နှလုံးရောဂါ

ဇန်န၀ါရီ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

နယူးယောက်မြို့အရှေ့ပိုင်းရှိ လူအိုရုံတခုတွင် နေထိုင်နေ သော အသက် ၈၀အရွယ် ဒေါ်မာဂရက် တွင် ၀ါသနာ တခုရှိသည်။

ယင်းမှာ အပတ်စဉ် ထီမထိုးရ မနေနိုင်ခြင်း ဖြစ်သည်။

သူမထိုးလိုသော ထီနံပါတ်ကို လူအိုရုံရှိ ဆရာမလေး ဆိုဖီယာကအမြဲဝယ်ပေးရ၏။

တရက်တွင် ဒေါ်မာဂရက် ထီ ဒေါ်လာသန်း ၅၀ပေါက် ပါသည်။ သို့သော် ထီလက်မှတ်က ဆရာ မလေး ဆိုဖီယာထံတွင် ရှိနေသေး၍ ဒေါ်မာဂရက် မသိ
သေးပေ။ သူ့ကို အသိပေးရမည် ဖြစ်သည်။

အပတ်စဉ် ကြည့်ရှုစစ်ဆေး၍ ဆေးကုသပေးနေသော ဒေါက်တာ ကင်းက အကြံပေးသည်။

“အဖွားကြီးကို သူထီပေါက်တယ်ဆိုတာ တိုက်ရိုက်သွားမပြောပြနဲ့။ သူ့မှာ နှလုံးရောဂါရှိတယ်။ တော်ကြာ ၀မ်းသာလုံးဆို့ပြီး သေသွားနိုင်တယ်။”

“ဒီလိုဆို ဘယ်လို ပြောရမလဲဆရာ။ ”ဆရာမတယောက်က မေးသည်။

တခြားဆရာမတယောက်က “ဒါဆို ဆရာပဲ သွားပြောလိုက်ပါ။ ကျမတို့ထက် ဆရာက သူနဲ့ပိုရင်းနှီးတာပဲ ဥစ္စာ။ ”

သို့နှင့် ဒေါက်တာကင်းသည် ဒေါ်မာဂရက်ထီပေါက်ကြောင်း အင်မတန်သိမ်မွေ့စွာနှင့် သတင်းသွားပေးပါတော့သည်။

“အဖွား ဒီတပတ် ထီထိုးထားသေးသလား။ ”

“ထိုးတာပေါ့။ ကျမက အပတ်တိုင်း တစောင်တစောင်ထိုးနေကျ။ အခုဆို နှစ် နှစ်ဆယ်ကျော် ပြီဟာ။”

“အဖွားက ထီပေါက်ရင် ဘာတွေလုပ်မယ် စိတ်ကူးထားလဲ။”

“ဒီအသက်အရွယ်ရောက်မှတော့ ကျမမှာ ဘာရည်ရွယ်ချက်မှ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။ ထီပေါက်ရင် လူအိုရုံကို လှုမယ်။ မိဘမဲ့ကလေးတွေအတွက် ကျောင်းတွေဖွင့်မယ်။ ဒီလောက်ပါပဲ။”

“အို ၀မ်းသာစရာပဲ။ အဖွားလုပ်ချင်တာတွေ တကယ်လုပ်ရတော့မယ် သိလား။ အဲ တကယ်လို့ အဖွားပေါက်တဲ့ ထီက ဒေါ်လာသန်း ၅၀လောက်ဖြစ်နေမယ်ဆိုရင် အဖွား ဘာတွေ ဆက်လုပ်အုံးမလဲ။”

ဒေါ်မာဂရက်က ခပ်တိုးတိုးတချက် ရယ်ပါသည်။

“ဒေါ်လာသန်း ၅၀ဆိုရင် တ၀က်ကို လှုမယ်။ ကျန်တဲ့ ဒေါ်လာ၂၅သန်းကို နေအုံး ကျမစဉ်းစားအုံးမယ်။ -------------------- အဲ ကျမမှာ သားသမီးတို့ ဆွေမျိုးတို့ဆိုတာလဲ တယောက်မှ ရှိတာမဟုတ်ဘူး။ ကျမဒီမှာ နေလာတဲ့ ကာလတလျောက်လုံး ကျမကို ဒေါက်တာကပဲ အနီးကပ် ပြုစုစောင့်ရှောက်လာတာဆိုတော့----”

“ဟုတ်- ဟုတ်ကဲ့ အဖွား --ဆက်--ဆက်ပြောပါအုံး။”

“အဲဒါဆိုတော့ ဒေါက်တာကိုပဲ အမွေ ပေးရမှာပေါ့။”

ထိုစဉ် ၀ုန်းဆိုသော အသံကြားလိုက်ရသည်။ ဒေါက်တာကင်း ပစ်လဲကျသွားခြင်း ဖြစ်သည်။ စမ်းသပ်ကြည့်သောအခါ အသက်မရှိတော့။

ဒေါက်တာကင်းတွင် နှလုံးရောဂါရှိကြောင်း ဒေါ်မာဂရက်သိလျှင် ထိုသို့ ပြောဖြစ်မည်မဟုတ်ဟု အားလုံးက သုံးသပ်ကြပါသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။