|
မလေးရှား ထိန်းသိမ်းရေးစခန်းရှိ မြန်မာများ ဆန္ဒပြမှုဖြစ်
ဇော်ကြီး။
ဇူလိုင်လ ၂ ရက်၊ ၂၀၀၉ ခုနှစ်။
မလေးရှားနိုင်ငံရှိ
တရားမ၀င်နိုင်ငံခြားသားများအား ထိန်းသိမ်းထားသည့် စမုံညှင်းစခန်း အတွင်း၌
မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ယမန်နေ့ညက ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အာဏာပိုင်က
အကြမ်းနည်းဖြင့် ကိုင်တွယ်ဖြေရှင်း သည်ဟု သိရသည်။
စခန်းတွင်း ဆန္ဒပြမှု
ဖြစ်ပွားပုံနှင့်ပတ်သက်၍ မလေးရှားရှိ မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး
ကော်မတီ (BWRPC) မှ ကိုကျော်ထူးအောင်က ယခုလို ပြောသည်။
“ဟိုတနေ့က သူတို့ Camp ထဲမှာ နေမကောင်းတဲ့သူတွေကို ဆေးခန်းသွားပို့ဖို့ စာရင်း
တင်လိုက် တယ်။ တင်လိုက်တဲ့အထဲမှာ ဗမာနှစ်ယောက်က ပိုသွားတယ်။ ပိုသွားတဲ့
နှစ်ယောက်ကို ထောင်အာ ဏာပိုင်တွေက ဆေးခန်းလည်းမပြပေးဘူး။ နောက်ပြီး အဲဒီ
နှစ်ယောက်ကို အခန်းတံခါးပိတ်ပြီးတော့ ရိုက်တယ်။ ဆေးလိပ်မီးနဲ့တို့တယ်။ အဲဒါကို
ကျန်တဲ့ ဗမာတွေက မကျေနပ်ဘူး။ မကျေနပ်တော့ ကျန် တဲ့ ဗမာတွေက မနေ့ကတုန်းက သူတို့
လုပ်ရိုးလုပ်စဉ် တန်းစီတာတို့ဘာတို့ မလုပ်ပဲ ဆန္ဒပြတယ်။”
ထိုကဲ့သို့ဆန္ဒပြမှုကြောင့် မြန်မာနိုင်ငံသား အယောက်သုံးဆယ်ခန့်အား ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး UNHCR မှ လာရောက်တွေ့ဆုံသည်ဟုဆိုကာ
စခန်းအာဏာပိုင်များက ခေါ်ထုတ်၍ ရိုက်နှက်ပြီး အ ဆောင်ပြောင်းလိုက်သည့်အတွက်
အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
အဓိကရုဏ်းဖြစ်ပွားစဉ်
စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်အင်အား ၃၀၀ ခန့်ရောက်ရှိလာပြီး သေနတ် နှင့်
မျက်ရည်ယိုဗုံး များ ပစ်ဖောက်ကာ လူစုခွဲလိုက်သည်ဟုသိရသည်။
အခင်းဖြစ်ပွားစဉ်
ထိခိုက်ဒဏ်ရာရသူများနှင့် အဆောင်တွင်းမှခေါ်ထုတ်၍ ရိုက်နှက်ခံရသူ အယောက်သုံးဆယ်
အနက် ဒဏ်ရာပြင်းထန် သူများရှိသော်လည်း စခန်းတွင်း၌သာ ဆေးကုသပေးပြီး
ယခုနောက်ဆုံးအခြေအနေ အရ ပြန်လည်ငြိမ်သက်နေသည်ဟု သိရသည်။
စခန်းတွင်းကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍
“ကျန်းမာရေးစောင့်ရှောက်မှုကတော့ နေမကောင်းတဲ့ သူတွေ ဆေးခန်းပြခွင့်ရှိတယ်။
ဆေးခန်းမှာဆရာဝန်က နည်းနည်းပါးပါးစစ်ပြီး တော့ ကျန်တဲ့ဆေး ဘာဆေးမှမပေးဘူး။
ကိုက်ခဲရင်သောက်တဲ့ ဖယ်နယ်ဒေါ ဆိုတဲ့ဆေးတမျိုးပဲ ပေးတယ်။ ချောင်းဆိုး လည်း
ဒီဆေးပဲ၊ ဖျားလည်းဒီဆေးပဲပေးတယ်။” ဟု ကိုကျော်ထူးအောင် ကပြောသည်။
မလေးရှားနိုင်ငံသို့
တရားမ၀င် ၀င်ရောက်လာသည့် နိုင်ငံခြားသားများအား ဖမ်းဆီးမိပါက အာဏာပိုင်များမှ
ဥပ ဒေ အရ အပြစ်ပေးပြီး သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ
ထိန်းသိမ်းရေးစခန်းများ၌ ဆက်လက် ချုပ်နှောင် ထားရှိသည်။
စမုံညှင်းစခန်းအတွင်း၌
နိုင်ငံခြားသားအလုပ်သမား နှစ်ထောင်ခန့်ရှိသည့်အနက် မြန်မာ နိုင်ငံသား ထက်ဝက်
ကျော်ရှိသည်ဟု သိရသည်။
|