လိုင်စင်အသစ်ပြုလုပ်ပေးသဖြင့် ဆိုင်ကယ်ဈေး တဟုန်ထိုး တက်

သီတာထွန်း။
ဇူလိုင် ၁ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာပြည်အ၀ှမ်းတွင် ဆိုင်ကယ်လိုင်စင် ယနေ့ စတင်ပြုလုပ်ပေးနေသောကောင့် နယ်စပ်မြို့များရှိ ဆိုင်ကယ် ဈေး ကွက် ဆိုင်ကယ်ပြတ်လပ်သွားပြီး ဈေးနှုန်းများ ထပ်မံတက်သွားသည်။

လိုင်စင်အသစ်ကြောင့် ၀ယ်လိုအားများလာ၍ ဈေးကွက်တွင်ပြတ်လပ်သွားခြင်း ဖြစ်ပြီး  မန္တလေး၊ တောင်ကြီး စသည့် ဒေသများကပါ လာရောက်ဝယ်ယူကြသည်ဟု တာချီလိတ်မြိုမှ ဆိုင်ကယ်ပွဲစားတဦးက ပြောသည်။

"အသစ်သွင်းတဲ့ဟာ လုံးဝ မရှိတော့ဘူး၊ ၀ယ်ချင်တောင် ပိုက်ဆံကြိုတင်ပေးထားတာတောင် မရှိတော့ ဘူး၊ ဈေးတအားတက်သွားတယ်၊ လုံးဝကို ပြတ်သွားတာ၊ လုံးဝကိုပြတ်သွားတာ၊ ဈေးလုံးဝတက် သွားတာ၊ ဒီ မယ်ဆိုင်မှာရော လုံးဝကို မရှိတော့ဘူး၊ တချို့ သူများ သိပ်မသုံးတဲ့ဘီးတွေ ဘာတွေပဲ ကျန်တော့တာ၊ ဥပမာ လူကြိုက်များတဲ့ (၂၀၀၈) တို့ (၂၀၀၇) တို့ဆို လုံးလုံးကို မရှိတော့တာ၊ တော် တော်လေး လာဝယ်ကြတယ်၊ မန္တလေးဖက်၊ တောင်ကြီးဖက်က အများကြီးပဲ။ "

မြ၀တီမြိုမှ ဆိုင်ကယ်ပွဲစားတဦးကလည်း နောက်ဆုံးပေါ် (၂၀၀၈) ဒရင်း(မ)အမျိုးအစား ဆိုင်ကယ်တစီးလျှင် ယခင်က ဘတ်ငွေ လေးသောင်းသုံးထောင်ခန့်သာ ပေးရသော်လည်း ယခုအခါ ငါးသောင်းခွဲခန့် ပေးရသည်ဟု ပြောသည်။

"တက်တာက ယိုးဒယား ကုမ္ပဏီတွေကပါတက်တာ၊ လိုင်စင်လုပ်ပေးမယ်ကြားတော့ လူတွေက ဘီး ပါကင်သက်သက်ဝယ်ကြတာကို၊ ပိုသွင်းတာပေါ့၊ လိုင်စင်လုပ်မယ်ဆိုတော့ ပိုသွင်းတာပေါ့၊ ခုခန့်မှန်း ခြေ အစီးတထောင်လောက်ရှိပြီ၊ ပါကင်ချည်းပဲ၊ ဒါတောင် ထပ်လိုချင်သေးတယ်။ " ဟု မြ၀တီမှ အခြား ပွဲစားတဦးကလည်း ပြောသည်။

ဆိုင်ကယ်လိုင်စင်ကို (၁-၇-၀၈) မှ (၃၁-၁၀-၀၈) ထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး လိုင်စင်ကြေး ကုန်ကျငွေကို  အင်ဂျင်နှင့် ထုတ်လုပ်သည့် ခုနှစ်အလိုက် သတ်မှတ်ထားပြီုး ထိုင်းဆိုင်ကယ် တစီးလျှင်  လိုင်စင်ကြေး ကျပ်တသိန်းခွဲမှ နှစ်သိန်းခြောက်သောင်း၊ ဂျပန်ဆိုင်ကယ် နှစ်သိန်း သုံးသောင်းခန့်မှ ငါးသိန်း၊ တရုတ်ဆိုင်ကယ် ခုနှစ်သောင်းမှ တသိန်းရှစ်သောင်းခန့် ကုန်ကျမည် ဖြစ်သည်။

ဆိုင်ကယ်လိုင်စင်ကြေးအပြင် မှတ်ပုံတင်ခြင်းနှင့် ဆိုင်သည့် လိုအပ်ချက်များဖြစ်သော နံပါတ်ပြား၊ သော့၊ ဓါတ်ပုံ နှင့် စာရွက်စာတမ်းဖိုးများအတွက် ခယက (ခရိုင်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ)မှ ခုနှစ်ထောင့် ကိုးရာကျပ် ကောက်ခံသည်ဟု ၎င်းရုံး တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ် မတ်လကုန်မှ စတင်ကာ (၄) လအတွင်း တရားမ၀င် ဆိုင်ကယ်များကို လိုင်စင် ပြုလုပ်ပေးခဲ့ပြီးနောက်ပိုင်း ယခု ထပ်မံပြုလုပ်ပေးခြင်းဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။