မယ်လစခန်းအတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုပိုတိုးလာ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မတ်လ ၂ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအတွင်း သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားမှု ပိုတိုးလာသဖြင့် စိုးရိမ်ရ သည်ဟု စခန်းတွင်းတာဝန်ရှိသူများက ပြောသည်။

ယခုနှစ်ဦးပိုင်း ဇန္န၀ါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ယင်းရောဂါဖြစ်ပွားသူ ၉၄ ယောက်ရှိပြီး ယမန်နှစ်ကထက် ပိုတိုးလာသည့်အတွက် စိုးရိမ်ရသည်ဟု ဆေးရုံတာဝန်ခံ ဆရာစောနေဆဲက ယခုလိုပြောသည်။ 

“အခုတုတ်ကွေးတွေက ကျနော်တို့အတွက်လည်းစိုးရိမ်စရာဖြစ်တာပေါ့ဗျာ။ ဘာကြောင့်လည်းဆိုတော့ အခုမိုးရာသီမဟုတ်သေးဘူး၊ နွေရာသီမှာတောင် တုတ်ကွေးကဒီလောက် အများကြီးဖြစ်လာတော့ စိုး ရိမ်ရတာပေါ့။ ဥပမာ ဒီတုတ်ကွေးကနေ အခြားရောဂါတစ်ခုမှာ တွဲမယ်ဆိုရင် ကိုယ့်အတွက်တော့ အ န္တရာယ်ရှိတာပေါ့နော်။ H1 N1 တို့လို ကြက်ငှက် တုတ်ကွေးတို့လိုမျိုးနဲ့ တွဲလာလို့ရှိရင်တော့ ကျနော်တို့ မှာ အခက်အခဲရှိတာပေါ့နော်။” 

ယမန်နှစ် ဇူလိုင်လဆန်းပိုင်းမှစတင်၍ ဒီဇင်ဘာလအထိ ရောဂါဖြစ်ပွားသူ ၁၆၆ ဦးရှိပြီး ယခုနှစ်ဇန္န၀ါရီနှင့် ဖေဖော် ၀ါရီလအတွင်း ရောဂါဖြစ်ပွားသူ ၉၄ ဦးရှိသည်ဟု ဆေးရုံမှတ်တမ်း များကဆိုသည်။ 

လောလောဆယ် ရောဂါဖြစ်ပွား၍ မယ်လစခန်းအတွင်းဆေးကုသခံနေသူ ၁၁ ဦးရှိသည်။

ယင်းရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ရောဂါဖြစ်ပွားသူ၏အိမ်နှင့် ပတ်ဝန်းကျင်အိမ်များတွင် ခြင်ဆေးဖျန်းခြင်း၊ ရေ၀ပ်နေရာများအား သန့်ရှင်းခြင်းစသည့် ကာကွယ်မှုများပြုလုပ်ထားသော်လည်း ယခုထက်ပို၍ကောင်းမွန် သည့် ကာကွယ်မှုမျိုးလုပ်သင့်သည်ဟု ဆရာစောနေဆဲ က ပြောသည်။

နှစ်စဉ်ယခုလိုရာသီရောက်တိုင်း ယင်းရောဂါဖြစ်ပွားတတ်ပြီး လွန်ခဲ့သည့်တစ်လအတွင်းက ဖြစ်ပွားမှုသည်စိုးရိမ်ရ သည့် အခြေအနေရှိသည်ဟု စခန်းတာဝန်ခံ မန်းထွန်းထွန်းက ယခုလို ပြောသည်။

“ဟိုးလွန်ခဲ့တဲ့ မိုးဦးပိုင်းကဖြစ်တာတော့ ကျနော်တို့က ကြားတယ်လေ၊ ဒီသွေးလွန်တုတ်ကွေးနဲ့ ပတ် သက်ပြီးတော့။ အခုနောက်ပိုင်းအနေနဲ့ကတော့ ဒီတစ်လအတွင်းမှာ နည်းနည်းစိုးရိမ်ရတဲ့ အခြေအ နေမှာရှိတယ်။” 

ရောဂါဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်ထိသေဆုံးသူ မရှိသေးသော်လည်း ခြင်ကိုက်ရာမှ ရောဂါဖြစ်ပွားခြင်းဖြစ်၍ ကြို တင်ကာကွယ်မှုများမလုပ်ထားပါက ပိုဆိုးလာနိုင်သည်ဟု ဆရာစောနေဆဲက သုံးသပ်ပြောဆိုသည်။

မယ်လဒုက္ခသည်စခန်းအတွင်း လူဦးရေငါးသောင်းခန့်ရှိပြီး လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ကလည်း ယခုလိုရောဂါ တစ် ကြိမ်ဖြစ်ပွားခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။