|
သီးလေးသီး အငြိမ့်သဘင် ၀က်ဘ်ဆိုက်ဒ်အသစ်ဖွင့်
နွယ်လေး။
စက်တင်ဘာလ ၁ ရက်၊ ၂၀၀၈ ခုနှစ်။
နိုင်ငံကျော်
ဟာသပြက်လုံးများကို ထုတ်လွှင့်ပြီး လူသိများနေသည့် သီးလေးသီး နှင့် ဆေးရောင်စုံ
အငြိမ့်အဖွဲ့က မြန်မာ့အငြိမ့်သဘင်အတွက် ပထမဆုံး ၀က်ဘ်ဆိုက် အင်တာနက်
စာမျက်နှာသစ် ဖွင့်ပွဲအား ယနေ့ ကျင်းပခဲ့ သည်။
သီးလေးသီးနှင့်
ဆေးရောင်စုံ အဖွဲ့၏ ၀က်ဆိုဒ်သည် ပထမဆုံး မြန်မာအငြိမ့်သဘင် ၀က်ဆိုဒ် ဖြစ်ပြီး
မြန်မာပြည် လွတ်မြောက်ရေးအတွက် တတတ်တအားပါဝင်ရန် ရည်ရွယ်
ပြုလုပ်ရခြင်းဖြစ်သည်ဟု အင်တာနက် စာမျက်နှာ ပြုလုပ်ရခြင်း ရည်ရွယ်
ချက်နှင့်ပတ်သက်၍ု သီးလေးသီး အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာ က ယခုလို
ပြောသည်။
“ ၀က်ဆိုဒ်လုပ်ဖြစ်တဲ့
ရည်ရွယ်ချက်ကတော့ ကျနော်တို့ သီးလေးသီးက အမြဲလှုပ်ရှား နေပါတယ်။ အမြဲတမ်း
ငြိမ်မနေပါဘူး လှုပ်ရှားနေပါတယ် ဆိုတဲ့ အကြောင်းရယ်။ နောက်ပြီး ကျနော်တို့
အငြိမ့်အပြင်ကို ဇာတ်လမ်းတို လေးတွေနဲ့ ပြည်သူကို ဖျော်ဖြေ တင်ဆက်သွားမှာပါ။
အဓိက ကျနော်တို့ လုပ်တာက နိုင်ငံရေးဘက်ကို ဦးတည် ပါတယ်။ ပြည်တွင်းမှာရှိတဲ့
ပြည်သူတွေက တကယ်ဖြစ်ပျက်နေတဲ့ အခြေနေအားလုံးကို အမှန်တိုင်း ဖွင့်မပြောရဲ
ကြဘူး။ ကျနော်တို့က နိုင်ငံရေးဦးစားပေးပြီး အသိအမြင် တိုးတက်လာအောင်
မြင့်မားလာအောင် ဇာတ်လမ်းတို လေးနဲ့ ဆက်လက်လုပ်ဆောင် သွားမယ် ဆိုတာ အသိပေးတဲ့
ရည်ရွယ်ချက် လေးနဲ့ပါ။ ”
သီးလေးသီး
အင်တာနက်စာမျက်နှာတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနှင့် ရေးသား ထားကာ
ပြည်တွင်းပြည်ပ တွင် တင်ဆက်ခဲ့သည့် အငြိမ့်ပွဲများကို ကြည့်ရှုနိုင်ပြီး
ဆက်လက်ထုတ်လွှင့်မည့် မြန်မာနိုင်ငံ စစ်တပ်နှင့် ထောင် အကြောင်း တခန်းရပ်
ပြဇာတ်များကိုလည်း ဆက်လက်တင်ဆက်သွားမည်ဟု ယင်းအဖွဲ့က ပြောသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများကို မြန်မာနိုင်ငံတွင်းလွတ်လပ်စွာ
ထုတ်ဖော်လုပ်ကိုင်ခွင့် မရရှိခြင်းကြောင့် ပြည်ပတွင် အထောက်ပံ့များရရှိလျှင်
မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို အတတ်နိုင်ဆုံး ဖော်ပြသွားနိုင်အောင်
ကြိုးစားသွားမည် ဟု ၎င်းက ဆက်ပြောသည်။
သီးလေးသီးမြန်မာ့
အငြိမ့်သဘင် ၀က်ဆိုဒ် ဖွင့်ပွဲတွင် မြန်မာနိုင်ငံ နာဂစ်လေဘေးတွင် ကူညီသည့်
ကိုဇာဂနာ အပါဝင် ပြည်တွင်းရှိ အနုပညာရှင်များအား “ကျနော်တို့ဟာ ပြည်သူက
မွေးဖွားလာတဲ့ အနုပညာသမားတွေပါ။ ကျနော်တို့ ကောင်းစားရေးထက် အများပြည်သူ
ကောင်းစားရေးကို ကြည့်ကြပါ။ ကျနော်တို့ အနုပညာသမား တွေက အများပြည်သူ
ကောင်းကျိုးတွက် လုပ်နေလို့ အစိုးရက ဘယ်လောက် ကျဉ်ကျဉ် တစ်ဗိုလ်ကျရင်
တစ်ဗိုလ်တက်တဲ့ စနစ်နဲ့ ကျင့်သုံးပေးဖို့ တိုက်တွန်းချင်တယ်။ အဓိက ကျနော်တို့
ရည်မှန်းထားတဲ့ လမ်း ကြောင်းတိုင်း ဆက်လက် ချီတက်သွားစေချင်ပါတယ်။
တစ်လုတ်နှစ်လုတ် ကျွေးဖူးတဲ့ သူတို့ကျေးဇူးရဲ့ သြဇာကို မခံပါနဲ့။
တစ်သက်လုံးလုပ်ကျွေးလာတဲ့ ပြည်သူတွေရဲ့ သြဇာကို ခံပါလို့ တိုက်တွန်း ချင်ပါတယ်။
”ဟု ကိုဂေါ်ဇီ လာ ကတိုက်တွန်းစကားပြောသည်။
ဝက်ဘ်ဆိုက်စာမျက်နှာတွင် နိုင်ငံရေးကို ၆၀ ရာခိုင်နှုန်းခန့် ပါဝင်မည်ဖြစ်ပြီး
အနုပညာပိုင်းက ၄၀ ရာနှုန်းသာ ပါ ၀င်ဦးမည်ဟု အဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာက ပြောသည်။
မြန်မာပြည်လွတ်လပ်ပြီး ငြိမ်းချမ်းသွားသည့်အခါမှသာ အနုပညာပိုင်းကို
ပိုမိုအားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်၊
သီးလေးသီး အဖွဲ့မှ
မြစပယ်ငုံ က “ဒီ ၀က်ဆိုဒ် ဖွင့်ဖြစ်တော့ သမီးတို့ကို အားပေးတဲ့ ပရိတ်သတ်
အများပြားလဲ သိရတော့ ၀မ်းသာတယ်” ဟု ပြောသည်။
ယခုနှစ်ဆန်းပိုင်းတွင်
ပြည်ပသို့ရောက်လာခဲ့ကြသည့် သီးလေးသီးအဖွဲ့သည် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊
ကိုးရီး ယားနှင့် ဂျပန်နိုင်ငံတို့သွားရောက် ဖြေဖျော်ပြီး လာမည့် စက်တင်ဘာ
(၇)ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရာမ ဇာတ်တော်ကို ထည့်သွင်း
ဖျော်ဖြေမည်ဖြစ်သည်။
သီးလေးသီး အဖွဲ့သည်
၂၀၀၃ ခုနှစ်တွင် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက ဦးဆောင်စတင် တည်
ထောင်ခဲ့သည်။
နိုင်ငံရေး သရော်သည့်
အဖွဲ့စည်းအဖြစ် ရပ်တည်လာ၍ မျိုးဆက်သစ်များကို သင်တန်းပေးကာ ကိုသူရ(ဇာဂနာ)မှ
သီးလေးသီး အမည်ဖြင့် ဗီဒီယိုအငြိမ့်ခွေနှင့် စတင်ခဲ့ပြီး အောင်မြင်မှုမရခင်
ဖျက်သိမ်းခြင်းခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင်
ပထမအကြိမ် ပရိတ်သတ်နှင့် ပြန်လည်ထိတွေ့ ခဲ့ပြီး နိုင်ငံအနှံ့ လှည့်လည် ဖျော်ဖြေ
တင်ဆက်ခဲ့သည်။
|