ကော့သောင်းတွင် ည၁၁နာရီ နောက်ပိုင်းအပြင် မထွက်ရန်အမိန့်ထုတ်ပြန်ထား

နွယ်လေး။
ဇွန်လ၂ရက်၊၂၀၀၉ခုနှစ်။

မြန်မာနိုင်ငံ တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းတွင် ဒေသခံ အာဏာပိုင်များက ည ၁၁ နာရီ နောက်ပိုင်းမထွက်ရန် အမိန့်ထုတ်ပြန်ထားသည်။

ယခင်အပတ်မှစ၍ မြို့တွင်းတွင် ည ၁၁ နာရီ ကျော်လျှင် အရက်၊ ဘီယာနှင့် လက်ဘက်ရည် ဆိုင်များကို ဖွင့်ခွင့် မပြုကြောင်း ကော့သောင်းဒေသခံ ဆိုင်ပိုင်ရှင် တစ်ဦးက ယခုလိုပြောသည်။

“ည ၁၁နာရီ ထွက်မရဘူး လောလောဆယ်။ သူတို့က တရားဝင်တော့ မထုတ်ပြန်ဘူးလေ။ ဘီယာ ဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေ အဲချိန်ထိမရောင်းရဘူး။ ဆိုင်ကယ်တက္ကစီသမား တွေလဲ ၁၁နာရီ ကျော်ရင် ဖမ်းတယ်လို့ကြားတယ်။ တရားဝင်တော့ မထုတ်ပြန်ဘူး။ သူတို့ ဘာသာလိုက် အကြောင်း ကြားတာ။”

မေလ ၁၈ ရက်နေ့တွင် စက်လှေတိမ်းမှောက်ပြီး လူ ၁၁ ဦး သေဆုံးမှု ဖြစ်ပွားပြီးနောက် ကော့သောင်းသို့ ကုန်း လမ်း၊ ရေလမ်း၊ လေလမ်းကြောင်းမှ ရောက်ရှိလာသည့် ခရီးသည် များကို စစ်ဆေးပြီး အထောက်အထား ခိုင်လုံ စွာ မပြနိုင်သူ ၂၀၀ ကျော်အား အာဏာပိုင်များ က ရပ်ကွက်ရုံးများတွင် ထိန်းသိမ်းထားဆဲဖြစ်သည်။

ယင်းအမှုဖြစ်ပွားပြီး နောက်ပိုင်း ယခုကဲ့သို့ အမိန့်ကိုထုတ်ပြန် လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ညဘက်တွင် မထွက်ရဲကြသဖြင့် ယခင်ကထက် လူသွားလူလာ နည်းပါးနေသည်ဟု ကော့သောင်း ဒေသခံ တဦး က ပြောသည်။

“၁၀နာရီထိုးရင် လက်ဘက်ရည်ဆိုင်ကစ ပိတ်ရတယ်။ ဟိုးနေ့က လက်ဘက်ရည်တစ်ခွက်သောက်ချင် လို့ အိမ်နားကကလေး သွားဝယ်ခိုင်းတော့ ခုဆယ်နာရီထိုးလို့ဆိုင်ပိတ်တယ်။ ဘယ်ဆိုင်မှ မဖွင့်ရဘူး လို့ ပြောတယ်။”

လူဝင်လူထွက်များကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် စီးပွားရေးလုပ်ငန်းများ အဆင်မပြေဖြစ်ရ သည်ဟု  အခြား ဒေသခံ တဦးက ပြောသည်။

“နည်းနည်းတော့ ကျပ်သွားတာပေါ့ ကော့သောင်းမြို့က။ အရောင်းအ၀ယ် အေးသွားတယ်။ တက္ကစီ သမား၊ လှေသမားအားလုံး ညှိနေကြတယ် အားလုံးအားလုံး။ စီးပွားရေး အဆင်မပြေကြဘူး။”

လောလောဆည်တွင် လူကုန်ကူးမှု ပြသာနာများကြောင့် ကော့သောင်းဗျူဟာမှုးက ထိုင်းတစ်ဘက်ကမ်းသို့ တစ် ပတ်စာ သွားရောက် လည်ပတ်ခွင့်ပြုထားသည့် ယာယီ လက်မှတ်အား ပိတ်ပင်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။