|
ရှေ့နေရဲ့ စေတနာ
အောက်တိုဘာလ ၂ ရက်။ ၂၀၀၆ ခုနှစ်။
မြန်မာပြည်အလယ်ပိုင်း မြို့ငယ်တခုတွင်ဖြစ်သည်။
မြို့ရှိ လူမှု့ရေး အသင်းက မိဘမဲ့ ကလေးများ ကူညီစောင့် ရှောက် ရေးအတွက်
ရံပုံငွေ ကောက်ခံ နေသည်။
လစဉ် ကောက်ခံ ရရှိသော အလှူငွေ စာရင်းတွင်မြို့ပေါ် ရှိ နာမည်ကြီး ရှေ့နေ ဦးငွေရ
တယောက်၏အမည်မပါဘဲ ရှိနေသည်။ ထို့ကြောင့် အသင်း ဥက္ကဌက ဦးငွေရနှင့်သွားရောက်
တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
“ရှေ့နေံကြီးခင်ဗျား ရှေ့နေကြီးဟာ ကျနော်တို့ မြို့မှာဆို အအောင်မြင်ဆုံးနဲ့
ဝင်ငွေအကောင်းဆုံး ရှေ့နေကြီး တယောက်ပါ၊ အခုကျနော် တို့မြို့သူ မြို့သား တွေရဲ့
ကူညီထည့်ဝင်မှု့နဲ့ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ ကလေးများ ကျောင်းဟာ တော်တော်လေးလည်း
အရှိန်ရ နေပါပြီ။ ဒါပေ မယ့် သူတို့တွေရဲ့ စားဝတ်နေရေး။ ပညာရေး နဲ့ ကျန်မာရေး
ဖွဲ့ဖြိုးတိုးတက်မှုတွေအတွက်တော့ ရံပုံငွေက လိုအပ်နေဆဲပဲ ဖြစ်ပါ တယ်။ အဲလို
လိုအပ်မှုတွေကို ဖြည့်ဆည်းပေးဖို့အတွက် ရှေ့နေကြီး အနေနဲ့ လစဉ် တတ်အားသမျှ
အလျှူငွေ ထည့်ဝင်ဖို့ မေတ္တာရပ်ခံပါတယ်။”
ဦးငွေရ တချက် စဉ်းစားလိုက်သည်။
“ဟုတ်ပါတယ်။ ဒီမြို့မှာတော့ ကျူပ်ဟာ အအောင်မြင်ဆုံးနဲ့ ၀င်ငွေ အကောင်းဆုံး
ရှေ့နေ ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့သိထား ရမှာက ကျနော့အမေဟာ နာတာရှည်
လူမမာကြီး ဖြစ်နေတယ်။ သူ့ရဲ့ တလတလ ဆေးဖိုးကုန်ကျငွေ က ကျနော့ တလစာဝင်ငွေလောက်
ရှိနေ တယ်”
ဦးငွေရ စကားကြားသောအခါ အသင်း ဥက္ကဌ နည်းနည်း အားနာသွားသည်။
“အေးဗျာ- ဒါကို --------”
အသင်းဥက္ကဌ စကားကို ဖြတ်၍ ဦးငွေရက ဆက်ပြောသည်။
“နောက်ကျနော့မှာ မိုင်းထိလို့ မျက်စေ့ပျက်ပြီး ခြေထောက် ပြတ်နေရတဲ့
စစ်မှုထမ်းဟောင်း ညီတယောက်လည်း ရှိနေတယ်။”
အသင်းဥက္ကဌ ပို၍ အားနာသွားသည်။ ဦးငွေရကို တောင်းပန်ဖို့ ကြိုးစားသည်။ သို့သော်
ဦးငွေရက ဒေါသတကြီး ဆက်ပြော၏။
“ကျန်သေးတယ်။ ကျန်သေးတယ်။ နောက် ကျနော့ညီမ တယောက်။ သူယောကျာင်္က ကားမှောက်လို့
သေသွားတယ်။ ဘာလျှော်ကြေးမှ မရဘူး။ သူမှာ ကလေးသုံးယောက်နဲ့ အတိဒုက္ခ ရောက်နေတယ်။
ခင်ဗျားတို့ ဒါတွေသိရဲ့လား၊”
အလှူခံလာရောက်သော လူမှုရေးအသင်း ဥက္ကဌ အလွန်အမင်း အားနာသွားသည်။ ထို့နောက်
တိုးလျှိုး တောင်း ပန်းသော လေသံနှင့် -----
“တကယ်ပါဗျာ - ဒါတွေကို ကျနော်တို့ အသင်းအနေနဲ့ တကယ်မသိခဲ့တာပါ၊ ”
အသင်းဥက္ကဌ တောင်းပန်သောအခါ
“ဟုတ်တယ် အဲဒါတွေကို ခင်ဗျားတို့ သိရမယ်။ ”
ထိုနောက် ဦးငွေရက ခိုင်မာပြတ်သားသော လေသံနဲ့ ဆက်ပြောလိုက်သည်။
“နောက် ခင်ဗျားတို့ သိသင့်တာက သူတို့တွေကိုတောင် ကျူပ်က တပြားမှ မထောက်ပံ့တာ။
ခင်ဗျား တို့ အသင်း အတွက် ကျူပ်က ဘာလို့ အလှူ ထည့်ရမှာလဲ ဆိုတာပဲ၊”
|