လုပ်အားခမပေးသည့် အလုပ်ရှင်အား အလုပ်သမားကတရားစွဲမည်

သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်တွင် လုပ်အားခမပေးသည့် ထိုင်းအလုပ်ရှင်အား မြန်မာအလုပ်သမားများ က တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ဖုန်ဖေမြို့နယ်၊ ကီလိုစီပက်မြို့ရှိ ထန်ချန်ဝမ်ကူး စားသောက်ဆိုင်ပိုင်ရှင်မှ မြန်မာအလုပ် သမား ၂၃ ဦး၏ လနှင့် ချီသည့် လုပ်အားခများကို မပေးဘဲ အလုပ်စေခိုင်းသည့်အတွက် အလုပ်သမားများက တရားစွဲဆိုမည်ဟု အလုပ် သမားရေး ဆောင်ရွက်ပေး နေသူတစ်ဦးက ပြောသည်။

ယင်းထမင်းဆိုင်တွင်အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂၃ ဦးအနက် အလုပ်ရှင်အား တရားစွဲဆိုမည့်သူ ၁၂ ဦးက ၎င်းတို့၏နစ်နာချက်များကို ထိုင်းရှေ့နေများမှတဆင့် အလုပ်သမားကာကွယ်ရေးရုံးသို့ ရေးသားပေးပို့ လက်မှတ်ထိုးကာ တိုင်ကြားထားသည် ဟု ၎င်းကဆက်ပြောသည်။

ကျနော်တို့ရှေ့နေတစ်ယောက်နဲ့ သွားတွေ့ပြီးသွားပြီ။ အချက်အလက်တွေအားလုံး ဒီနေ့ သွားယူ မယ်။ ၁၂ ယောက်လုံးလက်မှတ်တွေ ၀ိုင်းထိုးထားပြီးတော့ ကျနော်တို့ ဆ၀ါဒီကန်နဲ့ မနက်ဖြန်သွား တွေ့ဖို့ အစီအစဉ်ရှိတယ်။

အလုပ်စတင်ဝင်ရောက်စဉ်က အစမ်းခန့် တစ်လသုံးထောင်ပေးမည်ဟု အလုပ်ရှင်က ပြောသော်လည်း နောက် ပိုင်းတွင် လစာလုံးဝမရဘဲခိုင်းစေသည့်အပြင် ခြိမ်းခြောက်မှုများ လည်းရှိသည်ဟု အလုပ်သမားတစ်ဦးက ယခုလို ပြောသည်။

အခုက စားသောက်ဆိုင်မှာအလုပ်လုပ်ကြတာ ငါးလရှိတဲ့သူရှိတယ်၊ ခြောက်လ ရှိတဲ့လူရှိကြတာ ပေါ့ နော်။ ပိုက်ဆံကိုတော့မထုတ်ပေးဘူး။ ဒီလကုန်ရင်ထုတ်ပေးမယ်။ ဒီလကုန်ရင်ထုတ်ပေးမယ်ဆိုပြီး အဲလိုပဲပြောတယ်။ တခါမှမထုတ်ပေးဘူး။ သူချိန်းထားတဲ့ ရက်ကို သမီးတို့က ထုတ်မယ်လို့သွားတဲ့ခါ ကျတော့ သူက  သူ့တူနှစ်ယောက်ကို သေနတ် တွေခါးမှာချိတ်ပြီးတော့ ခြိမ်းခြောက်ခိုင်းတယ်။

နေ့စဉ် ရေချိုးထမင်းစားနားချိန်မှလွဲ၍ မနက် ၆ နာရီမှ ည ၁၂ နာရီအထိ တနေကုန် အလုပ်လုပ်ကြရပြီး ကျန်းမာ ရေးမကောင်းသည့်အခါ၌ ဆူပူကြိမ်းမောင်းခံရသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာအလုပ်သမား ၂၃ ဦးအနက် တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ သုံးဦးသာရှိပြီး ကျန်လူ များက လက်မှတ်ပြုလုပ်လိုသော်လည်း အလုပ်ရှင်က မလုပ်ပေးဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန်လာရောက်စဉ်က ငွေချေး၍လာခဲ့ကြပြီး ယခုပြန်မဆပ် နိုင်သဖြင့် မြန်မာပြည်ရှိ မိဘဆွေမျိုးများ အခက်အခဲဖြစ်ကြရသည်ဟု ထိုအလုပ်သမားက ဆက်ပြောသည်။

ပြီးတော့ ဒီကိုလာတဲ့သူတွေ ကလည်း ပိုက်ဆံက ကိုယ့်ကိုယ်ရေးကိုယ်တာနဲ့ ရလာတဲ့ ပိုက်ဆံမဟုတ် ဖူးလေ။ သူများဆီက ချေးငှားပြီးမှ ဒီကိုရောက်လာတဲ့သူတွေ။ အဲတာ တွေပြန်မပေးနိုင်လို့ ထောင်ကျ တဲ့သူတွေလည်းရှိတယ်။ အနောက်မှာ နေမကောင်းလို့ ပိုက်ဆံချေးတဲ့အခါကျရင် ဒီကငွေမပို့နိုင်တော့ ဟိုမှာချေးမယ့်သူတောင်မရှိတော့ဘူးပေါ့။

ထိုင်းမြန်မာနယ်စပ်၊ မယ်ဆိုင်မြို့ရှိ အိုဆာကာဖိနပ်ချုပ်စက်ရုံ ဆန္ဒပြမှုကြောင့် အလုပ် ထုတ်ခံရသည့် အလုပ်သမ လေးဦးကလည်း ၎င်းတို့၏နစ်နာကြေးများကို အလုပ်ရှင်က မပေးပါက တရားစွဲရန် ထိုင်းအလုပ်သမားကာကွယ် ရေးရုံးထံ တိုင်ကြားထားသည်ဟု သတင်းရရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အလုပ်ရှင်က လာမည့်ဗုဒ္ဓဟူးနေ့တွင် အကြောင်းပြန်မည်ဟု သိရသည်။

ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိသည့်အနက် တရားဝင်အလုပ် သမားလက်မှတ်ကိုင် ဆောင်ထားသူ ထက်ဝက်ခန့်ရှိသည်ဟု အလုပ်သမားရေးဆောင်ရွက် နေသူများက ခန့်မှန်းကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။