။ စီးပွားရေး လုပ် စရာကလည်း မယ်မယ်ရရမရှိတဲ့အတွက်၊ ကိုယ့်ဒေသက စီးပွားရေးတခုဖြစ်တဲ့ ကစားဝိုင်း ဒိုင်ကိုင်လိုက်တာ ပါလာတဲ့ ဆယ်နှစ်ကျော် တမိသားစုလုံးရှာထားတဲ့ငွေက ခဏလေးနဲ့ ကုန်သွားပါတယ်၊ ခုတော့ သူများဆိုက်ကား အငှါးနင်းပေါ့ဗျာလို့ ကိုခင်မောင်က မချိပြုံးနဲ့ ပြောပါတယ်။

သူခိုးပိုပေါတဲ့အချိန်ကလည်း “အာဝါဒေး”ရာသီပါဘဲ။ နေရာတခုမှာ “အာဝါဒေး” လုပ်ဖို့ခွင့်ပြုချက်ရပြီ ဆိုရင် အိမ်ကရှိတဲ့ပစ္စည်းတွေကိုမပျောက်ရှအောင် အရမ်းသတိထားရ တယ်လို့ ဒေါ်နော်ဟွယ်ကလည်း သူ့အ တွေ့အကြုံကိုပြောပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကစားဝိုင်းတွေရှိလာပြီဆို အနယ်နယ်အရပ်ရပ်က လူစုံ၊ စရိုက်စုံတွေ ရှိတတ်တာကြောင့် ပစ္စည်းတွေ ပျောက်တတ်လို့ပါ။ အဓိကကတော့ ကစားဝိုင်းတွေကြောင့် အရင် တုန်းက သူခိုးသူဝှက်မရှိတဲ့ နေရာဟာ ဆိုင်ကယ်ပျောက်၊ စက်ဘီးပျောက်မှုတွေကြောင့် နိုးနိုး ကြားကြားနဲ့ အမြဲစောင့်ကြည့်နေရတယ်လို့ ဒေါ်နော်ဟွယ်က ပြောပါတယ်။

“အာဝါဒေး” ရာသီရောက်ရင် လှုပ်လှုပ်ရှားရှားဖြစ်သူတွေထဲမှာ ဆိုင်ကယ်တက္ကစီ သမားတွေလည်း ပါပါ တယ်။ များလွန်းတဲ့ ဆိုင်ကယ်တက္ကစီတွေကြောင့် ၀င်ငွေနည်းနေတဲ့ အချိန်မှာ ကစားဝိုင်းက ဒိုင် ဒါမှမဟုတ် ထိုး သားတယောက်ယောက်ကို ဖောက်သည်ရထား ပြီဆိုရင် ကိုယ့်အတွက် တရာသီလုံး တွက်ခြေကိုက်တယ်လို့ ဆိုင်ကယ်တက္ကစီ သမားတဦးဖြစ်တဲ့ ကိုအောင်က ပြောပါတယ်။ ဒါပေမယ့် ဆိုင်ကယ်တက္ကစီကိုလည်း ခေါ်တဲ့ နေရာတိုင်း မလိုက်ရဲသလို တစီးတည်းအနေနဲ့လည်း မသွားရဲကြပါဘူး။ ကစားဝိုင်း ရာသီမှာ လောင်းကစားဝိုင်း တွေကြောင့် အကြွေးတင်သူတွေဟာ ဆိုင်ကယ်သမားကို သတ်၊ လမ်းမှာပစ်ထားပြီး ဆိုင်ကယ်တွေကို ယူသွား ကြတဲ့အဖြစ်မျိုးတွေ အများကြီးပါလို့ ကိုအောင် က ဆက်ပြောပါတယ်။

 ဆိုင်ကယ်တွေက အများအားဖြင့် ထိုင်းနိုင်ငံကတင်သွင်းတဲ့ တရားမ၀င် ဆိုင်ကယ် ဖြစ်တဲ့အတွက် ပျောက်သွားရင် ပြန်ရဖို့ဆိုတာ မလွယ်ပါဘူး။ လူသတ်မှုတွေဆိုတာကလည်း တရားခံကို ဖမ်းမမိတာများ ပါတယ်။ ဒါ့ကြောင့် ဆိုင်ကယ်တက္ကစီလာငှါးတဲ့ မျက်နှာ စိမ်းတွေ၊ ခရီးဝေးတွေဆို တစီးတည်းမသွားကြပဲ သုံးလေးစီးမှ အငှါးလိုက်ရဲကြပါတယ်။

ကစားဝိုင်းတွေမှာ လူကြီးတွေသာ မကပါဘူး။ ကလေးတွေကလည်း ပိုက်ဆံငါးရာ တန်လေးတွေ တ ထောင်တန်လေးတွေကိုင်လို့ ဟိုဝိုင်းဒီဝိုင်း ပြေးပြီးထိုးနေတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါတွေဟာ ဒီဒေသ မှာတော့ မိဘတွေအတွက် အထူးအဆန်း မဟုတ် တော့ပေမဲ့ ဘယ်လိုမှ ကောင်းတဲ့အလားအလာမဟုတ်ဘူးလို့ မူလတန်းပြဆရာတဦးက ဆိုပါတယ်။

ဒါပေမယ့် “အာဝါဒေး”ပွဲမှာရှိတဲ့ လောင်းကစားဝိုင်းတွေကြောင့် သူခိုးများတယ် ဆိုဆို၊ ဘ၀ပျက်ကြတယ် ပြောပြော၊ လူသတ်မှုတွေများလာတယ်ဆိုဆို အာဏာပိုင်တွေနဲ့ ဒီကေဘီအေတွေကတော့ ဂရုမစိုက်ကြပါဘူးလို့ ကိုနိုင်ကပြောပါတယ်။ ပွင့်လင်းရာသီ ရောက်ပြီဆိုတာနဲ့ “အာဝါဒေး”ပွဲလုပ်ဖို့ ခွင့်ပြုမိန့်တွေပေးကြမြဲ။ အကောက် ငွေတွေ ယူကြမြဲပါတဲ့။

ဒါ့ကြောင့် ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ ကရင်ပြည်နယ်တခွင်က လောင်းကစား ၀ိုင်းတွေနဲ့ စည်ကား လို့။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။