|
ထိုင်းသို့ ကျွန်းသစ်တင်ပို့မှု နယ်စပ်ပြသနာရှုပ်ထွေးနိုင်
ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁ ရက်၊ ၂၀၀၈ ခုနှစ်။
ဦးတေဇပိုင်သည့်
ထူးကုမဏီမှ ကျွန်းသစ်တန်ချိန် (၆)သောင်းကို ထိုင်းနိုင်ငံ အတွင်းသို့
တင်သွင်းရန် စီစဉ်နေပြီး ယင်းသို့ ပို့ဆောင်ပါက နယ်စပ်ပြဿနာများ
ရှုပ်ထွေးလာနိုင်သည်ဟု ထိုင်းစစ်တပ်မှ အရာရှိတဦးက ပြောသည်။
ယခုလ စောပိုင်းက
ဖွင့်လှစ်လိုက်သည့် မယ်ဟောင်ဆောင် နယ်စပ် ဘန်းနမ်းပိန်ဂိတ် အသစ်မှ တဆင့် ကရင်နီ
ပြည်သူလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ထိန်းချုပ်ရာ မြန်မာနိုင်ငံ
ကယား (ခေါ်) ကရင်နီ ပြည်နယ်အတွင်းမှ ကျွန်းသစ်များကို တင်သွင်းရန်အတွက်
မယ်ဟောင်ဆောင် ဒု-အုပ်ချုပ်ရေးမှူးက မြန်မာ အာဏာပိုင်များနှင့်
စီစဉ်နေခြင်းဖြစ်သည်ဟု မယ်ဟောင်ဆောင်ရှိ ထိုင်းစစ်တပ်နှင့် နီးစပ်သူ တဦးက
ပြောသည်။
"ကလလတ သူတို့
ဟိုးတခေါက်ကတည်းက သွားညှိထားတာလေ။ စီစဉ်ထားတာလေ။ စီစဉ် ထား တာက ကလလတနယ်မြေက
သစ်တွေ ၀ယ်ဖို့ တန်ပေါင်း ခြောက်သောင်း။ ဒါပေမယ့် သူတို့ မထွက် ဖြစ်သေးဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဂိတ်ဖွင့်တယ်ဆိုတာပဲ အကြောင်းကြား သေးတယ်။ အမိန့်စာ တော့
ထွက်ပြီးပြီ။ ဒါပေမယ့် ပစ္စည်းဝယ်မယ်ဆိုတာကတော့ မရှိသေးဘူး။ မစသေးဘူး။ ဒီလ ၁၃
ရက်နေ့မှာ သူတို့ စာထုတ်ထားတာကတော့ ဒီဂိတ်ဖွင့် တယ်ဆိုတဲ့ အကြောင်း။"
ဦးတေဇပိုင်
ထူးကုမ္ပဏီမှာ သစ်ထုတ်လုပ်သည့် စက်ရုံသည် ကလလတ ထိန်းချုပ်ရာ နယ်မြေအတွင်းသို့
ယခု နှစ်ဆန်းပိုင်းက လာရောက်ဖွင့်လှစ်ခြင်းဖြစ်သည်။ ယခင်က ဟိုးမိန်းဂိတ်မှ
သစ်တင်သွင်းမှုကို ပိတ်ပင်လိုက် သည့်အတွက် ယခု ဂိတ်အသစ်မှ တင်သွင်းလာခြင်း
ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။
ထိုင်းနှင့်
ကယားပြည်နယ် နယ်စပ်ဂိတ်အသစ် ဖွင့်လှစ်ပြီး ကျွန်းသစ်များကို ထိုင်းနိုင်ငံ
အတွင်းသို့ တင်သွင်းပါက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရ
တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး နယ်စပ်ပြဿနာ ပိုမို ရှိလာ နိုင်သည်ဟု
အမည်မဖော်လိုသည့် ထိုင်းစစ်တပ် အရာရှိ တဦးက ပြောသည်။
"စစ်တပ်ကတော့ လုံးဝ
လက်မခံဘူး ဒီကိစ္စ။ နယ်ခြားစောင့် စစ်တပ်ဘက်ကတော့ လုံးဝ ထောက်မခံဘူး။
ထောက်မခံဘူးဆိုတာက ပြဿနာတွေ အများကြီး ထပ်ရှိလာနိုင်တယ်။ ဒီသစ်တွေ လာလို့ရှိရင်
လမ်းကောင်းလာလို့ရှိရင် မြန်မာစစ်တပ်တွေ ၀င်လာမယ်လေ။ ၀င်လာလို့ရှိရင် တိုက် တာ
ခိုက်တာတွေ အကုန်လုံး ရှိကုန်ကြမှာ။ လုံခြုံရေးကို ထိခိုက်လာ နိုင်တယ်။
ထိခိုက်နိုင်တယ် ဆို တာက တော်လှန်မှုတွေ ရှိကြတယ်လေ။ လမ်းကြောင်းကောင်း
လို့ရှိရင် စစ်တပ်က လာပြီးတော့ တခါ တိုက်ပွဲတွေ၊ ဘာတွေ ဖြစ်မယ်။ နောက်
မူးယစ်ဆေး ကဏ္ဍတွေ ရှုတ်လာမယ်။ အဲဒါမို့လို့။ ဒါပေမယ့် ပြောလို့တော့ မရသေးဘူး။
ပူးပေါင်းအဖွဲ့က ဆိုတော့ နားထောင်နေရတယ်။ တခုခုဖြစ်ရင်တော့ အကုန်လုံး
ပိတ်မှာပဲ။"
ကယားပြည်နယ်အတွင်းရှိ
သစ်များကို ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းပါက သစ်တော
ပြုန်းတီးမှုဖြစ်ပွားပြီး ဒေသများအတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု
ကရင်နီ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းရေးအဖွဲ့ မှ တာဝန်ရှိသူ ကိုအောင်ငဲက
ပြောသည်။
"၀ဲကြီးက
ရေမြုပ်မယ့်ဒေသ အဲဒီဒေသတွေ ရောက်နေတယ်နော်။ နောက်ပြီးမှ ရွာသစ် ဆူးပိုက်မှာ
လည်း ရေကာတာဆောက်ဖို့ သူတို့အစီအစဉ်ရှိတာပေါ့နော်။ SPDC ရဲ့ ၀ပ်ဘ်ဆိုက်ဒ်
အချက်အလက် အရပေါ့။ ဆိုတော့ အဲဒါတွေကို မဆောက်ခင်မှာ သူတို့ သစ်ကို
ရှင်းလင်းလိုက်တဲ့ ပုံစံမျိုးရှိတယ် လေနော်။ အဲဒီနေရာတွေက တကယ့်ကို နှစ်ရှည်
ကျွန်းသစ်ပင် တွေ ရှိတဲ့နေရာတွေ ဖြစ်တယ်။ နောက် တောရိုင်းတိရိစ္ဆာန်တွေ အရင်က
တောဆင်တို့၊ ကျားတို့ အရမ်းများတဲ့ နေရာဒေသ ဖြစ်တယ်။ သစ်ထုတ်လုပ်မှုကြောင့်
သစ်ပင် ၀ါးပင်တွေ ကုန်ဆုံးသွားတာ မကဘူး သစ်ပင်ဝါးပင်တွေ တောင်မှ တကယ့်နှစ်ရှည်
ကျွန်းပင်တွေ ကုန်ဆုံး သွားတာ မက တောရိုင်းတိရိစ္ဆာန်တွေ မျိုးတုံးနိုင် မယ့်
အန္တရာယ်မျိုးမှာ ရှိနိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ စားကျက်က အဲဒီမှာပဲ
ကျန်တယ်လေ။ သူတို့ နေရာရွေ့ပြောင်းမှုတွေ ဖြစ်လာနိုင် တယ်။ တချိန်ထဲမှာပဲ အဲဒီ
သစ်ထုတ်လုပ်သူတွေရဲ့ ပစ်စား မှုကြောင့် ကုန်ခမ်းသွားနိုင်တဲ့ အနေအထားလည်း
ရှိလာနိုင်တာပေါ့။ ရေရှည်အကျိုးကြည့် ရင်တော့ ကျနော်တို့ လူထုအတွက် ဘာအကျိုးမှ
ရမှာမဟုတ်ဘူး။ "
သစ်ထုတ်လုပ်မှုကြောင့်
နှစ်ဖက် အာဏာပိုင်နှင့် စီးပွားရေးသမားများသာ အကျိုးအမြတ် ရှိလာနိုင်ပြီး ဒေသခံ
လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အတင်းအဓမ္မစေခိုင်း မှုများပါ
ဖြစ်ပေါ်လာနိုင်သဖြင့် ဒေသခံများ စိုးရိမ်မှုရှိနေသည်ဟု ကိုအောင်ငဲက ဆက်ပြောသည်။
|