စစ်တပ်မှ ရာနှင့်ချီသော ကရင်ရွာသားများအား အိမ်များမှ မောင်းထုတ်

စောရန်နိုင်

မတ်လ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။

ကရင်ပြည်နယ် တောင်ငူခရိုင်အတွင်းရှိ ရေသိုးကြီးရွာမှ ရာနှင့်ချီသော ကရင်ရွာသူရွာသား များသည် ဒေသအ တွင်း လှုပ်ရှားနေသော မြန်မာတပ်ဖွဲ့များက ရက်ပိုင်းအတွင်းတွင် နေအိမ် များမှ မောင်းထုတ်ခဲ့သည်။

ထို့အပြင် ရွာများအတွင်း ၀င်လာသော နအဖစစ်သားများက ကျေးရွာသူ ကျေးရွာသားများ ပိုင်ဆိုင်သော ပစ္စည်း များကို လုယူမှုများလည်း ရှိနေသည်ဟု ကိုယ်တွေ့ကြုံရသော ရွာသား များက ပြောပြသည်။

ရွာသား တဦးနှင့် ဆက်သွယ်မေးမြန်းချက်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး သတင်းနှင့် မီဒီယာကွန်ယက် (အဲန်အမ်ဂျီ) က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရှိ ရေသိုးကြီးရွာမှ ဖါးတီတောအူးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး၊    ၊ ပထမဆုံးအနေနဲ့ တောင်ငူခရိုင်ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ ခင်ဗျ။

ဖြေ၊     ၊ ရေသိုးကြီးရွာဆိုရင် ပြီးခဲ့တဲ့ ၂၀ ရက်နေ့ကတခေါက် စစ်ဆင်ရေးကွပ်ကဲမှုဌာန စကခ (၅) အခြေစိုက် ထားတဲ့ ဒီဘောကလိကျေးရွာက (G-2) တယောက်ကို လွှတ်လိုက် တယ်။ အဲဒီ (G-2) ကနေပြီးတော့ ကျနော်တို့ ဒီရေသိုးကြီးမှာ သူတပ်တွေနဲ့ လာတယ်။ အဲဒီမှာ အိမ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေကိုလည်း အိမ်အောက်မှာ ချခိုင်း တယ်။ ချပြီးတော့ သူတို့စိတ်ကြိုက် ရှာဖွေရေးလုပ်သွားတယ်။ အဲဒါ ရွာထဲက နော်ဆာဘလု ဆိုတဲ့ အမျိုးသမီး တယောက်က သူ့ပိုက်ဆံ အလှူငွေ ကျပ် ၂၃၀၀၀ ပါသွားတယ်။ အဲဒီဟာက ဒီ ၂၀ ရက်နေ့ တုန်းက ဖြစ်စဉ်ပေါ့။

အဲဒီ ၂၀ ရက်နေ့ကနေပြီးတော့ အခုတခါ ဒီမနက် (မတ်လ ၂၆ ရက်နေ့နံနက်) ၉ နာရီလောက်မှာ ထပ်လာပြန် ပြီ။ ဒီကျနော်တို့ ရေသိုးကြီးရွာမှာ အထူးသဖြင့် ရပ်ကွက် (၂) နဲ့ (၃) မှာ ရှိတဲ့အိမ်တွေကို မောင်းဆင်းတယ်၊ အ ထုပ်အပိုးပြင်ခိုင်းတယ်။ သူတို့ (ရွာသား) အိမ်ကနေ ထွက်ခွာသွားဖို့ သူတို့ (နအဖစစ်သား) က အမိန့် ပေးလာတယ်။ အဲဒီတော့ ဒီမှာရှိတဲ့ ရပ်ကွက် ၂ ၊ ၃ ကသူတွေ သူတို့အိမ် သူတို့နေလို့မရတော့ဘူး။ ဒါပေမယ့် ဘယ်ကိုသွားရမယ်ဆိုတာလည်း ဘာမှညွှန်ကြားချက်လည်း မပေးသေးဘူး။ အဲဒါကြောင့်မို့လို့ ဒီရွာသူရွာသား တွေ၊ အိမ်ပေါ်ကဆင်းပေးတဲ့လူတွေက အထိတ်တလန့်နဲ့ နေနေကြရတာပေါ့။ စိုးရိမ်တာပေါ့၊ ဘယ်ကိုအပို့ခံရမယ် ဆိုတာလည်း သူတို့မသိသေးဘူး။

မေး၊     ၊ အခုမောင်းထုတ်ခံရတဲ့ ရပ်ကွက် ၂ နှင့် ၃ က ရွာသားတွေရဲ့ လက်ရှိ အခြေအနေ ဘယ်လိုရှိလဲ၊ ဘယ် လို နေထိုင်စားသောက်ကြလဲ။

ဖြေ၊      ၊ ရွာသားတွေက သူတို့အိမ်ပေါ်ကနေဆင်းပေးရတယ်။ ဆင်းပေးရတော့ တခြားရပ်ကွက်မှာ သွားနေရ တယ်။ တခြားအသိအိမ်မှာ သွားနေနေရတယ်။ ရပ်ကွက် ၂ နဲ့ ၃ ကို လုံးဝ အနင်းမခံဘူး။

မေး၊      ၊ အဲဒီရွာမှာ ရပ်ကွက်၊ အိမ်ခြေနဲ့ ခန့်မှန်းခြေအရ လူဦးရေဘယ်လောက်ရှိပါသလဲ။

ဖြေ၊       ၊ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ ဆိုပြီး ရပ်ကွက်လေးခု ရှိပါတယ်။ လူဦးရေ ၁၀၀၀ ပတ်ဝန်းကျင် ရှိတယ်၊ အိမ် ခြေ ၁၆၀ ကျော် ရှိတယ်။ အခုသွားရတဲ့သူက ရပ်ကွက် ၂ နဲ့ ၃၊ အဲဒီမှာ အိမ်ခြေ ၇၀-၈၀ လောက်ရှိတယ်၊ လူဦး ရေက ၃၅၀-၄၀၀ အကြားမှာရှိတယ်။

မေး၊     ၊ နအဖစစ်တပ်က ဘာကြောင့် ရွာသားတွေကို မောင်းထုတ်ရတာလဲ။

ဖြေ၊     ၊ ကျနော်တို့ ဒီဒေသမှာက သူတို့ (နအဖစစ်တပ်) စိတ်မထင်ရင် မထင်သလို ဒီလိုပဲ အမိန့်ပေးနေကြ၊ ခိုင်းနေကြ၊ အဓမ္မပြုနေကြပဲ။ ဒါ အကြောင်းအရာ အတိအကျဆိုတာ ဘာမှမရှိပါဘူး။ ကျနော်တို့ သူတို့ခိုင်းတာပဲ လိုက်နာရတယ်ဗျ။ သေသေချာချာ ရေရေရာရာ အကြောင်းအရာ မရှိပါဘူးခင်ဗျာ။ အကြောင်းမဲ့ ခိုင်းတာပဲဒါက။

မေး၊     ၊ ဘယ်စစ်တပ်က အမိန့်ပေးပြီး မောင်းထုတ်ပါသလဲ။

ဖြေ၊      ၊ စကခ ၅ ပါခင်ဗျ။ ဘောကလိကျေးရွာမှာ အခြေစိုက်တယ်။ စကခမှူးနာမည်က ကောင်းမြတ်။ အင် အားကတော့ ၁၀၀ ပိုပိုမှာ ရှိတယ်။ ရေသွန်းကြီးမှာတော့ စခန်းခွဲတခု ရှိတယ်။

မေး၊      ၊ မောင်းထုတ်ခံရတဲ့ ရွာသားတွေ တကယ်လို့ အိမ်ပေါ်ကနေမဆင်းပေးဘူးဆိုရင် ဘာလုပ်မယ်လို့ ပြော တာရှိလဲ။ ခြိမ်းခြောက်တာတွေ ရှိလား။

ဖြေ၊     ၊ ဒီရွာမှာရှိတဲ့ လူကတော့ အတိုက်အခံ မလုပ်ရဲဘူးခင်ဗျား။ ရွာသားဖြစ်တဲ့အတွက် မဆင်းဘူး ဆိုတဲ့ဟာ ကတော့ မလုပ်ရဲဘာဘူး။ ဦးဆောင်ပေးတဲ့လူလည်း မရှိပါဘူးခင်ဗျာ။ ဆင်းဆိုလည်း ဆင်းရတာပဲဗျာ။

မေး၊      ၊ မောင်းထုတ်ခံရတဲ့ ရွာသားတွေ အခြေအနေကို ပြောပြပါအုံး။

ဖြေ၊     ၊ ဟုတ်ကဲ့။ အဲဒီမှာ ငိုတဲ့လူငို၊ ယိုတဲ့လူယိုပေါ့ဗျာ။ ကိုယ့်အိမ်အကောင်းချည်းကို ကိုယ့်ရွာတွေကို စွန့်ပစ် ရမယ်ဆိုတော့လည်း သူတို့ကြေကွဲကုန်တာပေါ့။ နောက်ပြီး ဘယ်ကိုသွားရမှားလဲ မသိ၊ ရိက္ခာ၊ ဆန်တွေဘာ တွေလည်း အလုံအလောက်မရှိ။ ဘယ်လိုစား၊ ဘယ်လိုနေရမှား မသိ။ နေပူပူ၊ သစ်ပင်အရိပ်အောက်မှာ၊ သူများ အိမ်မှာ လျှောက်ခိုလုံနေရ။ ပြဿနာကတော့ အများကြီးပေါ့ဗျာ။ ရေတွေဆိုရင်လည်း ပြောမယ်ဆိုရင် တောင်ပေါ် ဆိုပေမယ့် နေရာတိုင်းမှာ ရေရှိတာမဟုတ်ဘူး။

မေး၊      ၊ အဲဒီဒေသမှာ စစ်တပ်နဲ့ ကေအဲန်ယူ အဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကော ရှိပါသလား။

ဖြေ၊      ၊ ကျနော်တို့ သံတောင်ဘက်မှာလည်း တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်။ တောင်ငူခရိုင် တခုလုံးမှာ တိုက်ပွဲတွေချည်းပဲအခု။ နေ့တိုင်းလိုလို ဖြစ်နေတယ်ခင်ဗျာ။ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်ဆိုရင် အူးဘယ်၊ ထီးဆာဘယ်ဘက်မှာ တိုက်ပွဲဖြစ်ပြီးတော့ ရွာသားတွေ လည်း တောထဲမှာ ပုန်းနေရတုန်းပဲ။ ရွာသူရွာ သား လေး-ငါးရာ ရှိမယ်။ အခုချိန်ထိ အိမ်ကို မကပ်ရဲသေးဘူး။

နောက်တခါ အခု သူတို့ ရိက္ခာတွေ အကြီးအကျယ် ပို့နေတယ်။ ဒီ စကခ ၅ တို့၊ စကခ ၉ ရယ်၊ နောက် တပ်မ ၈၈ ရယ်။ သူတို့ရိက္ခာအကြီးအကျယ် သယ်ပြီးတော့ သူတို့သွားတဲ့လမ်းကြောင်း တလျှောက်မှာလည်း တောမီး တွေ အကြီးအကျယ်ရှို့ပြီးတော့ မီးခိုးတလူလူနဲ့ အဲဒါ တလကျော်ပြီး။ အခင်းတွေ ဘာတွေ ဖာလာခြံတွေရော၊ ကွမ်းသီးခြံတွေရော မီးလောင်ကုန်ပြီ။ ရွာသားတွေလည်း မီးသွားမငြိမ်းရဲတော့ဘူး။

မတ်လ ၂၃ ရက်နေ့မှာ လယ်ဂေခို ဆိုတဲ့ရွာကိုလည်း မီးလာရှို့သွားတယ်။ ရွာအနားမှာလည်း မိုင်းတွေ ထောင် ထားတယ်။ ရွာသား ၅၀၀ ကျော်လောက် ထွက်ပြေးနေရတယ်။ နောက်လက်နက်ကြီးတွေလည်း သုံးလေးရက် တကြိမ်၊ သုံးလေးရက်တကြိမ် ပစ်ချတယ်။ အလုံးပေါင်းများစွာပဲဗျာ။ အခုက တခုလုံး ခြောက်ခြား နေတယ်။ ဘယ်ကိုမှလဲ သွားလို့ လာလို့မရဲတော့ဘူးဗျာ။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။